၂၀၁၇ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်းအား ကန့်ကွက်ကြောင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဆန္ဒထုတ်ဖော်

၂၀၁၇ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်းအား ကန့်ကွက်ကြောင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဆန္ဒထုတ်ဖော်
Published 1 March 2018

၂၀၁၇ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်းအား ကန့်ကွက်ကြောင်း ဆန္ဒပြပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဖေဖော်ဝါရီ ၂၈ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆန္ဒပြပွဲကို ကချင်နိုင်ငံရေးပါတီ သုံးပါတီ၊ KNC၊ KDP၊ KSDP တို့က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး မြစ်ကြီးနားမြို့ မနောကွင်းမှစ၍ လူဦးရေ ၁၀၀ ခန့်ဖြင့် မြစ်ကြီးနားမြို့အတွင်း စီတန်းလှည့်လည်ဆန္ဒပြခဲ့ကြောင်း သိရသည်။

“အဓိကတော့ ၂၀၁၇ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေမူကြမ်းပေါ့။ ဥပဒေမူကြမ်းကို ကျွန်တော်တို့ဖတ်ကြည့်တဲ့အခါမှာ ဌာနေတိုင်းရင်းသားတွေ၊ ပြည်နယ်သူ ပြည်နယ်သားတွေအတွက်တော့ တန်းတူအခွင့်အရေးတွေ အရမ်းနည်းလွန်းတာကို ကျွန်တော်တို့ ဖတ်ရှုရတာပေါ့။ ကျွန်တော်တို့ ကချင်နိုင်ငံရေးပါတီများအနေဖြင့် မြစ်ကြီးနားမှာရှိတဲ့ စာပေနှင့် ရိုးရာယဉ်ကျေးမှုကော်မတီ၊ ဥပဒေပညာရှင်၊ လုပ်ငန်းရှင်များနဲ့ မြစ်ကြီးနားမှာရှိတဲ့ ကျောက်မျက်အသင်းတွေကိုခေါ်ပြီး ၂၀၁၇ ကျောက်မျက်ဥပဒေကြမ်းနဲ့ပတ်သက်ပြီး အကြိမ်ကြိမ်ဆွေးနွေးတယ်။ အစိုးရကလည်း ၂၀၁၇ သတင်းစာထဲမှာ သူတို့ရေးထားတာ။ ပြည်သူလူထုနားလည်ရန်၊ အကြံပြုရန်ဆိုပြီးမှ ပါရှိတယ်။ အဲဒါကြောင့်မို့ ပြည်သူ့လွှတ်တော်ကို ကျွန်တော်တို့ အကြံပြုချက်ခြောက်ချက် တင်သွင်းခဲ့တယ်။ ကျွန်တော်တို့ အကြံပြုချက် တင်ပြတဲ့အခါမှာ ပြည်သူ့လွှတ်တော်ကနေပြီး ဆွေးနွေးရအောင်ဆိုပြီး ၂၀၁၇ မေ ၁၆ ရက်မှာခေါ်တယ်။ ကျွန်တော်တို့သွားတဲ့အခါကျတော့ ဘာမှဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ ကြားနာရုံသက်သက်ပဲ။ ဆုံးဖြတ်ဖို့က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပဲ ဆုံးဖြတ်မယ်ဆိုပြီး ပြောလာတယ်။ နောက်တစ်ခေါက် သြဂုတ်လမှာ ပြန်ခေါ်တယ်။ ပြည်သူ့လွှတ်တော် အတွင်းရေးမှူး၊ ကော်မတီတွေနဲ့သွားတွေ့တယ်။ အဲဒီမှာလည်း ဘာမှဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ ဒါပေမဲ့ သူတို့လုပ်လာတာကျတော့ သြဂုတ် ၃ ရက်မှာတော့ ကချင်နိုင်ငံရေးပါတီများနဲ့ ပူးပေါင်းညှိနှိုင်းပြီးမှ အတည်ပြုသလိုလိုနဲ့ မှားယွင်းမှုကို သတင်းစာထဲမှာ ဖော်ပြလာတယ်။ ပြည်သူလူထုနဲ့ ကချင်နိုင်ငံရေးပါတီကြားမှာ အထင်လွဲမှားစေပြီးမှ ရန်တိုက်ပေးသလို ဖြစ်သွားတဲ့အခါကျတော့ ကျွန်တော်တို့က တစ်ခါထုတ်ပြန် ကြေညာချက်ထုတ်ပြန်ရတယ်။ ပြောချင်တာက ကျွန်တော်တို့က အကြိမ်ကြိမ်အခါခါ အကြံပြုတယ်။ သတင်းစာမှာက အကြံပြုဖို့ရေးထားတယ်။ အကြံပြုချက်တွေကိုလည်း ပြည်သူ့လွှတ်တော်က တစ်ခုမှအကောင်ထည်ဖော်တာ မတွေ့ရသေးဘူး။ ကျွန်တော်တို့ အချက်ခြောက်ချက် သွားတင်တဲ့အခါမှာ အသေးစား၊ အလတ်စား၊ လက်လုပ်လက်စားဆိုပြီး တင်ခဲ့တယ်။ အကြီးစားမပါဘူး။ အခုကျတော့ အကြီးစား ဧက ၅၀ နှစ်က ၁၀ ဆိုပြီးပေးလိုက်တယ်။ ကန့်ကွက်နေတဲ့ကြားက၊ အကြံပြုနေတဲ့ကြားက လုပ်ကွက်အကြီးစားတွေ သူတို့ကထုတ်ပေးလိုက်တယ်။ ဒါကြောင့်မို့ ဒီကနေ့ လမ်းပေါ်ထွက်ပြီး ဆန္ဒပြရခြင်းဖြစ်တယ်” ဟု ကချင်နိုင်ငံရေးပါတီ ပူးပေါင်းညှိနှိုင်းရေးကော်မတီ လူထုဆက်ဆံရေးတာဝန်ခံ ဦးဘရန်အောင်က ပြောကြားသည်။

အဆိုပါဆန္ဒပြပွဲတွင် ၂၀၁၇ ကျောက်မျက်ဥပဒေမူကြမ်းကို ကန့်ကွက်ကြောင်း ဗီနိုင်း၊ ပိုစတာကိုင်ဆောင်ပြီး “ကချင်ပြည်နယ် ကျောက်စိမ်း ကချင်နှင့် နိုင်ငံသားတိုင်းရင်းသားလက်ထဲ ရှိရေး ဒို့အရေး၊ အကြီးစားလုပ်ကွက် အလိုမရှိ၊ စက်ယန္တရားကန့်သတ်ရေး အမြန်လုပ်ပေးရေး ဒို့အရေး၊ ကျောက်ဥပဒေ အမြန်ပြဋ္ဌာန်းပေးရေး ဒို့အရေး၊ ကချင်လူမျိုးများနှင့် နိုင်ငံသားတိုင်းရင်းသားများ ကျောက်မျက်ထုတ်လုပ်ရေးကဏ္ဍ တန်းတူအခွင့်အရေးရရှိရေး ဒို့အရေး” စသည့် ကြွေးကြော်သံများဖြင့် ကြွေးကြော်ခဲ့ကြောင်း သိရသည်။

၂၀၁၇ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်းအား ပြင်ဆင်ခြင်းမရှိသေးသရွေ့ ဆက်လက်ဆန္ဒပြသွားမည်ဖြစ်ကြောင်းနှင့် မတ် ၁ ရက်တွင် ဖားကန့်မြို့၌ ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent