မြန်မာနိုင်ငံ၌ အကျဉ်းသားဦးရေ ၆၀၀၀၀ မှ ၈၀၀၀၀ အထိရှိပြီး အကျဉ်းသားဦးရေ၏ ၄၈ ရာခိုင်နှုန်းသည် မူးယစ်ဆေးသုံးစွဲသူများနှင့် ဆက်စပ်အမှုများ ကျူးလွန်ခြင်းကြောင့် အပြစ်ကျခံရသူများဖြစ်

မြန်မာနိုင်ငံ၌ အကျဉ်းသားဦးရေ ၆၀၀၀၀ မှ ၈၀၀၀၀ အထိရှိပြီး အကျဉ်းသားဦးရေ၏ ၄၈ ရာခိုင်နှုန်းသည် မူးယစ်ဆေးသုံးစွဲသူများနှင့် ဆက်စပ်အမှုများ ကျူးလွန်ခြင်းကြောင့် အပြစ်ကျခံရသူများဖြစ်
Published 28 February 2018

မြန်မာနိုင်ငံ၌ အကျဉ်းသားဦးရေ စုစုပေါင်း ၆၀၀၀၀ မှ ၈၀၀၀၀ ရှိပြီး လက်ရှိတည်ဆဲဥပဒေအရ အကျဉ်းထောင်များအတွင်း အကျဉ်းသား ဦးရေ၏ ၄၈ ရာခိုင်နှုန်းသည် မူးယစ်ဆေး သုံးစွဲသူများနှင့် ဆက်စပ်အမှုများ ကျူးလွန်ခြင်းကြောင့် အပြစ်ကျခံရသူများ ဖြစ်ကြောင်း တွေ့ရှိရသည်ဟု အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ အသစ်တွင် ဖော်ပြသည်။

မြစ်ကြီးနား၊ လားရှိုး စသည့်အချို့သော အကျဉ်းထောင်များတွင် မူးယစ်ဆေးမှုကြောင့် ကျသည့် အကျဉ်းသား ရာခိုင်နှုန်းမှာ ရာခိုင်နှုန်း ၇၀ မှ ရာခိုင်နှုန်း ၈၀ အထိ မြင့်မားစွာ ရှိသည်ကို တွေ့နိုင်ကြောင်း၊ ဤအချက်မှာ အကျဉ်းထောင်များ၏ ဘဏ္ဍာငွေ သုံးစွဲမှုသာမက စီမံခန့်ခွဲမှုအပိုင်းများတွင်ပါ ဝန်ထုပ်ဝန်ပိုး ဖြစ်စေလျက်ရှိကြောင်း အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒတွင် ဖော်ပြထားသည်။

ထို့ပြင် မူးယစ်ဆေး သုံးစွဲသူများအား ဥပဒေအရ တရားစီရင် အပြစ်ပေးခြင်းသည် ပြစ်မှုဆိုင်ရာ တရားစီရင်ရေး စနစ်ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေရုံသာမက အကျဉ်းချခြင်းခံရသော မူးယစ်ဆေးဝါး သုံးစွဲသူများ အပါအဝင် ၎င်းတို့၏ မိသားစုများနှင့် လူ့အဖွဲ့အစည်းအပေါ် ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ဆိုးကျိုးများ ကျရောက်စေလျက် ရှိသည်ကိုလည်း တွေ့ရကြောင်း မူဝါဒအသစ်တွင် ဖော်ပြထားသည်။

အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက ထုတ်ပြန်ထားသည်။

အစိုးရအနေဖြင့် လက်ရှိကျင့်သုံးနေသည့် မူးယစ်ဆေးဝါး မူဝါဒများအပေါ် ပြန်လည်သုံးသပ်၍ နိုင်ငံတကာ အတွေ့အကြုံကောင်းများကို ပေါင်းစပ်ကာ မြန်မာနိုင်ငံ၏ အခြေအနေများနှင့် ဆီလျော်ပြီး မြန်မာနိုင်ငံသားများ၏ လိုအပ်ချက်များနှင့် ပိုမိုကိုက်ညီမှုရှိသည့် မူဘောင်သစ်တစ်ရပ် ဖန်တီးရန်    ဆုံးဖြတ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒတွင် ပါရှိသည်။

အဆိုပါ အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒအသစ်၏ ရည်မှန်းချက်မှာ မူးယစ်ဆေးဝါးကြောင့် ဖြစ်ပေါ်လာသော ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အန္တရာယ်များကို အနိမ့်ဆုံးအဆင့်အထိ လျှော့ချခြင်းဖြင့် လုံခြုံပြီး ကျန်းမာသော လူ့အသိုင်းအဝိုင်းတစ်ခု တည်ဆောက်ရေးဖြစ်ကြောင်း ဆိုသည်။

ထို့အတူ ဖေဖော်ဝါရီ ၁၄ ရက်က မူးယစ်ဆေးဝါး သုံးစွဲသူများကို ထောင်ဒဏ်အစား လူမှုရေးပြစ်ဒဏ် ချမှတ်မည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။

 

Most Read

Most Recent