‘Myanmar Genocide’ ဟု ခေါင်းစဉ်တပ်ထားသော Berlin Conference ဆွေးနွေးပွဲသို့ မြန်မာအစိုးရ၏ UEHRD ညှိနှိုင်းရေးမှူးချုပ် အပါအဝင် အဖွဲ့ဝင်ရှစ်ဦး တက်ရောက်ခွင့် ပယ်ချခံရ

‘Myanmar Genocide’ ဟု ခေါင်းစဉ်တပ်ထားသော Berlin Conference ဆွေးနွေးပွဲသို့ မြန်မာအစိုးရ၏ UEHRD ညှိနှိုင်းရေးမှူးချုပ် အပါအဝင် အဖွဲ့ဝင်ရှစ်ဦး တက်ရောက်ခွင့် ပယ်ချခံရ
Published 27 February 2018

ဖေဖော်ဝါရီ ၂၆ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး အဖွဲ့ရုံးတွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ်စဉ်

ဂျာမနီနိုင်ငံ ဘာလင်မြို့၌ ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ကျင်းပမည်ဖြစ်သော “The Berlin Conference on Myanmar Genocide ” ဆွေးနွေးပွဲသို့ မြန်မာအစိုးရက ဖွဲ့စည်းထားသည့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး ပြည်ထောင်စုစီမံကိန်း (UEHRD) ကော်မတီမှ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက် အပါအဝင် အဖွဲ့ဝင်ရှစ်ဦး တက်ရောက်ခွင့် ပယ်ချခံရကြောင်း သတင်းရရှိသည်။

ထိုကဲ့သို့ ပိတ်ပင်ခံခဲ့ရခြင်းနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၂၆ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး အဖွဲ့ (Myanmar Institute of Strategic and International Studies)တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

သတင်းစာရှင်းလင်းပွဲသို့ (UEHRD) မှ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဂျေယောဝူ၊ ဒေါက်တာထွန်းသူရသက်နှင့် ညီလာခံတက်ရောက်ရန် စီစဉ်ထားသူများ တက်ရောက်ရှင်းလင်းခဲ့ပြီး သံတမန်များနှင့် ပြည်တွင်း၊ ပြည်ပ မီဒီယာများ တက်ရောက်ခဲ့သည်။

ဒေါက်တာအောင်ထွန်းသက် အပါအဝင် ရှစ်ဦးတို့သည် Berlin Conference ဆွေးနွေးပွဲသို့ မည်သည့်အစိုးရ၊ မည်သည့်အဖွဲ့အစည်းမှ စေလွှတ်ခြင်းမရှိဘဲ မြန်မာပြည်သူပြည်သား များ၏အသံအနေဖြင့် တက်ရောက်ရန် ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း၊ တက်ရောက်ရန်အတွက် ကိုယ်စားလှယ်စာရင်းအား ဖေဖော်ဝါရီ ၂၂ ရက်တွင် ပွဲစီစဉ်ကျင်းပမည့်သူများထံသို့ အကြောင်းကြားခဲ့ပြီး ခွင့်ပြုချက်လည်း ရခဲ့ကြောင်း၊ သို့သော် Berlin Conference ဆွေးနွေးပွဲတက်ရောက်ရန် ဂျာမနီနိုင်ငံသို့ ထွက်ခွာမည့်နေ့တွင်ပင် အဆိုပါပွဲစီစဉ်ကျင်းပသူများက တက်ရောက်ရန် နေရာမရှိတော့ဟု အပေါ်ယံအကြောင်းပြ၍ တက်ရောက်ခွင့်ကို ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှ သိရသည်။

UEHRD တွင် ညှိနှိုင်းရေးမှူးချုပ်အနေဖြင့် တာဝန်ထမ်းဆောင်နေသော ဒေါက်တာအောင်ထွန်းသက်က တက်ရောက်ခွင့် ပယ်ချခံရသည့်ဖြစ်ရပ်၊ ပွဲ၏ခေါင်းစဉ်ကို Myanmar Genocide ဟု တပ်ထားခြင်း၊ ပွဲတွင် တက် ရောက်ပြောကြားမည့် လူစာရင်းများကို ကြည့်ခြင်းအားဖြင့် ရခိုင်ပြည်နယ်၌ဖြစ်ပွားခဲ့သည့် လွန်စွာ ရှုပ်ထွေးသော ဖြစ်စဉ်များအား နိုင်ငံတကာအသိုင်းအဝိုင်းတွင် အဆိုးဆုံးပုံသဏ္ဌာန် ဖော်ဆောင်သွားမည့် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ခြင်းဖြစ်ကြောင်းလည်း ပြောကြားသည်။

‘‘ကျွန်တော်တို့က Berlin Conference ကိုတက်ရောက်ပြီး မြန်မာတိုင်းသူပြည်သားများရဲ့ အသံအနေနဲ့ ရခိုင်အရေးကိစ္စတွေမှာ တစ်ဖက်ပိတ်အမြင်တွေ မဟုတ်ဘဲ မျှတတဲ့အမြင်တွေကို ပြောကြားချင်ခဲ့တာပါ။ ဒါပေမဲ့ ပွဲရဲ့ခေါင်းစဉ်၊ အစီအစဉ် အခမ်းအနားများ၊ စကားပြောမယ့်သူများနဲ့ အကြီးအကဲလုပ်မယ့် သူတွေကိုကြည့်လိုက်ရင် သူတို့ဘယ်ဘက်က ရပ်တည်နေလဲဆိုတာ သိမှာပါ။ ကျွန်တော် ပြောခဲ့တဲ့အတိုင်း ကျွန်တော်တို့ဒီပွဲကိုတက်ရောက်ပြီး မြန်မာပြည်သူပြည်သားများ အသံအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို တင်ပြချင်ခဲ့တာပါ။ ကျွန်တော်တို့တတ်နိုင်သမျှပဲ အချက်အလက်တိကျစွာနဲ့ တင်ပြနိုင်ရင် ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိခိုက်လာမယ့် မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေကို တားမြစ်နိုင်မှာပါ။ ကျွန်တော်တို့ကိုယ်တိုင်ကလည်း စင်ပေါ်တက်ပြီး စကားပြောခွင့်လိုမျိုး အထူးအခွင့်အရေးတွေကို မတောင်းဆိုခဲ့ပါဘူး။ ကျွန်တော်တို့ ပွဲကိုတက်ရောက်လေ့လာရုံပါပဲ။ ပွဲစီစဉ်သူတွေကတော့ မျှတမှုကို အားမပေးဘဲ တစ်ဖက်ပိတ်အမြင်တွေကိုပဲ အသားပေးဖို့ လုပ်ဆောင်လိုက်တာပါ’’ဟု ဒေါက်တာအောင်ထွန်းသက်က ပြောကြား သည်။

ဆက်လက်ပြီး ဒေါက်တာအောင်ထွန်းသက်က အကြမ်းဖက်မှုဖြစ်စဉ်များအပေါ် တစ်ဖက်ပိတ်အဆိုးမြင်၊ အပြစ်ပုံချပြီး ဖြစ်ရပ်မှန်ထက်ပို၍ဆိုးရွားအောင် သရုပ်ဖော်ကြခြင်းများသည် မြန်မာအစိုးရ၏ ကြိုးပမ်းမှုများအပေါ် များစွာအဟန့်အတားဖြစ်သည်ဟုလည်း ပြောကြားသည်။

Berlin Conference  သည် နှစ်စဉ် ကျင်းပသော ဆွေးနွေးပွဲဖြစ်ပြီး ဥရောပတိုက်ရှိ ပြည်သူပြည်သားများအား ကမ္ဘာပေါ်တွင် အထင်ကရဖြစ်သော အကြောင်းအရာအမျိုးမျိုးတို့ကို ဆွေးနွေးတင်ပြခြင်းဖြစ်ကာ ၂၀၁၈ ခုနှစ်အတွက် ယခုပြုလုပ်မည့် ဆွေးနွေးပွဲ၏ ခေါင်းစဉ်အား ‘မြန်မာနိုင်ငံ၏ လူမျိုးသုဉ်း သတ်ဖြတ်မှု’ဟု ခေါင်းစဉ်တပ်ထားခြင်းလည်း ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးပြည်ထောင်စုစီမံကိန်း ကော်မတီအား ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၇ ရက်တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၈၆/၂၀၁၇ ဖြင့် ဖွဲ့စည်းခဲ့ပြီး အဆိုပါ စီမံကိန်းကော်မတီအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

UEHRD ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထိထိရောက်ရောက်ပေးအပ်ရေး ဆောင်ရွက်ရန်၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စရပ်များအတွက် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန်၊ ဒေသဖွံ့ဖြိုးရေးနှင့် ရေရှည်ပဋိပက္ခကင်းဝေးရေး ဆောင်ရွက်ရန်တို့ဖြစ်သည်။

Most Read

Most Recent