၅၃ ကြိမ်မြောက် လီဆူတိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှု စုပေါင်းနှစ်သစ်ကူးပွဲတော်ကို တောင်ကြီးမြို့တွင် ကျင်းပ

၅၃ ကြိမ်မြောက် လီဆူတိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှု စုပေါင်းနှစ်သစ်ကူးပွဲတော်ကို တောင်ကြီးမြို့တွင် ကျင်းပ
Published 23 February 2018

၅၃ ကြိမ်မြောက် လီဆူတိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှု စုပေါင်းနှစ်သစ်ကူးပွဲတော်ကို တောင်ကြီးမြို့၊ အဝေရာကုန်းသာယာ မီးပုံးပျံကွင်းတွင် ဖေဖော်ဝါရီလ ၂၃ ရက်မှ ၂၅ ရက်အထိ သုံးရက်ကြာ ကျင်းပပြုလုပ် လျက်ရှိကြောင်း သိရသည်။

အဆိုပါ ၅၃ ကြိမ်မြောက် လီဆူတိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှု စုပေါင်းနှစ်သစ်ကူးပွဲတော်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ လီဆူတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းမှ ဦးဆောင်ကာ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းနှင့် ထိုင်းနိုင်ငံနယ်စပ်မှ လီဆူတိုင်းရင်းသားများ သောင်းချီကာ ပွဲတော်ကို တက်ရောက် ဆင်နွဲလျက်ရှိကြောင်း သိရသည်။

၅၃ ကြိမ်မြောက် လီဆူတိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှု စုပေါင်းနှစ်သစ်ကူးပွဲတော် ပထမနေ့ ဖေဖော်ဝါရီ ၂၃ ရက် မနက် ၈ နာရီအချိန်တွင် အခမ်းအနား စတင်ဖွင့်လှစ်ကာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာ လူကြီးများ တက်ရောက်ခဲ့ကြကာ နန်းတော်မုဒ်ဦး ဖွင့်လှစ်ခြင်း၊ လီဆူတိုင်းရင်းသားများ စုပေါင်းနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် ရိုးရာနှစ်သစ်ကူး သစ်ပင်စိုက်ထူခြင်း နှင့် ရွှေမိုး ငွေမိုး ပက်ဖျန်းခြင်း၊ တိုင်းရင်းသား အကအလှများဖြင့် ဖျော်ဖြေခြင်း၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်မိန့်ခွန်း ပြောကြားခြင်း၊ လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီးမှ မိန့်ခွန်းပြောကြားခြင်း၊ တိုင်းရင်းသား ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး၊ အခမ်းအနား ပြီးဆုံးခဲ့သည်။

မြန်မာနိုင်ငံ တစ်ဝှမ်းလုံးမှ တက်ရောက်လာကြသော လီဆူတိုင်းရင်းသားတို့သည် ရိုးရာနှစ်သစ်ကူးသစ်ပင် အနီးအနားတွင် အဖွဲ့လိုက် ရိုးရာအကအလှများဖြင့် ကခုန်ခဲ့ကြပြီး၊ လာရောက်ကြသူများကို ဖျော်ဖြေလျက် ရှိကြောင်း သိရသည်။ ယခုနှစ်သည် လီဆူတိုင်းရင်းသားတို့၏ ခွေးနှစ်ကျရောက်ခြင်းဖြစ်ပြီး၊ လီဆူရိုးရာ နှစ်သစ်ကူး သစ်ပင်စိုက်ပျိုးခြင်း၊ ရိုးရာအကများဖြင့် ပျော်ပွဲရွှင်ပွဲတို့ကို ကျင်းပလေ့ရှိကြောင်း၊ ရှမ်းပြည်နယ်တွင် လီဆူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ၁၁ ကြိမ်တိုင်တိုင် ကျင်းပခဲ့ဖူးကြောင်း၊ နှစ်သစ်ကူး ပွဲတော်များကို မြို့နယ်အလိုက် နှစ်စဉ်ပြောင်းလဲ ကျင်းပလေ့ရှိကြောင်း၊ လီဆူတိုင်းရင်းသားတို့၏ စာပေနှင့် ယဉ်ကျေးမှုများကို သိရှိစေရန်နှင့် ထိန်းသိမ်းနိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ပွဲကျင်းပရေး ကော်မတီထံမှ သိရသည်။

လီဆူ တိုင်းရင်းသားများကို အခြားတိုင်းရင်းသားများက ခေါ်ဝေါ်ပုံကွဲပြားခြင်းနှင့် ပတ်သက်၍ ယခုအခါ ပြဿနာရပ်များ ဖြစ်ပေါ်နေရပြီး၊ လီဆူး၊ လီရှော၊ လီဆောနှင့် ယောရယ် စသော အခေါ်အဝေါ်များဖြင့် သုံးနှုန်းနေကြသဖြင့် ယခုအခါ ပြည်ထဲရေး လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန စာရင်းတွင် ကန့်သတ်လူမျိုးတွင် ပါဝင်နေသဖြင့် တိုင်းရင်းသားလူမျိုးတစ်မျိုး ဖြစ်ပါလျက်နှင့် အခွင့်အရေးများစွာ ဆုံးရှုံးနစ်နာမှု ရှိနေကြောင်း လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးဂူဆာက အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် လီဆူတိုင်းရင်းသားပေါင်း ၅ သိန်းကျော်ရှိပြီး၊ ကမ္ဘာ့နိုင်ငံ အသီးသီးတွင်လည်း ပျံ့နှံ့နေထိုင်လျက်ရှိကြောင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ကယားပြည်နယ်တွင် ရာကျော် နေထိုင်ကြကြောင်း၊ လီဆူတိုင်းရင်းသားတို့သည် နေထိုင်ရာ အရပ်ဒေသအလိုက် ကွဲပြားကြသောကြောင့် ရိုးရာဓလေ့ ဝတ်စုံများသည် ကွဲပြားခြားနားမှုရှိကြောင်း သိရသည်။

Most Read

Most Recent