<

လူထုအခြေပြုခရီးသွားလုပ်ငန်း ဖော်ဆောင်ရန် ပြင်ဆင်နေသော ဂေါ်ရန်ဂျီဒေသတွင် တရားမ၀င် ကျောက်ထုတ်လုပ်ခြင်း၊ ပင်လယ်သဲ တူးဖော်ခြင်းများ လုပ်ဆောင်နေပြီး သဲကျောက်ကားများ ဖြတ်သန်းမှုကြောင့် ကျေးရွာလမ်းများပါပျက်စီး

ဧရာဝတီတိုင်းဒေသကြီး ဂေါ်ရန်ဂျီဒေသတွင် ကျောက်ထုတ်လုပ်ရေး လုပ်ငန်းသုံး သဲကျောက်ကားအချို့ကို ယခုရက်ပိုင်းအတွင်း တွေ့ရစဉ်

လူထုအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်ရန် ပြင်ဆင်နေသော ဂေါ်ရန်ဂျီကျွန်း ဒေသအနီးရှိ ကြွေချိုင်ကျေးရွာနှင့် နံသာပုကျေးရွာတို့မှ သဲသောင်ပြင်များနှင့် တောင်များပေါ်တွင် တရားမ၀င် သဲတူးဖော်ခြင်း၊ ကျောက်မိုင်းခွဲ၍ ကျောက်ထုတ်လုပ်ခြင်းများကို ဒေသခံအချို့နှင့် စီးပွားရေး လုပ်ငန်းရှင် အချို့က လုပ်ဆောင်လျက်ရှိပြီး သဲကျောက်တင်သည့် ကားများက ကျေးရွာလမ်းများပေါ်တွင် ဖြတ်သန်းသွားလာမှုကြောင့် လမ်းပိုင်းပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

ဂေါ်ရန်ဂျီဒေသတွင် သဲကျောက်တင်သည့် ယာဉ်တစ်စီး ဖြတ်သန်းသွားလာစဉ်

ကြွေချိုင်ကျေးရွာရှိ ကြွေချိုင်တောင်၊ နံသာပုကျေးရွာနှင့် ကြွေချိုင်ကျေးရွာအကြား ကျောက်တောင်နှင့် ငရုတ်ကောင်းမြို့နှင့် ဂေါ်ရန်ဂျီကျွန်းအကြားရှိ စမ်းချောင်းဒေသတွင် ဒေသခံအချို့နှင့် စီးပွားရေး လုပ်ငန်းရှင်အချို့က တရားမ၀င်ကျောက်များ တူးဖော်ခြင်း၊ ကျောက်မိုင်းများခွဲခြင်း ပြုလုပ်ကာ ကျောက်ထုတ်လုပ် လျက်ရှိကြောင်း၊ ပင်လယ်ကမ်းစပ်ရှိ သဲသောင်ပြင်များတွင်လည်း သဲများတူးဖော်ပြီး မော်တော်ယာဉ်ကြီးများဖြင့် သယ်ယူ၍ ငရုတ်ကောင်းဒေသတွင် စီမံကိန်းများ လုပ်ဆောင်နေသည့် လုပ်ငန်းရှင်များထံ ရောင်းချမှုများ ရှိနေကြောင်း၊ ကျေးရွာအတွင်းရှိ ဒေသခံများ ဖောက်လုပ်ထားသော မြေသားလမ်းများကိုသာ အသုံးပြု သွားလာနေသောကြောင့် လမ်းပိုင်းပျက်စီးခြင်းများကိုပါ ဆက်လက် ကြုံတွေ့နေရသည်။

ပျက်စီးနေသော ကျေးရွာလမ်းပိုင်း အချို့ကို တွေ့ရစဉ်

“သဲတွေက တူးနေတာ အရင်ရက်က တော်တော်ဆိုးတယ်။ ဒီရက်ထဲကျတော့ သတင်းတွေပွလာတော့ သူတို့ရပ်လိုက်ကြတယ်။ ကျောက်ကတော့ မိုင်းတွေခွဲပြီး ထုတ်နေတာ။ သူတို့ ကျောက်မိုင်းခွဲနေတာကို ကမ်းခြေလောက်ကအစ ကြားရတယ်။ အခုထိလည်း ထုတ်နေတုန်းပဲ။ သဲတွေကျောက်တွေကို သူတို့က စီမံကိန်းတွေမှာ ရောင်းနေတာ။ အဲဒီကားကြီးတွေက ကျွန်တော်တို့ ဒေသခံတွေ ကုန်ပစ္စည်းတင်တဲ့ ကားလေးတွေ အိမ်စီးကားလေးတွေပဲ သွားလာဖို့ ဖောက်ထားတဲ့ လမ်းကိုပဲ အသုံးပြုသွားတယ်။ အရမ်းအကြမ်း မောင်းကြတယ်။ သူတို့သွားတာများတော့ လမ်းတွေလည်း ပျက်ကုန်တယ်။ တစ်ရွာလုံးလဲ ဖုန်တွေချည်းပဲ။ လမ်းဘေးအိမ်တွေက ကလေးတွေဆို အိမ်ထဲက အိမ်ပြင်တောင် သိပ်မထွက်ရဲဘူး။ ကားတွေက အသွားအလာ များလွန်းတာရယ်၊ ဖုန်တွေများလွန်းတာရယ်မို့” ဟု ကြွေချိုင်ကျေးရွာဒေသခံ ကိုနေဇာက ပြောကြားသည်။

တရားမ၀င် ကျောက်ထုတ်လုပ်မှုနှင့် သဲများတူးဖော်ရောင်းချမှုကို ကွင်းဆင်းစစ်ဆေးခဲ့သည့် ငပုတောမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က “သဲတွေ တူးနေတယ်။ ကျောက်တွေ ထုတ်နေတယ်ဆိုလို့ သွားရောက် စစ်ဆေးလိုက်တော့ ထုတ်နေတာတွေကို လုပ်ဆောင်နေသူတွေကို စိစစ်ဖို့ တားမြစ်ဖို့ အရေးယူ ဆောင်ရွက်ဖို့ ကျွန်တော်ပြောခဲ့ပါတယ်။ ဒီတွေ့ရှိတာကို အစိုးရအဖွဲ့ကိုလည်း တင်ပြသွားမှာပါ” ဟု ပြောကြားသည်။

 

February 27, 2018














Copy Protected by Chetan's WP-Copyprotect.