အခွန်ဆောင်ရင် ၂၅ ရာခိုင်နှုန်း၊ အခွန်ရှောင်ရင် သုံးရာခိုင်နှုန်း ကျောမွဲတွေကို ဆင်းရဲတွင်းနက်စေမယ့် ငွေမည်းလျှော်ဖွပ်တဲ့ ဥပဒေကြမ်းကို ဥပဒေကြမ်းပူးပေါင်းကော်မတီ အစီရင်ခံစာနဲ့ ဇွတ်အတင်း အတည်ပြုတော့မှာလား ...

အခွန်ဆောင်ရင် ၂၅ ရာခိုင်နှုန်း၊ အခွန်ရှောင်ရင် သုံးရာခိုင်နှုန်း ကျောမွဲတွေကို ဆင်းရဲတွင်းနက်စေမယ့် ငွေမည်းလျှော်ဖွပ်တဲ့ ဥပဒေကြမ်းကို ဥပဒေကြမ်းပူးပေါင်းကော်မတီ အစီရင်ခံစာနဲ့ ဇွတ်အတင်း အတည်ပြုတော့မှာလား ...
Published 1 March 2018

ရန်ကုန်မြို့ ပြည်လမ်းဝန်းကျင်ရှိ နေအိမ်တိုက်တာရုံးခန်းများကို တွေ့ရစဉ်

ငွေမည်းများကို လျှော်ဖွပ်စေသည့်ပုဒ်မဟု အဝေဖန်ခံနေရသော ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်း ပုဒ်မ ၂၅ နှင့်ပတ်သက်ပြီး စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေနှင့် ပိုင်ဆိုင်မှုများအတွက် ၂၀၁၉ ခုနှစ် မတ် ၃၁ ရက်အထိ ပထမခြောက်လကာလအတွင်း သုံးရာခိုင်နှုန်း၊ ဒုတိယခြောက်လကာလအတွင်း ငါးရာခိုင်နှုန်း စသည်ဖြင့် ကန့်သတ်ချက်များဖြင့် ဝင်ငွေခွန်ကျသင့်စေရမည်ဟု မူလအတိုင်း ရာခိုင်နှုန်းပြောင်းလဲခြင်းမရှိဘဲ ဥပဒေကြမ်းပူးပေါင်းကော်မတီက ဖေဖော်ဝါရီ ၂၈ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမှုအရ သိရသည်။

ဥပဒေကြမ်း၏ အခန်း (၈) အဖြစ် ကန့်သတ်ချက်ဖြင့် အခွန်သက်သာခွင့်ပြုခြင်း အခန်းတွင် မြန်မာနိုင်ငံသားများ၏ ပြည်တွင်း၊ ပြည်ပရှိ ပိုင်ဆိုင်မှုများဖော်ထုတ်ခြင်း၊ ပြန်လည်လွှဲပြောင်းခြင်းဖြင့် ဈေးကွက်အတွင်း ငွေကြေးလည်ပတ်မှုတိုးမြှင့်၍ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန်အတွက်လည်းကောင်း၊ နိုင်ငံတော်၏စီးပွားရေး ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်တင်စေရန်လည်းကောင်း၊ တရားမျှတမှုကိုအခြေခံသော အခွန်စနစ်တစ်ခု ဖော်ဆောင်ရန်အတွက် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် နိုင်ငံသားများ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် အတွက်လည်းကောင်း ပုဒ်မ ၂၅ တွင် မည်သို့ပင်ပြဋ္ဌာန်းထားစေကာမူ ပုဒ်မ ၃၄ ပါ စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေနှင့် ပိုင်ဆိုင်မှုများအတွက် ဤဥပဒေအကျိုးသက်ရောက်သည့်နေ့မှစ၍ ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များ နုတ်ပယ်ခွင့်မပြုဘဲ ၂၀၁၉ ခုနှစ် မတ် ၃၁ ရက်အထိ အောက်ပါကာလအလိုက် သတ်မှတ်ထားသည့် အခွန်နှုန်းများအတိုင်း ကန့်သတ်ချက်ဖြင့် ဝင်ငွေခွန်ကျသင့်စေရမည် (က) ပထမခြောက်လကာလအတွင်း သတ်မှတ်ဝင်ငွေ ကြေညာလွှာပုံစံဖြင့် တင်ပြလာသော ပုဒ်မ ၃၄၊ ပုဒ်မခွဲ (က) ပါ ကိစ္စရပ်အတွက် သုံးရာခိုင်နှုန်း၊ ပုဒ်မ ၃၄ (ခ) ပါ ကိစ္စရပ်အတွက် ငါးရာခိုင်နှုန်း၊ ပုဒ်မ ၃၄ (ဂ) ပါကိစ္စရပ်အတွက် ခုနစ်ရာခိုင်နှုန်း၊ (ခ) ပထမခြောက်လ ကုန်ဆုံးပြီးနောက် ဒုတိယခြောက်လကာလအတွင်း သတ်မှတ်ဝင်ငွေ ကြေညာလွှာပုံစံဖြင့် တင်ပြလာသော ပုဒ်မ ၃၄ (က) ပါ ကိစ္စရပ်အတွက် ငါးရာခိုင်နှုန်း၊ ပုဒ်မ ၃၄ (ခ) ပါ ကိစ္စရပ်အတွက် ခုနစ်ရာခိုင်နှုန်း၊ ပုဒ်မ ၃၄ (ဂ) ပါ ကိစ္စရပ်အတွက် ၁၀ ရာခိုင်နှုန်းဟု ပူးပေါင်းကော်မတီက ပြင်ဆင်ထားကြောင်း အစီရင်ခံစာ တင်သွင်းခဲ့သည်။

ထို့ပြင် ပုဒ်မ ၃၃ အရ ကန့်သတ်ချက်ဖြင့် အခွန်ကျသင့်စေရမည့် ဝင်ငွေနှင့်ပိုင်ဆိုင်မှုများမှာ အောက်ပါအတိုင်းဖြစ်သည်။ (က) ပြည်တွင်းနေနိုင်ငံသားနှင့် ပြည်ပနေနိုင်ငံသား၏ ပြည်ပမှဝင်ငွေရလမ်းတစ်ခုခု သို့မဟုတ် စီးပွားရေးလုပ်ငန်းတစ်ခုခုကို ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အခွန်ပေးဆောင်ရန် လစ်ဟင်းခဲ့သော သို့မဟုတ် လျော့နည်းပေးဆောင်ခဲ့သော ဝင်ငွေများ၊ (ခ) ဘဏ်၌အပ်နှံထားရှိသည့် ငွေကြေး၊ အစုရှယ်ယာထည့်ဝင်သည့် ငွေကြေး၊ (ဂ) နှစ်တစ်နှစ်အတွင်း ပြည်တွင်း၌ မြေ၊ အဆောက်အအုံနှင့် ယင်းအဆောက်အအုံ၏ အဓိကအစိတ်အပိုင်းများ အပါအဝင်ဖြစ်သော မရွှေ့မပြောင်းနိုင်သောပစ္စည်း သို့မဟုတ် ရွှေနှင့်အဖိုးတန်ပစ္စည်းများ အပါအဝင် ယာဉ်ကဲ့သို့သော ရွှေ့ပြောင်းနိုင်သောပစ္စည်းများ၊ ထိတွေ့ကိုင်တွယ်၍ရသော ပစ္စည်းများ၊ ထိတွေ့ကိုင်တွယ်၍မရသော ပစ္စည်းများကိုဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းတို့အတွက် အသုံးပြုသည့်ငွေကြေးများနှင့် လက်ဝယ်ရှိငွေကြေး၊ ပုဒ်မ ၃၅ တွင် ပုဒ်မ ၃၄ ပါ ပြဋ္ဌာန်းချက်များသည် တရားမဝင်သော နည်းလမ်းဖြင့် ရရှိသည့်ပစ္စည်းများပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းကို အရေးယူသည့် ဥပဒေအရလည်းကောင်း၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရလည်းကောင်း အရေးယူခြင်းအား ထိခိုက်မှုမရှိစေရဟု ပြင်ဆင်သင့်ကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီက သဘောထားမှတ်ချက်ပြုခဲ့သည်။

ဥပဒေကြမ်း၏ ပုဒ်မ ၃၆ တွင် ပုဒ်မ ၃၄ ပါဝင်ငွေများနှင့် ပိုင်ဆိုင်မှုပစ္စည်းများနှင့်စပ်လျဉ်းပြီး အခွန်ပေးဆောင်လိုသူသည် အောက်ပါအတိုင်းဆောင်ရွက်ရမည်။ (က)-(၁)ပိုင်ဆိုင်ပစ္စည်းအတွက် ဖော်ထုတ်တင်သွင်းခြင်းဖြစ်ပါက အခြေပစ္စည်းတည်ရှိရာ မြို့နယ်အခွန်ဦးစီးမှူးရုံး၊ အခြားကိစ္စရပ်များအတွက် ဖော်ထုတ်တင်သွင်းခြင်းဖြစ်ပါက အခွန်ထမ်းနေထိုင်ရာမြို့နယ်ရှိ သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၊ (ခ) ကြေညာလွှာတွင် ဖော်ပြရမည့်အခြေပစ္စည်း၊ ပစ္စည်းတန်ဖိုးနှင့်စပ်လျဉ်းပြီး မိမိဆန္ဒအလျောက် မိမိအမှန်သုံးစွဲခဲ့ရသည့် တန်ဖိုးကိုဖော်ပြရမည်။ ငွေသားကြေညာခြင်းနှင့် စပ်လျဉ်း၍ မိမိအမှန်တကယ်ပိုင်ဆိုင်သည့် လက်ဝယ်ရှိငွေကြေးနှင့် ဘဏ်တွင်အပ်နှံထားသည့် တန်ဖိုးပမာဏကိုဖော်ပြရမည်။ (ဂ) ကြေညာထားသည့် ငွေသား၊ အခြေပစ္စည်း၊ ပစ္စည်းတန်ဖိုးအပေါ် သက်ဆိုင်ရာကာလအလိုက် သတ်မှတ်ထားသည့် အခွန်နှုန်းများအတိုင်း သတ်မှတ်ကာလအတွင်း အကျေအလည်ပေးသွင်းရမည်။ အကျေအလည် ပေးသွင်းခြင်းမရှိပါက တင်သွင်းခဲ့သည့် ကြေညာလွှာကို ပျက်ပြယ်ပြီးဖြစ်သည်ဟု မှတ်ယူရမည်။ (ဃ) ဆန္ဒအလျောက်ကြေညာလွှာ တင်သွင်းခြင်းအတွက် အယူခံခွင့်၊ ပြန်အမ်းငွေ တောင်းခံပိုင်ခွင့်မရှိစေရ။ အပိုဒ် ၃၈ ဤအခန်းပါ ပြဋ္ဌာန်းချက်များသည် (က) ကန့်သတ်ချက်ဖြင့် အခွန်သက်သာခွင့်ပြုခြင်း ဖြစ်သဖြင့် ဝင်ငွေခွန်ဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်အရ ဒဏ်တပ်ရိုက်ခြင်း၊ တရားစွဲဆိုခြင်းမပြု။ (ခ) ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၉ ခုနှစ် မတ် ၃၁ ရက်အထိသာ အကျိုးသက်ရောက်စေရမည်ဟု ဥပဒေကြမ်းပူးပေါင်းကော်မတီက ပြင်ဆင်ထားသည်။

ဥပဒေကြမ်း၏ ပုဒ်မ ၂၅ တွင် ပြည်တွင်းနေနိုင်ငံသားနှင့် ပြည်ပနေနိုင်ငံသား၏ ပြည်ပမှဝင်ငွေရလမ်းတစ်ခုခု သို့မဟုတ် စီးပွားရေးလုပ်ငန်းတစ်ခုခုကို ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အခွန်ပေးဆောင်ရန် လစ်ဟင်းခဲ့သော သို့မဟုတ် လျော့နည်းပေးဆောင်ခဲ့သော ဝင်ငွေများ၊ နှစ်တစ်နှစ်အတွင်း ပြည်တွင်း၌ မြေ၊ အဆောက်အအုံနှင့် ယင်းအဆောက်အအုံ၏ အဓိကအစိတ်အပိုင်းများ အပါအဝင်ဖြစ်သော မရွှေ့မပြောင်းနိုင်သောပစ္စည်း သို့မဟုတ် ရွှေနှင့်အဖိုးတန်ပစ္စည်းများ အပါအဝင် ယာဉ်ကဲ့သို့သော ရွှေ့ပြောင်းနိုင်သောပစ္စည်းများ၊ ထိတွေ့ကိုင်တွယ်၍ရသောပစ္စည်းများ၊ ထိတွေ့ကိုင်တွယ်၍မရသော ပစ္စည်းများကိုဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်း၊ ရင်းနှီးမြှုပ်နှံခြင်း၊ အစုရှယ်ထည့်ဝင်ခြင်း စသည်တို့အတွက် အသုံးပြုသည့်ငွေကြေးများ၊ လက်ဝယ်ရှိ ငွေကြေးတို့နှင့်ပတ်သက်၍ အောက်ပါအခွန်နှုန်းများအတိုင်း အခွန်ကျသင့်စေရမည်။ ဝင်ငွေခွန်ဥပဒေအရ ဒဏ်ငွေတပ်ရိုက်ခြင်းမပြုရ။ သို့ရာတွင် တရားမဝင်ရရှိသည့် ပစ္စည်းများပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းတို့နှင့် လည်းကောင်း၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေအရ အရေးယူခြင်းကိစ္စရပ်များနှင့်လည်းကောင်း သက်ဆိုင်ခြင်းမရှိစေရ။ (က) ဤဥပဒေ အကျိုးသက်ရောက်နေ့မှစ၍ ပထမခြောက်လကာလအတွင်း သတ်မှတ်ထားသောပုံစံများဖြင့် တင်ပြလာသောကိစ္စရပ်များအတွက် သုံးရာခိုင်နှုန်း၊ (ခ) ပထမခြောက်လ ကုန်ဆုံးပြီးနောက် ဒုတိယခြောက်လကာလအတွင်း သတ်မှတ်ထားသောပုံစံများဖြင့် တင်ပြလာသော ကိစ္စရပ်များအတွက် ငါးရာခိုင်နှုန်းဟု မူလဥပဒေကြမ်းတွင် ပြဋ္ဌာန်းထားသည်။

ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက “အကြမ်းဖျင်းအားဖြင့် ပြောရမယ်ဆိုရင် နိုင်ငံသားအားလုံး ပြည်တွင်းမှာနေနေ၊ ပြည်ပမှာနေနေ ပြည်ပရှိတဲ့လုပ်ငန်းတွေက လုပ်ခဲ့တဲ့ငွေတစ်ခုခု၊ ပြည်တွင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကနေ ရတဲ့ဝင်ငွေ။ ဒီဝင်ငွေတွေနဲ့ ပတ်သက်လာလို့ရှိရင် ပထမခြောက်လမှာ ကြေညာမယ်ဆိုရင် သုံးရာခိုင်နှုန်း၊ ဒုတိယခြောက်လမှာ ကြေညာမယ်ဆိုရင်....။ ဒုတိယတစ်ခုက ဘဏ်မှာရှိတဲ့ငွေကြေးတွေရယ် ရှယ်ယာမှာထည့်ထားတဲ့ ငွေကြေးတွေရယ် ဒီလိုငွေကြေးတွေကျလို့ရှိရင် ပထမခြောက်လမှာ ငါးရာခိုင်နှုန်းနဲ့ ကောက်ခံမှာဖြစ်သလို၊ ဒုတိယခြောက်လမှာ ကြေညာမယ်ဆိုရင် ခုနစ်ရာခိုင်နှုန်းကောက်ခံဖို့ ကော်မတီက အဆိုပြုတင်ပြထားတာ ဖြစ်ပါတယ်။ တတိယအဆင့်ကတော့ အခြေခံအားဖြင့် မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေ၊ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေ၊ နောက်တစ်ခုက ရွှေငွေလက်ဝတ်ရတနာတွေ၊ လက်ဝယ်မှာရှိတဲ့ ငွေကြေးတွေ၊ ရင်းနှီးမြှုပ်နှံထားတဲ့ ငွေကြေးတွေ၊ ဒီငွေကြေးတွေနဲ့ ပတ်သက်လာလို့ရှိရင် ပထမခြောက်လမှာ ခုနစ်ရာခိုင်နှုန်း၊ ဒုတိယခြောက်လမှ ကြေညာမယ်ဆိုရင် ၁၀ ရာခိုင်နှုန်း။ ဒီလိုသုံးခုခွဲတဲ့အချိန်မှာ ပထမတစ်ခုက အခုမှဖြစ်တဲ့ ငွေကြေးတွေကို ဆိုလိုခြင်းပဲဖြစ်ပါတယ်။ ဒါတွေဟာ ရင်းနှီးမြှုပ်နှံမှုတွေထဲကို စီးဝင်လာနိုင်လာမယ့် မျှော်မှန်းရတဲ့ငွေကြေးတွေ ဖြစ်တဲ့အတွက် သူ့ကို အနိမ့်ဆုံးနှုန်း သုံးရာခိုင်နှုန်း၊ ငါးရာခိုင်နှုန်း သတ်မှတ်ခြင်းဖြစ်ပါတယ်။ ဒုတိယဖြစ်တဲ့ ဘဏ်မှာရှိတဲ့ငွေကြေးတွေ၊ ရှယ်ယာမှာထည့်ထားတဲ့ ငွေကြေးတွေကတော့ နိုင်ငံတော်ရဲ့ လည်ပတ်တဲ့ငွေမှာပါပြီး ဖြစ်နေတယ်။ ပါပြီးသားဖြစ်နေတဲ့အတွက် ဒုတိယအဆင့်အနေနဲ့ သတ်မှတ်ပြီးတော့ ငါးရာခိုင်နှုန်း၊ ခုနစ်ရာခိုင်နှုန်း သတ်မှတ်ခြင်းဖြစ်ပါတယ်။ တတိယတစ်ခုကတော့ ဝယ်ပြီးတဲ့ ရယူပြီးတဲ့ ပုံသေပိုင်ဆိုင်ပစ္စည်းတွေ၊ ရွှေငွေရတနာတွေ၊ ရှယ်ယာတွေ၊ နောက်တစ်ခုက လက်ဝယ်မှာရှိတဲ့ ငွေကြေးတွေ။ လက်ဝယ်မှာရှိတဲ့ ငွေကြေးတွေဟာ စီးပွားရေးလုပ်ငန်းတွေထဲမှာ လည်ပတ်နေတဲ့ ငွေကြေးလို့ပြောလို့မရဘူး။ အဲဒီလိုငွေတွေ၊ ဝယ်ပြီးတဲ့ ပုံသေပိုင်ဆိုင်ပစ္စည်းတွေ၊ ရွှေ့ပြောင်းနိုင်သော မရွှေ့ပြောင်းနိုင်သော ပစ္စည်းအားလုံးအတွက်ဆိုရင်တော့ ခုနစ်ရာခိုင်နှုန်းနဲ့ ၁၀ ရာခိုင်နှုန်းဆိုပြီးမှ အမျိုးအစားသုံးခုခွဲပြီးတော့ ပြည်ထောင်စုလွှတ်တော်က အဆိုပြုတင်ပြထားတာဖြစ်ပါတယ်။ ဒါက အတည်ဖြစ်မယ်၊ မဖြစ်ဘူးဆိုတာကတော့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်အပေါ်မှာ မူတည်တယ်။ လိုအပ်လို့ရှိရင် ဆွေးနွေးချက်တွေရှိလာမယ်။ မဲခွဲသင့်ရင်လည်း ခွဲပြီးတော့မှ နောက်ဆုံး ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြုလိုက်ပြီးမှသာလျှင် ဒီနှုန်းထားအတိုင်း အတည်ပြုသွားမှာဖြစ်ပါတယ်။ တကယ့်တကယ်ကတော့ စည်းကြပ်မှုက လွတ်ကင်းနေတဲ့ဝင်ငွေဆိုတာဟာ တစ်ကမ္ဘာလုံးနဲ့ကြည့်မယ်ဆိုရင် ဘယ်နိုင်ငံရဲ့ အခွန်ဥပဒေမှာမှမရှိဘူး။ ကျွန်တော်ရဲ့ ဝင်ငွေဥပဒေမှာဆိုရင် နံပါတ်တစ်လစာဝင်ငွေရှိတယ်။ နံပါတ်နှစ်စီးပွားရေးလုပ်ငန်းက ဝင်ငွေရှိတယ်။ အသက်မွေးဝမ်းကျောင်း ဝင်ငွေရှိတယ်။နောက်တစ်ခါ အခြေပစ္စည်းမှ မြတ်စွန်းတဲ့ဝင်ငွေတွေရှိတယ်။ နောက်တစ်ခုက အခြားရလမ်းကနေရတဲ့ဝင်ငွေ ခုနက အသက်မွေးဝမ်းကျောင်းလည်း မဟုတ်ဘူး။ စီးပွားရေးမဟုတ်ဘူး။ လစာလည်းမဟုတ်၊ အခြေပစ္စည်းလည်း မဟုတ်ဘဲရတဲ့ငွေဆိုပြီး ကျွန်တော်တို့မှာ ရှိသေးတယ်။ အဲဒီရဲ့နောက် ဘာရှိသေးလဲဆိုရင် စည်းကြပ်မှုမှ လွတ်ကင်းနေသောငွေဆိုပြီး ရှိသေးတယ်။ ဒါက ပြန်ကြည့်မယ်ဆိုရင် ဟိုတည်းကစည်းကြပ်မှုက လွတ်ကင်းနေသောငွေဆိုပြီး ခေါင်းစဉ်ပြောင်းလာကတည်းက ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင် မည်မည်ရရမရှိတဲ့ ငွေတွေအတွက် ခွင့်ပြုရတာပဲ။ တကယ် မည်မည်ရရရှိတဲ့ ငွေတွေဆိုရင် စကတည်းက စီးပွားရေးဆိုလည်း စီးပွားရေးခေါင်းစဉ်နဲ့ ဝင်ငွေခွန်ဆောင်မယ်။ အသက်မွေးဝမ်းကျောင်းဆိုလည်း အသက်မွေးဝမ်းကျောင်း ခေါင်းစဉ်နဲ့ ဝင်ငွေခွန်ဆောင်မယ်။ လစာဆိုရင် လစာဝင်ငွေခွန်ကိုဆောင်ကြရမှာပဲ။ တစ်ကမ္ဘာလုံးမှာကြည့်မယ်ဆိုရင် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေဆိုတာမရှိခဲ့ဘူး။ ဒါကို အစီရင်ခံစာထဲမှာလည်း ပါပါတယ်။ ၁၉၉၀ တုန်းက တစ်ကြိမ်၊ ၁၉၉၄ မှာ တစ်ကြိမ်၊ နောက်တစ်ခုက ၂၀၀၇ ကနေ ၂၀၁၂ လောက်အထိကိုလည်း တစ်ကြိမ် သက်သာခွင့်တွေ လျှော့ပေါ့ခွင့်တွေ အများကြီးပေးခဲ့ကြပြီးပြီ။ နောက်တစ်ခါ ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇ ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေမှာလည်း သက်သာခွင့်တွေ ပေးခဲ့ပြီးပြီ။ အမျိုးမျိုးပေးခဲ့ပြီးပြီ။ ဒါပေမဲ့ ရေရှည်မှာ ပြန်စဉ်းစားလိုက်လို့ရှိရင် ကျွန်တော်တို့ အခွန်နဲ့ပတ်သက်ပြီးတော့ ပြုပြင်ပြောင်းလဲရေးတွေလုပ်တဲ့အခါမှာ ကျွန်တော်တို့ရဲ့ အခွန်နှုန်းဟာ နိုင်ငံတကာမှာကောက်ခံနေတဲ့ အခွန်နှုန်းတွေပဲဖြစ်ရတော့မယ်။ ကျွန်တော်သိထားသလောက်က အသစ်တင်မယ့် အသစ်ပြဋ္ဌာန်းမယ့် ဝင်ငွေခွန်ဥပဒေမှာဆိုရင်တော့ ဝင်ငွေခွန်ဟာ သုံးမျိုးပဲရှိတော့မယ်။ နံပါတ်တစ် လစာဝင်ငွေ၊ နံပါတ်နှစ် စီးပွားရေးဝင်ငွေ ဒီမှာ အသက်မွေးဝမ်းကျောင်းလည်း ဝင်သွားလိမ့်မယ်။ နံပါတ်သုံးက အခြေပစ္စည်းတွေရောင်းဝယ်ချိန်မှာ ရတဲ့အမြတ်ဒီသုံးခုပဲ။ တစ်ကမ္ဘာလုံးမှာပဲ ဒီသုံးခုပဲကောက်တယ်။ ဒီသုံးခုပဲကောက်တော့မယ့် အနေအထားမှာ စည်းကြပ်မှုမှ လွတ်ကင်းနေသောငွေဟာ ဘယ်ခေါင်းစဉ်ထဲမှာ သွားထည့်တော့မလဲ။ လုံးဝထည့်စရာ ခေါင်းစဉ်မရှိတော့ဘူး။ မရှိတော့ ဒါက နိုင်ငံတော်အနေနဲ့လည်း ခုနက ပြန်စဉ်းစားတယ်ပေါ့နော်။ ဒုန်းဆိုဖြတ်လိုက်မယ့်အစား နောက်ဆုံးတစ်နှစ်အနေနဲ့ ကင်းလွတ်ခွင့်ပေးခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့က ၂၀၁၈ ထဲမှာပဲ ဝင်ငွေခွန်ဥပဒေသစ်ကို ပြဋ္ဌာန်းနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ အဲဒီလိုဆောင်ရွက်သွားတဲ့အခါမှာ ဝင်ငွေခွန်ဥပဒေပြဋ္ဌာန်းပြီးရင် ဒီစည်းကြပ်လွတ်နေသော ဝင်ငွေဆိုတာ မရှိတော့ဘူး။ အဲဒါကြောင့် ဝင်ငွေနဲ့ပတ်သက်ရင် သုံးမျိုးပဲရှိတော့မှာဖြစ်တဲ့အတွက် နောက်ဆုံးအခွင့်အရေးအနေနဲ့ စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေဆိုပြီး တစ်နှစ်ပေါ့။ ဒါတောင်မှ ကာလကန့်သတ်ချက်၊ ကန့်သတ်ချက်တွေ အများကြီးပေးထားရပါတယ်။ အကြောင်းအရာသုံးမျိုး ခွဲထားတယ်။ နှုန်းထားနဲ့ကန့်သတ်ထားတယ်။ နောက်တစ်ခါ ကာလနဲ့ကန့်သတ်ထားတယ်။ ကန့်သတ်ချက်တွေနဲ့ပဲ သက်သာခွင့်ပေးခြင်းပဲဖြစ်ပါတယ်” ဟု သတင်းထောက်များအား ပြောကြားသည်။

Most Read

Most Recent