၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွက် အခွန်အကောက်ရငွေ ကျပ် ၂၇၉၂ ဘီလျံရရှိရန်နှင့် အခွန်ရငွေနှင့် ဂျီဒီပီအချိုးကို ၈ ဒသမ ၅ ရာခိုင်နှုန်းရှိရန် လျာထား

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွက် အခွန်အကောက်ရငွေ ကျပ် ၂၇၉၂ ဘီလျံရရှိရန်နှင့် အခွန်ရငွေနှင့် ဂျီဒီပီအချိုးကို ၈ ဒသမ ၅ ရာခိုင်နှုန်းရှိရန် လျာထား
Published 21 February 2018

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလအထိ ခြောက်လအတွက် အခွန်အကောက်ရငွေ ကျပ် ၂၇၉၂ ဘီလျံရရှိရန်နှင့် အခွန်ရငွေနှင့် ဂျီဒီပီအချိုးကို ၈ ဒသမ ၅ ရာခိုင်နှုန်းရှိရန် လျာထားကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလအထိ ခြောက်လအတွက် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းနှင့် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းအပေါ် ငွေကြေးဆိုင်ရာ သုံးသပ်ချက်အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။

အခွန်အကောက်ရငွေ လျာထားချက် ကျပ် ၂၇၉၁ ဒသမ ၈၉၇ ဘီလျံမှာ ၂၀၁၅-၂၀၁၆ မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်များ၏ ပထမခြောက်လ အခွန်ကောက်ခံရရှိငွေများနှင့် နှိုင်းယှဉ်ပါက တိုးမြှင့်လျာထားကြောင်း သိရသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် (အမှန်) တွင် အခွန်ရငွေ ကျပ် ၂၃၅၈ ဘီလျံ၊ ဂျီဒီပီ ကျပ် ၂၄၈၃၃ ဘီလျံနှင့် အခွန်ရငွေနှင့် ဂျီဒီပီအချိုး ၉ ဒသမ ၅ ရာခိုင်နှုန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် (ရှေ့ပြေးအမှန်) တွင် အခွန်ရငွေ ကျပ် ၂၅၄၈ ဘီလျံ၊ ဂျီဒီပီ ကျပ် ၂၆၄၈၂ ဘီလျံ၊ အခွန်ရငွေနှင့် ဂျီဒီပီအချိုး ၉ ဒသမ ၆ ရာခိုင် နှုန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် (ယာယီ) တွင် အခွန်ရငွေ ကျပ် ၃၀၇၉ ဘီလျံ၊ ဂျီဒီပီ ကျပ်ဘီလျံ ၂၄၉၁၀၊ အခွန်ရငွေနှင့် ဂျီဒီပီအချိုး ၁၂ ဒသမ ၄ ရာခိုင်နှုန်းရှိပြီး ၂၀၁၈ ခုနှစ် (ဧပြီမှ စက်တင်ဘာလအထိ-ရည်မှန်းချက်) တွင် အခွန်ရငွေ ကျပ် ၂၇၉၂ ဘီလျံ၊ ဂျီဒီပီ ကျပ် ၃၂၈၇၃ ဘီလျံ၊ အခွန်ရငွေနှင့် ဂျီဒီပီအချိုး ၈ ဒသမ ၅ ရာခိုင်နှုန်းရှိရန် လျာထားကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလအထိ ခြောက်လအတွက် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းအပေါ် ငွေကြေးဆိုင်ရာသုံးသပ်ချက် အစီရင်ခံစာတွင် အခွန်ကင်းလွတ်ခွင့်နှင့် ရင်းနှီးမြှုပ်နှံမှုမက်လုံးများကို ကျိုးကြောင်းဆီလျော်မှုရှိအောင် ဆောင်ရွက်ရန်၊ ပြည်ထောင်စုအဆင့်အနေဖြင့် အခွန်အတွက် အသုံးစရိတ်ကို ပိုမိုထင်သာမြင်သာသိရှိစေရန် နှစ်စဉ် အရအသုံးခန့်မှန်းခြေငွေစာရင်းတွင် ဖော်ပြသွားရန်၊ အခွန်စနစ်၏ သိက္ခာနှင့် ပုံရိပ်တို့ကို ထိန်းထားနိုင် လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးနည်းလမ်းများကို စတင်ဆောင်ရွက်ရန်၊ အခွန်ထမ်းဆိုင်ရာဝန်ဆောင်မှု စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန် ကျွမ်းကျင်ဝန်ထမ်းများ ပိုမိုခန့်အပ်ရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အခွန်၏အရေးပါမှုကို ပြည်သူလူထုအား စဉ်ဆက်မပြတ် ပညာပေးခြင်းလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားရန် ဖော်ပြထားသည်။

Most Read

Most Recent