ဟာသသရုပ်ဆောင် အောင်ရဲထွေး အုပ်စုဖွဲ့ ရိုက်နှက်အသတ်ခံရသည့် အမှုနှင့်ပတ်သက်၍ တရားလိုဘက်မှ တရားရုံးသို့ အမှုပိတ်သိမ်းပေးရန် တင်ပြခဲ့ကြောင်း သတင်းထွက်ပေါ်

ဟာသသရုပ်ဆောင် အောင်ရဲထွေး အုပ်စုဖွဲ့ ရိုက်နှက်အသတ်ခံရသည့် အမှုနှင့်ပတ်သက်၍ တရားလိုဘက်မှ တရားရုံးသို့ အမှုပိတ်သိမ်းပေးရန် တင်ပြခဲ့ကြောင်း သတင်းထွက်ပေါ်
Published 28 February 2018

အောင်ရဲထွေး အသတ်ခံရသည့် အမှုနှင့်ပတ်သက်၍ ကျူးလွန်သူသုံးဦးအား သင်္ဃန်းကျွန်းမြို့နယ်တရားရုံး၌ ဒုတိယအကြိမ် ရုံးထုတ်စဉ်

ဟာသသရုပ်ဆောင် အောင်ရဲထွေး အုပ်စုဖွဲ့ ရိုက်နှက်အသတ်ခံရသည့် အမှုနှင့်ပတ်သက်၍ တရားလိုဘက်မှ တရားရုံးသို့ အမှုအားပိတ်သိမ်းပေးရန် တင်ပြခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သည်။

အဆိုပါအမှုနှင့်ပတ်သက်၍ သေဆုံးခဲ့သူ၏ မိသားစုဝင်များက အမှုကိုပိတ်သိမ်းပေးရန် တရားရုံးသို့ တင်ပြခဲ့ကြောင်း တရားစွဲဆိုခံသူများ၏ ရှေ့နေတစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးချစ်ကိုကိုက ပြောကြားသည်။

“၁၆ ရက်ရုံးချိန်းမှာ တရားလိုဦးသန့်ဇင်ဦး လာတယ်။ အဓိကစစ်မေးခြင်းကို ဥပဒေအရာရှိဘက်က မေးတယ်။ တရားခံတွေဘက် ရှေ့နေတွေက အပြန်အလှန်မေးခွန်း မလုပ်ရသေးဘူး။ ၂၇ ရက်ကို ချိန်းလိုက်တယ်။ ၂၇ ရက်မှာတော့ ဥပဒေအရာရှိက ကျန်တာကိုဆက်စစ်တယ်။ ပြီးတော့ အမှုကို သူတို့ကဆက်မလုပ်ချင်တော့ဘူးဆိုပြီးတော့ တရားလိုတိုင်တန်းတဲ့ ဦးသန့်ဇင်ဦးအပါအဝင် သူ့ရဲ့အမေ ဒေါ်သန်းသန်းထွေး၊ သူ့ရဲ့အဖေ ဦးမြင့်ဦး၊ နောက်ညီတစ်ယောက်နဲ့ မိသားစုလေးယောက်လုံးက လက်မှတ်ထိုးပြီးတော့ ဒီအမှုကို ရုပ်သိမ်းကြောင်း ခရိုင်ဥပဒေရုံးကနေတစ်ဆင့်တင်တယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးချစ်ကိုကိုက ဇန်နဝါရီ ၂၇ ရက်ညနေပိုင်းက ပြောကြားသည်။

အဆိုပါတင်ပြချက်ကို ခရိုင်ဥပဒေရုံးမှ တိုင်းဥပဒေရုံးသို့ ဆက်လက်တင်ပြရမည်ဖြစ်ကြောင်း၊ ထို့မှတစ်ဆင့် တရားစွဲအဖွဲ့အစည်းဖြစ်သည့် ရဲတပ်ဖွဲ့ထံတို့မှ မှတ်ချက်များနှင့်ပတ်သက်ပြီး အမှုကိုရုပ်သိမ်းခွင့် ပြုသင့် မပြုသင့်ကို တရားသူကြီးက အမိန့်ချမည်ဖြစ်ကြောင်းနှင့် ယင်းသို့ဆောင်ရွက်နေချိန်အတွင်း လာမည့်ရုံးချိန်းများတွင် အမှုမှတရားလိုပြသက်သေများကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးချစ်ကိုကိုက ပြောကြားသည်။

အမှုရုပ်သိမ်းရခြင်းနှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၂၇ ရက်ညနေပိုင်းက တရားလိုနှင့် မိသားစုဝင်များနေထိုင်သည့် နေအိမ်သို့ သွားရောက်မေးမြန်းသော်လည်း မိသားစုဝင်အမျိုးသမီးတစ်ဦးက ၎င်းကိစ္စမှာ ကောလာဟလသာဖြစ်ကြောင်း၊ နေအိမ်တွင် တရားလိုဖြစ်သူ ကိုသန့်ဇင်ဦးမရှိကြောင်း ပြောကြားသည်။ ထို့ပြင် တရားလိုဖြစ်သူ ကိုသန့်ဇင်ဦးအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍မရခဲ့ပေ။ သို့သော် အမှုပိတ်သိမ်းခြင်းနှင့်ပတ်သက်၍ ကိုသန့်ဇင်ဦးက ကောလာဟလသာဖြစ်သည်ဟု ဖေဖော်ဝါရီ ၂၇ ရက်က မီဒီယာအချို့တွင် ပြောကြားထားကြောင်း သိရသည်။

ဟာသဗီဒီယိုများ သရုပ်ဆောင်ရိုက်ကူးပြီး Facebook ပေါ်တွင်တင်ရာမှ လူသိများလာသည့် ဟာသသရုပ်ဆောင် အောင်ရဲထွေးမှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက် (နှစ်သစ်ကူးနေ့) နံနက် ၄ နာရီခန့်တွင် ရည်းစားဖြစ်သူနှင့်အတူ သင်္ဃန်းကျွန်းမြို့နယ် ပေါ်ဆန်းမွှေးလမ်းရှိ The One Entertainment ဝင်းအတွင်းပြုလုပ်သော ပါတီပွဲသို့ရောက်ရှိစဉ် လူတစ်စုက ဝိုင်းဝန်းထိုးကြိတ် ကန်ကျောက်မှုကြောင့် သရုပ်ဆောင်အောင်ရဲထွေးမှာ ဒဏ်ရာများရရှိပြီး ရန်ကုန်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေစဉ် ဇန်နဝါရီ ၂ ရက် မွန်းလွဲ ၂ နာရီခန့်တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ ဝိုင်းဝန်းရိုက်နှက် ကန်ကျော်သူသုံးဦးအား ဖေဖော်ဝါရီ ၁ ရက်တွင် အရှေ့ပိုင်းခရိုင်တရားရုံး၊ ဒုတိယခရိုင်တရားသူကြီး (၆) တရားခွင်၌ ရာကြီးအမှတ် ၃၄/ ၂၀၁၈၊ လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရသည်။

Most Read

Most Recent