မြန်မာနိုင်ငံ၏ ဆီ စားသုံးမှုနှုန်း နှစ်စဉ်တန်ချိန် ၁ ဒသမ ၁ သန်းခန့်ရှိပြီး ပြည်ပမှ စားသုံးဆီတန်ချိန် ၇၀၀၀၀ ခန့် လစဉ်တင်သွင်းနေရဟုဆို

မြန်မာနိုင်ငံ၏ ဆီ စားသုံးမှုနှုန်း နှစ်စဉ်တန်ချိန် ၁ ဒသမ ၁ သန်းခန့်ရှိပြီး ပြည်ပမှ စားသုံးဆီတန်ချိန် ၇၀၀၀၀ ခန့် လစဉ်တင်သွင်းနေရဟုဆို
Published 27 February 2018

မြန်မာနိုင်ငံ၏ ဆီစားသုံးမှုနှုန်းသည်  နှစ်စဉ် တန်ချိန် ၁ ဒသမ ၁ သန်းခန့်ရှိပြီး ပြည်ပမှ လစဉ် ပုံမှန် စားသုံးဆီတန်ချိန် ခုနှစ်သောင်းခန့်အထိ တင်သွင်းနေရကြောင်း ဖေဖော်ဝါ ရီ ၂၅ ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း၊ ပထမအကြိမ် အသင်းသား စုံညီနှစ်ပတ်လည်အခမ်းအနားတွင် မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း ဥက္ကဋ္ဌ ဦးခင်စိုးက ပြောကြားသည်။

“မြန်မာနိုင်ငံ ဆီစားသုံးမှုနှုန်း တန်ချိန် ၁ ဒသမ ၁ သန်းခန့်ရှိပြီး လစဉ် စားသုံးဆီ တန်ချိန် ၇၀၀၀၀ ခန့် တင်သွင်းနေရတယ်” ဟု မြန်မာနိုင်ငံဆီ စက်ပိုင်ရှင်များအသင်း ဥက္ကဋ္ဌ ဦးခင်စိုးက ပြောကြားသည်။

ပြည်တွင်း၌ စားသုံးဆီထုတ်လုပ်မှု ဖူလုံစေရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကို ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ရည်မှန်းချက်ထားပြီး အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း ဆက်လက်ပြောကြားသည်။

ဆီစက်လုပ်ငန်းရှင်များ ကြုံတွေ့နေရသော အခက်အခဲများကို ယခုအစည်းအဝေးတွင် ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း၊ အသင်းအနေဖြင့် အလားတူ နိုင်ငံတကာအသင်းအဖွဲ့များနှင့်ချိတ်ဆက်၍ မိမိတို့ထုတ်ကုန်များကို ပြည်ပသို့ တင်ပို့နိုင်သည့်အထိ မျှော်မှန်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောကြားသည်။

ထို့ပြင် စက်မှုဝန်ကြီးဌာနအနေဖြင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  လိုအပ်သော နည်းပညာများရရှိစေရန်နှင့် ကုန်ကြမ်း၊ ကုန်ချော သိုလှောင်ရုံများ၊ အခြောက်ခံစက်များနှင့် စက်ပစ္စည်းအစိတ်အပိုင်းများကိုလည်း ပုဂ္ဂလိကနှင့်ပူးပေါင်း၍ ထုတ်လုပ် ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ပြည်တွင်းစားသုံးဆီဈေးကွက်အတွင်း  မြေပဲဆီတစ်ပိဿာလျှင် ကျပ် ၄၂၀၀၊ နှမ်းဆီ တစ်ပိဿာလျှင် ကျပ် ၃၈၀၀၊ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၁၆၅၀ ရှိကြောင်း ဖေ ဖော်ဝါရီ ၂၃ ရက်က ဘုရင့်နောင်ကုန်စည်ဒိုင်မှ ထုတ်ပြန်သည့် ဈေးနှုန်းများအရ သိရသည်။

Most Read

Most Recent