နှစ်နှစ်ငါးလကျော်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်သတ်ဖြတ်သူကို မတ္တရာမြို့နယ် တရားရုံးတွင် စတင်ရုံးထုတ်

နှစ်နှစ်ငါးလကျော်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်သတ်ဖြတ်သူကို မတ္တရာမြို့နယ် တရားရုံးတွင် စတင်ရုံးထုတ်
Published 28 February 2018

မိန်းကလေးငယ်အား အဓမ္မပြုကျင့် သတ်ဖြတ်သူကို မတ္တရာမြို့နယ် တရားရုံးတွင် စတင်ရုံးထုတ်စဉ်

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် အသက် နှစ်နှစ်ငါးလကျော်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူ ဖြိုးထက်အောင်ကို ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းက မတ္တရာမြို့နယ် တရားရုံးတွင် ရုံးထုတ်ရမန်ရယူခဲ့ကြောင်း သိရသည်။

အသက် နှစ်နှစ်နှင့် ငါးလကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူ ဖြိုးထက်အောင်ကို မတ္တရာမြို့နယ် တရားရုံးတွင် ရုံးထုတ်ရမန်ထပ်ယူခဲ့ကာ အဆိုပါ ရုံးထုတ်ရာသို့ ကလေးငယ်၏ မိသားစုဝင်များ မြို့ခံများ လာရောက်စောင့်ကြည့်ခဲ့ကြပြီး နောက်ထပ်ရုံးချိန်းကို မတ် ၁၂ ရက် တွင် ပြင်ဦးလွင်ခရိုင်တရားရုံးသို့ ပြောင်းရွှေ့ကာ စတင်တရားစွဲဆိုမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

“ဒီနေ့မနက်ပိုင်းမှာ မတ္တရာမြို့နယ် တရားရုံးမှာ ဖြိုးထက်အောင်ကို ရုံးထုတ်ရမန်ယူတယ်။ နောက်ထပ်ရုံးချိန်းကိုတော့ ပြင်ဦးလွင်မှာ စစ်မယ်လို့ သိရတယ်။ ကျွန်မတို့ကတော့ နောက်ထပ်အခုလို သက်ငယ်မုဒိမ်းမှုတွေ လျော့နည်းပပျောက် သွားစေဖို့အတွက် သူ့ကိုသေဒဏ် အပြစ်ပေးစေချင်ပါတယ်” ဟု အဓမ္မပြုကျင့် သတ်ဖြတ်ခြင်း ခံခဲ့ရသည့် ကလေးငယ်၏ အဒေါ်ဖြစ်သူက ဆိုသည်။

ထို့ပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်က အဆိုပါ မိန်းကလေးငယ် အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရမှုအပေါ် ကျူးလွန်သူ ဖြိုးထက်အောင်ကို သေဒဏ်အပြစ်ပေးရေးနှင့် သက်ငယ်မုဒိမ်း ကျူးလွန်သူများနှင့် လူသတ်မုဒိမ်းမှု ကျူးလွန်သူများကို ပြင်းထန်သည့်ပြစ်ဒဏ် ချမှတ်ပေးရေး သို့မဟုတ် သေဒဏ်အပြစ်ပေးရေးအတွက် မိသားစုဝင်များ၊ ဒေသခံများနှင့် မြို့ခံများ အစရှိသည့် ဒေသခံအင်အား ၂၀၀၀ ဝန်းကျင်ခန့်က မတ္တရာမြို့ပေါ်တွင် တောင်းဆိုဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။ အဆိုပါ ဆန္ဒထုတ်ဖော်ပွဲသို့ တက်ရောက်လာသည့် မိန်းကလေးငယ်၏ ဖခင်ဖြစ်သူကလည်း ကျူးလွန်သူကို သေဒဏ်အပြစ်ပေးရန် အတွက် တောင်းဆိုခဲ့သည်။

“ကျွန်တော်တို့ မိဘတွေ ခံစားနေရသလိုမျိုး အခြားသူတွေကို နောက်ထပ်မခံစားစေချင်ပါဘူး။ အခု မုဒိမ်းမှု ကျူးလွန်ခဲ့တဲ့သူကို လူအများ မြင်ကွင်းရှေ့မှာ သူ့ကိုသေဒဏ်ပြစ်မှုကို ပေးစေချင်တယ်။ ကျွန်တော်တို့ မျက်စိရှေ့မှာ သေဒဏ်အပြစ်ပေးတာကို မြင်ချင်တယ်ဗျာ။ အမှုကိုလည်း ဥပဒေနဲ့အညီ ဆောင်ရွက်ပေးကြပါလို့ တောင်းဆိုချင်ပါတယ်။ အခု ကျွန်တော် အရမ်းခံစားနေရတယ်ဗျာ။ အခြားသူတွေကိုလည်း မခံစားစေချင်ဘူး။ အခုလို ကျူးလွန်ခဲ့တဲ့သူကို အများပြည်သူမြင်ကွင်းမှာ သေဒဏ်စီရင်တာကို မြင်ခွင့်ရမယ်ဆိုရင် အရမ်းကောင်းမယ်ဗျာ။ ဒါကြောင့် ကျူးလွန်ခဲ့တဲ့သူကို သေဒဏ်ပေးစေချင်တယ်။ နောက်နောင်မှာ ကျွန်တော်တို့လို မိဘတွေ မခံစားရအောင် သေဒဏ်ချမှတ်ပေးစေချင်သလို အခုအမှုကိုလည်း ဥပဒေနဲ့အညီ အမြန်ဆုံး ဆောင်ရွက်ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရသည့် နှစ်နှစ်အရွယ် ကလေးငယ်၏ ဖခင်ဖြစ်သူ ဦးလှိုင်ဇင်မြင့်က ပြောကြားသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၃ ရက်က မတ္တရာမြို့နယ် ဥဒိန်ကျေးရွာအုပ်စု မြွေကူးတိုးဆိပ်ကျေးရွာနေ အသက် နှစ်နှစ်ကျော်အရွယ် မိန်းကလေးငယ်အား ဝန်စုကျေးရွာနေ အသက် ၂၅ နှစ်အရွယ် ဖြိုးထက်အောင်က ကလေးငယ်အား ပွေ့ချီ၍ ကျေးရွာအနီးရှိ ငှက်ပျောတောထဲတွင် အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ ကလေးငယ်ကို အဓမ္မပြုကျင့်ရာတွင် ကလေးငယ်၏ ပါးစပ်အတွင်းသို့ ငှက်ပျောသီးများ အပြည့်ထည့်၍ ကလေးငယ် မအော်ဟစ်နိုင်ရန်အတွက် ပြုလုပ်ခဲ့ပြီး ကလေးငယ်ကို သတ်ဖြတ်ကာ အဓမ္မပြုကျင့်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ အခင်းဖြစ်စဉ် မှတ်တမ်းများအရ သိရသည်။ ထိုသို့ကလေးငယ်ကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူ ဖြိုးထက်အောင်ကို ရေနံ့သာနယ်မြေရဲစခန်းက (ပ) ၂၆/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆/၃၀၂ ဖြင့် အမှုဖွင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent