မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မပေါက်ကွဲသေးသည့်မိုင်းတစ်လုံး ထပ်မံတွေ့ရှိ

မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မပေါက်ကွဲသေးသည့်မိုင်းတစ်လုံး ထပ်မံတွေ့ရှိ
Published 26 February 2018

မပေါက်ကွဲသေးသော မိုင်းတစ်လုံးထပ်မံတွေ့ရှိပုံ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်မြို့၊ (၁၀၅)မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်အနီးတွင် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ည (၁၁)နာရီအချိန်ခန့်က မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှုမှာ မူဆယ်မြို့၊မိုင်းယု(၁၀၅)မိုင်ကျေးရွာ၊ နယ်မြေ(၃)လမ်းထောင့်တွင် ဖွင့်လှစ်ထားသော 555 ငါးသုံးလုံး ဂိမ်းရုံနှင့်နယ်မြေ(၃) ဒုတိယလမ်းရှိ ကျန်းချိန်ကိန်းပိုင်တိုက်ခန်းအမှတ် (၃)တွင် ဖွင့်လှစ်ထားသော အသားကင်ဆိုင်ရှေ့တို့တွင် ဒေသန္တရလက်လုပ်မိုင်း(၂)လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုအား (၁၀၅)မိုင် နယ်မြေအတွင်းရှိ လုံခြုံရေးတာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးရာ ဒေသန္တရ လက်လုပ်မိုင်းဖြစ်ကြောင်း သိရှိရပြီး ပေါက်ကွဲမှုကြောင့် ငါးသုံးလုံးဂိမ်းရုံ အမိုးသွပ်များပေါက်ပြဲခြင်း၊ အသားကင်ဆိုင်တွင် အသားကင်ရာတွင်အသုံးပြုသော ပစ္စည်းများ၊သွပ်မိုးများ အနည်းငယ်ထိခိုက် ပျက်စီးခဲ့ကြောင်းသိရသည်။

“မိုင်းပေါက်ကွဲတာကတော့ မနေ့ည (၁၁)နာရီလောက်ဆိုတော့ (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ထဲမှာ လူအသွားအလာ သိပ်မရှိတဲ့အချိန်ပါ။ အသံကတော့ တော်တော်ကျယ်ပါတယ်။ လူထိခိုက် ဒဏ်ရာရရှိမှုတော့ မရှိဘူးလို့ သိရပါတယ်။ မနေ့ည (၁၀၅)မိုင်မှာ မိုင်းပေါက်ကွဲလို့ ကုန်စည်ကူးသန်းတာတွေ ပုံမှန်အောက် လျော့သွားတာတော့ မတွေ့ရပါဘူး။ ကုန်သွယ်ရေးဇုန်ထဲမှာ အရင်အတိုင်း ပုံမှန် ကူးသန်းရောင်းဝယ် နေကြတာကို တွေ့ရပါတယ်။” ဟု မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်တွင် နေထိုင်သူ ဒေသခံတစ်ဦး ကပြောသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ(၁)နာရီဝန်းကျင်အချိန်ခန့်က မူဆယ်မြို့နှင့်(၁၀၅)မိုင်ကြား နမ့်ခွမ်ရွာအနီးတွင် မပေါက်ကွဲသေးသော ဗုံးတစ်လုံးတွေ့ရှိသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက အသက်မဲ့ မပါက်ကွဲရန် ကျွမ်းကျင်သူများနှင့် ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းတွင် ယခုရက်သတ္တပတ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းက လားရှိုးမြို့၊လမ်းမတော်လမ်းရှိ ရိုးမဘဏ်တွင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဘဏ်ဝန်ထမ်းအမျိုးသမီး (၂)ဦးသေဆုံးကာ၊ လူ(၂၀)ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း၊ဖေဖော်ဝါရီလ (၂၂)ညပိုင်းက လားရှိုးမြို့၊မြို့ရှောင်လမ်းရှိ ယာမြေတစ်ခု အတွင်း ရပ်တန့်ထားသော မြေထိုးဘူဒိုဇာတစ်စီးနှင့် ယာစောင့်တဲ့တစ်လုံးအား အမည်မသိလက်နက်ကိုင်ဆောင်လာသူသုံးဦးက မီးရှို့သွားခြင်း၊ ဖေဖော်ဝါရီလ (၂၄)ရက်နေ့ နံနက်ပိုင်းက လားရှိုး-မန္တလေး ပြည်ထောင်စု ကားလမ်းမကြီးပေါ်၊ ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာ၊ နောင်ပြစ်ကျေးရွာ လမ်းခွဲအနီးတွင် ကျွဲ၊နွားများ တင်ဆောင်လာသော (၁၂)ဘီးယာဉ် (၅)စီးအား လက်နက်ကိုင်အဖွဲ့(စိစစ်ဆဲ)မှ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး အဆိုပါပစ်ခတ်မှုကြောင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် နွားထိန်း(၂)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Most Read

Most Recent