ငွေဆောင်မြို့နယ်ရှိ မြေသိမ်းခံပြည်သူခုနစ်ဦး၏ ဘိုးဘွားပိုင်မြေများကို သိမ်းဆည်းခဲ့သူနှစ်ဦးနှင့် အသိမ်းခံမြေများကိစ္စ ကန့်ကွက်နေသည့်ကြားမှ လယ (၃၀) ထုတ်ပေးခဲ့သူ ယခင် တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် မြေစာရင်းဦးစီးမှူးအား တိုင်းဒေသကြီး တရားလွှတ်တော်တွင် တရားစွဲဆိုရန် လျှောက်ထား

ငွေဆောင်မြို့နယ်ရှိ မြေသိမ်းခံပြည်သူခုနစ်ဦး၏ ဘိုးဘွားပိုင်မြေများကို သိမ်းဆည်းခဲ့သူနှစ်ဦးနှင့် အသိမ်းခံမြေများကိစ္စ ကန့်ကွက်နေသည့်ကြားမှ လယ (၃၀) ထုတ်ပေးခဲ့သူ ယခင် တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် မြေစာရင်းဦးစီးမှူးအား တိုင်းဒေသကြီး တရားလွှတ်တော်တွင် တရားစွဲဆိုရန် လျှောက်ထား
Published 1 March 2018

ငွေဆောင်မြို့နယ်ရှိ မြေသိမ်းခံပြည်သူ ခုနစ်ဦး၏ တို့ဘိုးဘွားပိုင်မြေများကို လာရောက်ကျူးကျော် ခြံခတ်သိမ်းဆည်းခဲ့သည်ဟုဆိုသော လုပ်ငန်းရှင်နှစ်ဦးနှင့် အသိမ်းခံမြေများကိစ ္စကန့်ကွက်ခြင်း၊ တရားရင်ဆိုင်ခြင်းများ ပြုလုပ်နေစဉ်မှာပင် လယ (၃၀) ပုံစံထုတ်ပေးခဲ့သည့် ယခင်ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် မြေစာရင်းဦးစီးမှူးတစ်ဦးအား တရားစွဲဆိုရန်အတွက် ဖေဖော်ဝါရီ ၂၈ ရက်က ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်သို့ လာရောက်လျှောက်ထားခဲ့ကြကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ငွေဆောင်မြို့နယ်ရှိ ဦးအေးမြင့်၊ ဦးအုန်းမြင့်၊ ဒေါ်မေရီမြင့်၊ ဒေါ်ငွေစု၊ ဦးခင်အောင်၊ ဦးဖိုးဝတုတ်၊ ဦးမြတ်ကျော်ဦး ပိုင်ဆိုင်သော နှစ်ပေါင်း ၄၀ ကျော် မြေခွန်ပြေစာများ ပေးဆောင်ထားသည့် ဘိုးဘွားပိုင်မြေ သုံးဧကကျော်အား ၂၀၁၂ ခုနှစ် အောက်တိုဘာတွင် လုပ်ငန်းရှင်နှစ်ဦးဖြစ်သည့် ဦးဇော်ဝင်းနှင့် ဦးသန်းဝင်းအောင်ဆိုသူနှစ်ဦးက လာရောက်ခြံစည်းရိုးခတ်ခဲ့ကြောင်း၊ ယင်းသို့ ခြံစည်းရိုးလာခတ်သည်ကို မူလမြေပိုင်ရှင်ခုနစ်ဦးက နိုင်ငံတော်သမ္မတနှင့် အခြားသော သက်ဆိုင်ရာဌာနများကို တိုင်ကြားပြီး တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ကြောင်း၊ သိမ်းဆည်းခံမြေယာများနှင့် ပတ်သက်၍ အငြင်းပွားနေစဉ်မှာပင် လာရောက်ခြံစည်းရိုးခတ်ခဲ့သူ ဦးဇော်ဝင်းနှင့် ဦးသန်းဝင်းအောင်တို့အား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်က ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂ ရက်တွင် လယဥပဒေပုဒ်မ ၂၉/၃၀ အရဆိုကာ ဥယျာဉ်ခြံမြေအား အခြားနည်းအသုံးပြုခွင့်အမိန့်ပုံစံ ၁၅ (က) ထုတ်ပေးခဲ့ကြောင်း၊ ယင်းသို့ လယ (၃၀) ပုံစံထုတ်ပေးမှုကြောင့် မူလပိုင်ရှင် မြေပိုင်ရှင်များက ဘိုးဘွားပိုင်မြေများအား ခြံစည်းရိုးခတ် သိမ်းဆည်းခဲ့သည့် ဦးဇော်ဝင်း၊ ဦးသန်းဝင်းအောင်အပါအဝင် လယ်ယာမြေအား အခြားနည်းသုံးစွဲ လယ (၃၀) ထုတ်ပေးခဲ့သည့် ယခင်တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်နှင့် မြေစာရင်းဦးစီးမှူး ဦးစန်းထွန်းတို့အား တရားမသီးခြားဥပဒေပုဒ်မ ၃၉ အရ တရားစွဲဆိုနိုင်ရန် တိုင်းဒေသကြီး တရားလွှတ်တော်သို့ လျှောက်ထားခဲ့ကြကြောင်း၊ မူလပိုင်ရှင် တောင်သူခုနစ်ဦး၏ တရားစွဲဆိုရန် လျှောက်ထားမှုမှာ သက်ဆိုင်ရာတရားသူကြီးတစ်ဦး နိုင်ငံခြားသို့ခရီးသွားနေသောကြောင့် တိုင်းတရားလွှတ်တော်က လက်ခံထားခြင်းမရှိသေးဘဲ မတ် ၃၀ ရက်တွင် ထပ်မံလျှောက်ထားရန် တင်ပြခဲ့ကြကြောင်း တရားစွဲဆိုရန် လာရောက်လျှောက်ထားသည့် မူလမြေပိုင်ရှင် ခုနစ်ဦးထံမှ သိရသည်။

“အခုလို တရားစွဲဆိုဖို့ဖြစ်လာတဲ့ အမှုဖြစ်စဉ်က ကျွန်တော်တို့ ဘိုးဘွားပိုင်မြေကြီးတွေကို ၂၀၁၂ ခုနှစ် ၁၀ လပိုင်းလောက်မှာ ပုသိမ်ဟိုတယ်က မန်နေဂျာ ဦးဇော်ဝင်းကနေပြီးတော့ ခြံခတ်ပြီးတော့ ကျူးကျော်လိုက်တယ်။ ကျူးကျော်လိုက်တဲ့အခါ ကျွန်တော်တို့က ဥပဒေအရ တရားရုံးမှာ ကျွန်တော်တို့ခုနစ်ဦးက တရားစွဲတယ်။ အဲဒီလိုတရားစွဲပြီးတော့ ကိုးလလောက်ဆိုရင် တရားရုံးကို ဘာရောက်လာလဲဆိုတော့ သူတို့က သူတို့ရဲ့ပိုင်ဆိုင်မှု လန (၃၉) ရှိပါတယ်ဆိုပြီးတော့ တရားရုံးကို တင်လာတယ်။ တင်လာတဲ့အခါကျတော့ ဦးဇော်ဝင်း တစ်ယောက်တည်းမဟုတ်ဘူး။ ဦးသန်းဝင်းအောင်နဲ့ နှစ်ယောက်တွဲပြီးတော့ တက်လာတယ်။ တရားရုံးမှာ ကျွန်တော်တို့က ကျွန်တော်တို့အစဉ်အဆက် နှစ်ပေါင်း ၄၀ ကျော်ဆောင်လာတဲ့ ပြေစာနဲ့ခုခံတယ်။ သူတို့က ကျွန်တော်တို့ဆီက ဝယ်ထားပါတယ်ဆိုတဲ့ ဆက်စပ်စာချုပ်ကြီးတွေနဲ့ တရားရုံးမှဖြစ်တယ်။ အဲဒီစာချုပ်တွေကို တရားရုံးကလက်မခံဘူး။ လယ ၃၀ ကြီးကတော့ တရားရုံးမှာ တည်မြဲနေတဲ့အတွက်မို့ ဒီလယ ၃၀ မပျက်ရင် ကျွန်တော်တို့အတွက် တအားနစ်နာဆုံးရှုံးတယ်။ အဲဒီတော့ ဒီလယ ၃၀ ကို ပယ်ဖျက်ဖို့အတွက် ထုတ်ပေးခဲ့တဲ့ ဦးအေးကျော်နဲ့ မြေစာရင်းဦးစီး ဦးဆန်းထွန်းကို တရားစွဲခြင်းဖြစ်ပါတယ်။ ဒီနေ့တရားရုံးမှာ တရားစွဲတော့ တရားရုံးကဘာခေါ်မလဲ။ တရားသူကြီးတစ်ဦးပေါ့။ နိုင်ငံခြားကိုရောက်နေလို့ သူစစ်ပြီးမှ အခုနှစ်ဦးကတော့ စစ်ပြီးပြီ။ အမှုတွဲကို သူပြန်ရောက်တော့မှ ဒီအမှုကို လက်ခံသင့်မခံသင့် ဆုံးဖြတ်ပေးမယ်ပေါ့။ မတ် ၃၀ ရက်လောက်ကို ပြန်ချိန်းထားတယ်” ဟု တရားစွဲဆိုရန် လာရောက်သူ တစ်ဦးဖြစ်သူ ဦးအေးမြင့်က ပြောကြားသည်။

မြေသိမ်းခံ ပြည်သူခုနစ်ဦးက ၎င်းတို့ဘိုးဘွားပိုင်မြေများကို လာရောက်ကျူးကျော်ခြံခတ်သည့် ကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတနှင့် အခြားသောသက်ဆိုင်ရာဌာနအသီးသီးကို တိုင်ကြားခဲ့ပြီး တိုင်ကြားစာများကို လက်ခံရရှိကြောင်း ပြန်လည်အသိပေးသည့် အကြောင်းပြန်စာများကိုပါ လက်ခံရရှိထားကြောင်း၊ မြေယာအငြင်းပွားမှုကို တိုင်းဒေသကြီးအစိုးရမှလည်း တရားရုံး၏ ဆုံးဖြတ်ချက်အတိုင်းသာ ဆောင်ရွက်ရန် ညွှန်ကြားမှုကြောင့် ယခုကဲ့သို့ တရားစွဲဆိုရခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent