HIV ပိုးရှိကြောင်း မှားယွင်းဖော်ပြခဲ့သည့် မန္တလေးမြို့ မြို့တော်ဆေးရုံအား နစ်နာကြေး ကျပ်သိန်း ၃၀၀ ပေးလျော်စေရန် အမိန့်ချ

HIV ပိုးရှိကြောင်း မှားယွင်းဖော်ပြခဲ့သည့် မန္တလေးမြို့ မြို့တော်ဆေးရုံအား နစ်နာကြေး ကျပ်သိန်း ၃၀၀ ပေးလျော်စေရန် အမိန့်ချ
Published 21 February 2018

လူနာအား အိတ်ချ်အိုင်ဗွီပိုးရှိကြောင်း မှားယွင်းဖော်ပြခဲ့သည့် မြို့တော်ဆေးရုံအား ကျပ်သိန်း ၃၀၀ ရလိုမှုဖြင့် ခရိုင်တရားရုံးတွင် တရားစွဲဆိုထားရာ လူနာရှင်ဘက်က အနိုင် ရရှိခဲ့ကြောင်း သတင်းရရှိသည်။

အိတ်ချ်အိုင်ဗွီပိုးရှိကြောင်း မှားယွင်း ဖော်ပြခဲ့သဖြင့် လူနာရှင်အား တရားရုံးကုန် ကျစရိတ်နှင့် နစ်နာကြေး ကျပ်သိန်း ၃၀၀ ပေးဆောင်စေရန် ဖေဖော်ဝါရီ ၂၀ ရက်က အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ဘုရားလှကျေးရွာမှ ဦးဝင်းတင် (၆၆ နှစ်) သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်းက ကျန်းမာရေး မကောင်းသဖြင့် မန္တလေးမြို့ရှိ မြို့တော်ဆေးရုံ သို့ တက်ရောက်ကုသခဲ့ရာ ဆေးစစ်အဖြေ တွင် အိတ်ချ်အိုင်ဗွီပိုးတွေ့ရှိရပြီး ရောဂါပိုးမြင့်မားသောကြောင့် အဆုတ်ထဲသို့ပင် ရောက်ရှိနေပြီဖြစ်ကြောင်း ဆေးရုံမှ ပြောကြားခဲ့သည်ဟု သိရသည်။

ထို့နောက် ရောဂါအခြေအနေအရ ကုသခဲ့ရာ ဆေးရုံတွင် အိတ်ချ်အိုင်ဗွီပိုး ရောဂါရှိသူများနှင့်အတူ ကုသနေထိုင်ရသည့် အတွက် မနေလိုသဖြင့် ဆေးရုံမှဆင်းကာ ရွာသို့ပြန်လာခဲ့ကြောင်း၊ ဆေးရုံမှဆင်းအပြီး တစ်လခန့်အကြာ ကျန်းမာရေးပြန်လည် ကောင်းမွန်လာကာ နားအကြားအာရုံချို့တဲ့ နေသဖြင့် ရန်ကုန်မြို့ ဆာကူရာဆေးရုံသို့ သွားရောက်စစ်ဆေးခဲ့ရာ ဦးဝင်းတင်တွင် အိတ်ချ်အိုင်ဗွီပိုးမရှိသည်ကို ပေါ်ပေါက်ခဲ့ ကြောင်း၊ ထိုသို့ အိတ်ချ်အိုင်ဗွီပိုးမရှိဘဲ ရှိသည်ဟုဆိုကာ မှားယွင်းဖော်ပြခဲ့သလို အဆိုပါပိုး ရှိသည်ဆိုသဖြင့် သောက်သုံးခဲ့ရသည့်ဆေး များကြောင့် အကြားအာရုံချို့တဲ့ခဲ့ရကြောင်း၊ သို့ဖြစ်ပါ၍ ဆေးကုသရာတွင် တိကျသေချာ စွာမရှိမှုကြောင့် လူနာမှာ ရပ်ရွာတွင် အရှက်ရ ခြင်းတို့အတွက် နစ်နာကြေးရလိုမှုဖြင့် တရား စွဲဆိုခြင်းဖြစ်ကြောင်း သိရသည်။

ကျပ်သိန်း ၃၀၀ ရလိုကြောင်း နစ်နာခဲ့ သူ ဦးဝင်းတင်က တရားလိုပြုလုပ်ကာ မြို့တော်ဆေးရုံကိုယ်စား တာဝန်ခံရုံးအုပ်ကြီး ဒေါ်နွယ်နွယ်ဝင်းကို ၂၀၁၆ ခုနှစ် အောက်တိုဘာမှ စတင်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

လူနာရှင်အား နစ်နာကြေး ကျပ်သိန်း ၃၀၀ ပေးလျော်စေရန် အမိန့်ချခဲ့သောဖြစ်ရပ်သည်  ပုဂ္ဂလိကဆေးရုံ၏ အမှားကြောင့် ပထမဆုံး နစ်နာကြေးပေးရမှု ဖြစ်ဖွယ်ရှိကြောင်း သိရသည်။

Most Read

Most Recent