အင်းတော်ကြီးဘုရားပွဲသွားသည့် စက်လှေတစ်စင်း တိမ်းမှောက်မှုဖြစ်ပွားကာ ကျောင်းသားကျောင်းသူ ရှစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံး

အင်းတော်ကြီးဘုရားပွဲသွားသည့် စက်လှေတစ်စင်း တိမ်းမှောက်မှုဖြစ်ပွားကာ ကျောင်းသားကျောင်းသူ ရှစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံး
Published 27 February 2018

စက်လှေတိမ်းမှောက်မှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြစဉ်

အင်းတော်ကြီးဘုရားပွဲသွားသည့် စက်လှေတစ်စင်း ဖေဖော်ဝါရီ ၂၅ ရက်ညနေ ၆ နာရီခန့်က တိမ်းမှောက်ကာ ကျောင်းသား ကျောင်းသူရှစ်ဦးနှင့် အရပ်သား အမျိုးသမီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ လုံစန့်ကျေးရွာ အထက (ခွဲ)ကျောင်းမှ စက်လှေမောင်းသူ၊ ၎င်း၏သမီးဖြစ်သူ၊ ဆရာမတစ်ဦးနှင့် အဋ္ဌမတန်းကျောင်းသား ကျောင်းသူ ၁၅ ဦးပါဝင်သည့် အဖွဲ့သည် လုံစန့်ကျေးရွာမှ ရွှေမဉ္ဇူရေလယ် ဘုရားသို့ ဘုရားဖူးပြီး နန့်မီးလောင် နှီးဘုရားကြီးမှ ကျေးရွာဘက်သို့အပြန်တွင် အင်းလယ် အတွင်းလေထန်လာမှုကြောင့် ကမ်းဘက်သို့ ပြန်လှည့်စဉ် စက်လှေအတွင်း ရေဝင်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့က လွတ်မြောက်လာတာက ကိုးယောက်ပေါ့။ စက်လှေမောင်းသူ၊ ဆရာမ တစ်ဦးနှင့်ကျောင်းသား ကျောင်းသူ ခုနစ်ဦးပေါ့။ ကျောင်းသားတွေက အခုလုံတုံဆေးရုံမှာ စာမေးပွဲဖြေနေကြတယ်။ သိရတာက စက်လှေပေါ်မှာ ၁၈ ယောက်ပါတယ်။ ကျန်တဲ့ ကိုးဦးကတော့ ရှာဖွေနေတယ်။ စက်လှေ မောင်းသူ တစ်ဦးနဲ့ ကျောင်းသားတစ်ဦး ကျောင်းသူ ခုနစ်ဦးပေါ့။ လုံးစန့်ကျေးရွာက ခုနစ်ဦး၊ မနခေါကျေးရွာက တစ်ဦး၊ ရွာသစ် ကျေးရွာက တစ်ဦးပေါ့။ အသက်ဆုံးရှုံး သွားပြီလို့တော့ ပြောလို့ရပါတယ်။ ဖြစ်တဲ့အကြောင်းက နန့်မီးလောင် နှီးဘုရားဖူးပြီး ပြန်တယ်။ အင်းလယ်မှာ လေထန်တော့ စက်လှေထဲ ရေဝင်တယ်။ ကမ်းဘက်ကို ကပ်တယ်။ စက်လှေထဲ ရေဝင်ပြီးမြုပ်တယ်လို့ သိရတယ် ” ဟု နန့်မွန်းကျေးရွာဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောကြားသည်။

ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင် ကူညီနေသူ မြို့နယ် သမဝါယမဦးစီးဌာန ဦးစီး  ဦးတင့်လွင်က “ခုနေ့လယ်ပိုင်းမှာ အားလုံး ဆယ်လို့ရပြီ။ ကိုးယောက်ပါ။ ကျောင်းသား တစ်ယောက်၊ကျောင်းသူ ခုနစ်ယောက်ပါ။ ကမ်းစပ်နဲ့က သုံးဖာလုံလောက် ဝေးတယ်။ညနေပိုင်းဆိုတော့ မှောင်သွားတာလည်း ပါတာပေါ့” ဟု ဆိုသည်။

“စက်လှေမောင်းသူ သမီးတစ်ယောက် ပေါ့။ လုံးတုံဆေးရုံကနေ လုံစန့်ကျေးရွာကို သယ်သွားတယ်။ အခု ရွာကို ပြန်သယ်ခွင့်ပြုလိုက်ပြီ။ စက်လှေမောင်းသူကို လုံတုံရဲစခန်းမှာ ဖမ်းဆီးထားပါတယ်။ မီးသတ်တွေ၊ စက်လှေသမားတွေ၊ ရွာသားတွေနဲ့ ဝိုင်းပြီးရှာကြတယ်။ တံငါပိုက်တွေနဲ့ ရှာတော့ အားလုံးတွေ့ ပါပြီ”ဟု ဦးတင့်လွင်က ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး စက်လှေ မောင်းနှင်သူ ဦးမောင်ဦး (၅၆)နှစ် လုံးစန့် ကျေးရွာနေသူအား လုံတုံနယ်မြေရဲစခန်းတွင် (ပ)၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၀၊၃၀၄ (က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

Most Read

Most Recent