ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေး အပါအဝင် ဒေသခံ ဌာနေတိုင်းရင်းသားတို့၏ အသက်အိုးအိမ် ထာဝရလုံခြုံမှုရှိသောဘ၀ ထူထောင်နိုင်ရန် ထိရောက်သော အကောင်အထည်ဖော်မှု ပြုလုပ်ပေးရန်အဆို ပြည်သူ့လွှတ်တော်တွင် အတည်ပြုရန် မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေး အပါအဝင် ဒေသခံ ဌာနေတိုင်းရင်းသားတို့၏ အသက်အိုးအိမ် ထာဝရလုံခြုံမှုရှိသောဘ၀ ထူထောင်နိုင်ရန် ထိရောက်သော အကောင်အထည်ဖော်မှု ပြုလုပ်ပေးရန်အဆို ပြည်သူ့လွှတ်တော်တွင် အတည်ပြုရန် မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်
Published 21 February 2018

ဖေဖော်ဝါရီ ၂၀ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေး မစတင်မီ တက်ရောက်လာသူများကို တွေ့ရစဉ် (ဓာတ်ပုံ - စည်သူ)

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေး အပါအဝင် ဒေသခံဌာနေ တိုင်းရင်းသားတို့၏ အသက်အိုးအိမ် ထာဝရလုံခြုံမှုရှိသော ဘဝကို ထူထောင်နိုင်ရန် ထိရောက်သော အကောင်အထည်ဖော်မှု ပြုလုပ်ပေးရန် အဆိုအား ပြည်သူ့လွှတ်တော်တွင် အတည်ပြုရန် မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

ဘူးသီးတောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက တင်သွင်းသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ ခိုင်မြဲရေးအတွက် လည်းကောင်း၊ ဒေသခံ ဌာနေတိုင်းရင်းသားတို့၏ အသက်အိုးအိမ်၊ ထာဝရလုံခြုံမှုရှိသော လူမှုဘဝကို ထူထောင်နိုင်ရန် ဒေသခံတိုင်းရင်းသားတို့၏ လိုအပ်ချက်များကို ရေတိုရေရှည် စီမံကိန်းများ ပွင့်လင်းမြင်သာစွာ ချမှတ်၍ ထိရောက်သော အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ပြုလုပ်ပေးရန် နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို နေပြည်တော်၌ ဖေဖော်ဝါရီ ၂၀ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၂၀ ရက်မြောက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ပြီး မဲခွဲဆုံးဖြတ်ရာတွင် အတည်ပြုရန် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

“ရခိုင်ပြည်နယ်အရေးကို အစိုးရအနေနဲ့ ဆောင်ရွက်ရာမှာ မီးစင်ကြည့်ကနေခြင်း မဟုတ်ဘဲ စနစ်တကျ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ရှင်းလင်းတင်ပြ လိုပါတယ်။ ရခိုင်ပြည်နယ် အပါအဝင် နိုင်ငံတစ်ဝန်းလုံးမှာ ရှိတဲ့ ဖွံ့ဖြိုးရေး၊ တရားဥပဒေ စိုးမိုးရေးတို့အတွက် လုပ်ဆောင်ရန် များစွာရှိနေပြီး အစိုးရအနေနဲ့ အလေးထား ကြိုးပမ်းဆောင်ရွက် လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများ၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနဲ့ ဆောင်ရွက်နေပါတယ်။ ဒီဆောင်ရွက်မှုတွေဟာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းနဲ့လည်း ဆက်စပ်ကိုက်ညီလျက် ရှိပါတယ်။ ဒီအကြံပြုချက်တွေဟာ ရခိုင်ပြည်နယ်မှာ ခေတ်အဆက်ဆက် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေရဲ့ အခြေခံ အကြောင်းရင်းတွေကို ဖော်ထုတ်ဖြေရှင်းခြင်းနဲ့ ရေရှည်ပဋိပက္ခ ကင်းဝေးပြီး ဖွံ့ဖြိုးတိုးတက်သော ပြည်နယ်တစ်ခု ဖြစ်လာရန် အထောက်အကူများစွာ ဖြစ်စေမှာ ဖြစ်ပါတယ်။ နောက်ဆုံး ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ဖြစ်စဉ်ရဲ့ နောက်ဆက်တွဲ ဖြစ်ရပ်တွေအပေါ်အခြေခံပြီး ချမှတ်တဲ့ UEHRD ပြည်ထောင်စုစီမံကိန်းရဲ့ လုပ်ငန်းအဖွဲ့ကိုးခုက အကောင်အထည်ဖော် ဆောင်ရွက်မှုဟာလည်း ရေရှည်လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်ပြီး ဒေသခံ တိုင်းရင်းသားတွေအတွက် ထိရောက်တဲ့ ပြန်လည်ထူထောင်မှုပြုနိုင်မှာ ဖြစ်ပါတယ်” ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဆိုနှင့် ပတ်သက်ပြီး ရှင်းလင်းဖြေကြားရာတွင် ထည့်သွင်းပြောကြားသည်။

ထို့ပြင် ရခိုင်ပြည်နယ် လုံခြုံရေးအတွက် နယ်စပ်ခြံစည်းရိုး ခိုင်ခံ့ကောင်းမွန်ရေး၊ ရေပိုင်နက် နယ်နိမိတ် လုံခြုံရေးတို့သည် အဓိကကျသော အချက်များဖြစ်သဖြင့် နယ်စပ်ခြံစည်းရိုး ကာရံခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင် ဝင်ထွက်သွားလာမှု မရှိစေရေးနှင့် အကြမ်းဖက်သမားများ၏ အန္တရာယ်မှ လုံခြုံရေးတို့အတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် ထိစပ်နယ်နိမိတ်တစ်လျှောက် နယ်စပ်ခြံစည်းရိုး ပျက်စီးမှုများအား ပြုပြင်ခြင်း၊ နယ်စပ်ခြံစည်းရိုး ကင်းလှည့်လမ်းပြုပြင်ခြင်း၊ ချဉ်းကပ်လမ်းများ၊ တံတားများနှင့် ကင်းစခန်းများ ပြုပြင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ နယ်စပ်ခြံစည်းရိုး တည်ဆောက်ခြင်းကို ၂၀၀၉ ခုနှစ်မှ စတင်၍ သဲသောင်ပြင်ပိုင်း၊ တာပေါင်ပိုင်းနှင့် တောင်ပေါ်ပိုင်းဟူ၍ ခြံစည်းရိုး အမျိုးအစား သုံးမျိုးဖြင့် အဆင့်ဆင့် တည်ဆောက်လျက်ရှိရာ ကျန်ရှိသည့် ၃၉ ဒသမ ၂၁၇ မိုင်အား လာမည့် ပွင့်လင်းရာသီတွင် လုပ်ငန်းစတုတ္ထအဆင့်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

နယ်မြေလုံခြုံရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့အပြင် အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့ကိုပါထားရှိ၍ တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့အနေဖြင့် မောင်တောမြို့နယ်တွင် ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့မရဲစခန်း၊ တောင်ပြိုလက်ဝဲ နယ်မြေရဲစခန်းနှင့် လုံခြုံရေး ရဲကင်းစခန်း ၁၀ ခု၊ ဘူးသီးတောင်မြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့မရဲစခန်း၊ လုံခြုံရေး ရဲကင်းစခန်းသုံးခုနှင့် ဘူးသီးတောင် အကျဉ်းထောင် လုံခြုံရေးရဲကင်းစခန်း၊ ရသေ့တောင်မြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့မရဲစခန်းနှင့် လုံခြုံရေး ရဲကင်းစခန်း နှစ်ခုဖွင့်လှစ်၍ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ဒေါက်တာဝင်းမြတ်အေးက ဆက်လက်ပြောကြားသည်။

“ရခိုင်ပြည်နယ်အရေးသည် မြန်မာနိုင်ငံရဲ့အရေး ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အရေးကိစ္စဟာ မြန်မာနိုင်ငံတစ်ခုလုံး အပေါ်မှာလည်း အကျိုးသက်ရောက်မှုများစွာ ရှိနေတာကို အားလုံးအသိဖြစ်ပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်ရှိ ပြည်သူတွေရဲ့ အကျိုးကို ကိုင်တွယ်ဆောင်ရွက်ရာမှာ တစ်နိုင်ငံလုံးရဲ့ အရေးကဲ့သို့ သတိကြီးစွာထားပြီး အမြင်ကျယ်ကျယ်နဲ့ ကိုင်တွယ်ဆောင်ရွက်ဖို့ များစွာလိုအပ်ပါတယ်။ အစိုးရရဲ့ လက်ရှိဆောင်ရွက်ထားမှုနဲ့ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေမှုတွေဟာ လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့ ရခိုင်ဒေသခံ တိုင်းရင်းသား ပြည်သူတွေ အကျိုးအတွက် လိုလားတောင့်တမှုတွေနဲ့ ကိုက်ညီလျက်ရှိတဲ့အတွက် အဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိရန် ဖြေကြားအပ်ပါတယ်” ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဆိုနှင့် ပတ်သက်ပြီး မှတ်တမ်းတင်ရန် ပြောကြားသည်။

အဆိုနှင့် ပတ်သက်ပြီး တပ်မတော်သား ကိုယ်စားလှယ်နှစ်ဦး အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးက ဆွေးနွေးခဲ့ပြီး အဆိုရှင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက အစိုးရအဖွဲ့အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေရုံဖြင့် လုံလောက်ခြင်း မရှိသည့်အတွက် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အဆိုအား အတည်ပြုရန် ပြောကြားခဲ့သောကြောင့် စက်ခလုတ်နှိပ် မဲခွဲဆုံးဖြတ်ခဲ့သည်။

စက်ခလုတ်နှိပ် မဲခွဲဆုံးဖြတ်ရာတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၃၈၃ ဦးတွင် အဆိုအား အတည်ပြုရန် ထောက်ခံသူ ၆၇ ဦး၊ မှတ်တမ်းတင်ရန် ထောက်ခံသူ ၃၀၄ ဦးနှင့် ကြားနေမဲ တစ်မဲဖြင့် အတည်ပြုရန် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

“မီဒီယာတွေမှာလည်း ဖော်ပြနေကြတယ်။ အခုမောင်တောကနေ စစ်တွေကို ပြေးသွားကြတဲ့ နေစရာမရှိဘူး အခုထိ။ ဒီလောက် အစုလိုက်အပြုံလိုက် အသတ်ခံရတဲ့လူတွေ။ အဲဒီလို သူတို့ပြောတာနဲ့ မြေပြင် အနေအထားနဲ့ အရမ်းကွာနေတယ်။ ဝန်ကြီးပြောတဲ့စကားက သူတို့လုပ်နေပါတယ်။ ဆောင်ရွက်နေတယ်လို့ ပြောတယ်။ ဒေသခံတွေကလည်း ဖြစ်စေချင်တယ်။ သူတို့လည်း စေတနာထားတယ်ပေါ့။ ဒီဟာကို ဘာလို့ မှတ်တမ်းအဖြစ် ထားတာလဲ။ အတည်ပြုလိုက်ရင် ဘာဖြစ်လဲ” ဟု အဆိုရှင် ဦးအောင်သောင်းရွှေက ပြောကြားသည်။

Most Recent