<

First Eleven Sports Journal မှရွေးချယ်သည့် အကောင်းဆုံး ဘောလုံးသမားများ မဲပေးရန်

Vote Now

ရသေ့တောင်မြို့နယ်အတွင်း နယ်ခြားစောင့်တပ်ဖွဲ့အား ဘင်္ဂါလီ ၆၀၀ ခန့်က အုပ်စုဖွဲ့တိုက်ခိုက်ရန်ပြုခဲ့သည့် အောက်နန်းရာ ကျေးရွာအုပ်စုအပါအ၀င် ကျေးရွာအုပ်စု ၁၁ စုတွင် ညမထွက်ရအမိန့်ပုဒ်မ (၁၄၄) ထုတ်ပြန်


မောင်တောမြို့နယ် တောင်ပိုင်းတွင် တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ လုံခြုံရေးဆောင်ရွက်နေသည်ကို သြဂုတ် ၁၂ ရက်က တွေ့ရစဉ်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်း နယ်ခြားစောင့်တပ်ဖွဲ့အား ဘင်္ဂါလီ ၆၀၀ ခန့်က အုပ်စုဖွဲ့တိုက်ခိုက်ရန်ပြုခဲ့သည့် အောက်နန်းရာ ကျေးရွာအုပ်စုအပါအ၀င် ကျေးရွာအုပ်စု ၁၁ စုတွင် ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါညမထွက်ရအမိန့်ကို ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူက လက်မှတ်ရေးထိုးပြီး သြဂုတ် ၁၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

လက်ရှိညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ထုတ်ပြန်လိုက်သည့် ကျေးရွာအုပ်စုများမှာ မယူကမ်းဒေသရှိ ဖက်လိပ်ကျေးရွာအုပ်စု၊ သိမ်တောင်ကျေးရွာအုပ်စု၊ ချွတ်ပြင်ကျေးရွာအုပ်စု၊ အောက်နန်းရာကျေးရွာအုပ်စု၊ အထက်နန်းရာကျေးရွာအုပ်စု၊ စေတီပြင်ကျေးရွာအုပ်စု၊ အောက်ကျောင်းတောင် ကျေးရွာအုပ်စု၊ ပေါက်ပင်ရင်းကျေးရွာအုပ်စု၊ ခွဆုံကျေးရွာအုပ်စု၊ ပန်းဖော်ပြင်ကျေးရွာအုပ်စုနှင့် ကိုးတန်ကောက်ကျေးရွာအုပ်စုတို့ဖြစ်ကြပြီး ညမထွက်ရအချိန်ကို ည ၉ နာရီမှ နံနက် ၅ နာရီအထိဖြစ်ကြောင်း သိရသည်။

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် ကျေးရွာအုပ်စုများတွင် တည်ငြိမ်အေးချမ်းရေးအတွက် အများပြည်သူ သွားလာအသုံးပြုနေသည့် လမ်းများ၊ လမ်းမကြီး၊ လမ်းဆုံလမ်းသွယ်၊ လမ်းကြိုလမ်းကြား၊ အများပြုသူသွားရာလမ်း သို့မဟုတ် အများပြည်သူနှင့်ဆိုင်သော စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘုရားကျောင်း၊ ဗလီ စသည့်နေရာများတွင် ငါးဦး သို့မဟုတ် ငါးဦးထက်ပိုသော လူများစုဝေးခြင်းကြောင့် ရုန်းရင်းဆန်ခတ်မှုများ၊ အဓိကရုဏ်းများ ထပ်မံဖြစ်ပွားရန်အကြောင်းရှိမည်ဟု ယုံကြည်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး၏ ထုတ်ပြန်သော အမိန့်စာတွင် ပါဝင်သည်။

၂၀၁၇ ခုနှစ် သြဂုတ် ၄ ရက်တွင် ဖြစ်ပွားခဲ့သော စေတီပြင်နယ်ခြားစောင့်တပ်ဖွဲ့က ကျေးရွာအတွင်း တရားခံဝင်ရောက်ဖမ်းဆီးစဉ် ဖမ်းဆီးတရားခံခြောက်ဦးအား အင်အား ၆၀၀ ကျော်ဖြင့် အုပ်စုဖွဲ့ဝင်ရောက်လုယက်ခြင်း၊ လုံခြုံရေးအဖွဲ့များအား တုတ်၊ ဓား၊ လှံ၊ ဂျင်ဂလိများ ကိုင်ဆောင်ပစ်ခတ်ခြင်းကြောင့် ဖမ်းဆီးတရားခံခြောက်ဦးအနက် နှစ်ဦးပြန်လည် လွတ်မြောက်သွားပြီး နယ်မြေမတည်မငြိမ်ဖြစ်ကာ နှစ်ဖက်အုပ်စုအကြား အဓိကရုဏ်းဖြစ်မည့် အခြေအနေရောက်ရှိခဲ့သည်။

ရသေ့တောင်မြို့နယ်အတွင်း အကြမ်းဖက်သမားတို့၏ရန်ကို စိုးရိမ်သဖြင့် နေရပ်စွန့်ခွာသူများအား တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က လုံခြုံရေး အကူအညီဖြင့် ပြန်လည်ပို့ဆောင်နေစဉ်

ယင်းဖြစ်စဉ်နောက်ပိုင်း ကျေးရွာသုံးရွာ ရွာလုံးကျွတ် နေရပ်စွန့်ခွာမှုဖြစ်ပွားခဲ့ပြီး လုံခြုံရေးဖြင့် နေရပ်ပြန်ပို့ဆောင်ခဲ့ရကာ ကျေးရွာများတွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့၊ နယ်ခြားစောင့် ရဲအင်အားတိုးမြှင့်ချထားကြောင်း သိရသည်။

စေတီပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်အေးတင်က “မနေ့ကစပြီး ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပါတယ်။ လောလောဆယ် ဒေသတည်ငြိမ်နေပါတယ်။ လုံခြုံရေးရဲတပ်ရင်းနဲ့ တပ်မတော်က လုံခြုံရေးတိုးချထားတာရှိပါတယ်။ နောက်ပြီးတပ်မတော် ဆေးကုအဖွဲ့တစ်ဖွဲ့လည်း ရောက်ရှိနေပြီးတော့ ကျေးရွာတွေကို ကွင်းဆင်းဆေးကုသနေပါတယ်” ဟုပြောကြားသည်။

၎င်းအမိန့်မှာ သြဂုတ် ၁၁ ရက်မှစ၍ နှစ်လအတွင်း အတည်ဖြစ်ကြောင်း ယခုထုတ်ပြန်ချက်အမိန့်တွင် ဖော်ပြထားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ဒေသတွင်း တိုးမြင့်လာသည့် အကြမ်းဖက်မှုဖြစ်စဉ်များ ရပ်တန့်ချုပ်ငြိမ်းရေးနှင့် လုံခြုံတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော် တပ်ရင်းတပ်ဖွဲ့များနှင့်အတူပူးပေါင်း၍ နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိပြီး လိုအပ်သည့်ဒေသများတွင် ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ထုတ်ပြန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သြဂုတ် ၁၁ ရက်တွင် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် မောင်တောဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာ သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

Writer – သားရွှေဦး (ကစ္ဆပ)