ဝင်ငွေခွန်ဥပဒေသစ် မူကြမ်းအဆင့်ရောက်နေပြီဖြစ်ပြီး လက်ရှိဝင်ငွေခွန်ကောက်ခံနေသည့် ခေါင်းစဉ်ခုနစ်မျိုးအနက် လေးမျိုးလျှော့ချကာ စီးပွားရေးလုပ်ငန်းမှရငွေ၊ အခြေပစ္စည်းမှမြတ်စွန်းငွေ၊ လစာရငွေတို့သာပါဝင်မည်

ဝင်ငွေခွန်ဥပဒေသစ် မူကြမ်းအဆင့်ရောက်နေပြီဖြစ်ပြီး လက်ရှိဝင်ငွေခွန်ကောက်ခံနေသည့် ခေါင်းစဉ်ခုနစ်မျိုးအနက် လေးမျိုးလျှော့ချကာ စီးပွားရေးလုပ်ငန်းမှရငွေ၊ အခြေပစ္စည်းမှမြတ်စွန်းငွေ၊ လစာရငွေတို့သာပါဝင်မည်
Published 18 February 2018

ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ ပြည်တွင်းအခွန်များ ဦးစီးဌာနရုံးကို တွေ့ရစဉ်

ဝင်ငွေခွန်ဥပဒေကို အသစ်ပြန်လည်ရေးဆွဲနေပြီး မူကြမ်းအဆင့်ရောက်နေပြီဖြစ်ကာ လက်ရှိဝင်ငွေခွန် ခေါင်းစဉ်ခုနစ်မျိုးအနက် လေးမျိုးလျှော့ချကာ စီးပွားရေးလုပ်ငန်းမှ ရငွေ၊ အခြေပစ္စည်းမှမြတ်စွန်းငွေ၊ လစာရငွေတို့သာ ပါဝင်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားသည်။

“လက်ရှိဝင်ငွေခွန်နဲ့ပတ်သက်တဲ့ ခေါင်းစဉ် ခုနစ်ခုရှိတယ်။ အခြေပစ္စည်းမှမြတ်စွန်းငွေတို့၊ စီးပွားရေးလုပ်ငန်းမှရငွေတို့၊ အခြေပစ္စည်းမှဝင်ငွေတို့၊ စည်းကြပ်မှုမှလွတ်ကင်းငွေတို့၊ အခြားတို့ အဲဒီလို ခုနစ်ခုရှိတာပေါ့။ အခု ဝင်ငွေခွန်ဥပဒေကို အသစ်ပြန်ဆွဲနေတယ်။ အခု မူကြမ်းတော့ရပြီ။ အဲဒီဝင်ငွေခွန် ဥပဒေအသစ် ထွက်လာတဲ့အခါကျရင် ဝင်ငွေခွန်နဲ့ပတ်သက်တဲ့ ခေါင်းစဉ်က သုံးမျိုးပဲပါတော့မယ်။ အဲဒီသုံးမျိုးကတော့ စီးပွားရေးလုပ်ငန်းမှရငွေ၊ အခြေပစ္စည်းမှမြတ်စွန်းငွေ၊ လစာရငွေတို့ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

လက်ရှိ ဝင်ငွေခွန်ဥပဒေကို ၁၉၇၄ ခုနှစ်တွင် စတင်ပြဋ္ဌာန်းခဲ့ပြီး ၁၉၉၉ ခုနှစ်၊ ၂၀၁၄ ခုနှစ်တို့တွင် ဝင်ငွေခွန်ဥပဒေပြင်ဆင်သည့် ဥပဒေများဖြင့် ပြင်ဆင်ဖြည့်စွက်ခဲ့ခြင်း ဖြစ်သည်။ ယင်းဝင်ငွေခွန်ဥပဒေပါ ဝင်ငွေခွန် ခေါင်းစဉ်ခုနစ်မျိုးမှာ လစာ၊ အသက်မွေးဝမ်း ကျောင်းပညာလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ ပစ္စည်း၊ အခြေပစ္စည်းမှမြတ်စွန်းငွေ၊ ဝင်ငွေရလမ်း မဖော်ပြနိုင်သည့်ဝင်ငွေ၊ အခြားရလမ်းမှ ဝင်ငွေတို့ဖြစ်ပြီး လက်ရှိရေးဆွဲနေသည့် ဝင်ငွေခွန်ဥပဒေသစ်တွင် ခေါင်းစဉ်သုံးမျိုးသာ ထည့်သွင်းတော့မည် ဖြစ်သည်။

“ဒီဥပဒေပြဋ္ဌာန်းနိုင်ဖို့က အချိန်တစ်နှစ်ကျော်လောက် ယူရမှာပါ။ အခုကျွန်တော်တို့ လာမယ့်နှစ်မှာ ဝင်ငွေခွန်ကို ဖြေလျှော့ပေးထားတယ်။ အဲဒီပေးထားတဲ့ အချိန်တစ်နှစ်ပြီးသွားရင် နောက်ပိုင်း အိမ်ဝယ်တာပဲ ဖြစ်ဖြစ်၊ ကားဝယ်တာပဲဖြစ်ဖြစ်၊ ရှယ်ယာထည့်တာပဲဖြစ်ဖြစ်မှာ ဝင်ငွေရလမ်းရှိတဲ့ငွေ ရှိရင် ရှိ၊ ဒါမှမဟုတ် အခွန်ဆောင်ပြီးရထားတဲ့ Certificate လက်မှတ်ရှိရင်ရှိပေါ့။ အဲဒါမှ မရှိရင် မလာခဲ့နဲ့တော့။ နိုင်ငံတကာလို တရားဝင် ရင်းနှီးမြှုပ်နှံနိုင်တဲ့ငွေမရှိရင် ရင်းနှီးမြှုပ်နှံလို့ မရတော့ဘူးပေါ့။ အခုပေးထားတဲ့ အခွင့်အရေးအရ ကိုယ့်ရင်းနှီးမြှုပ်နှံမှုမှာအကြောင်း အမျိုးမျိုးကြောင့် အခွန်လျော့နည်းခဲ့တာရှိ တယ်ဆိုရင် အခုတစ်နှစ်အတွင်း ကျွန်တော်တို့ဆီမှာ လာဆောင်၊ အခွန်ရုံးက Certificate ပေးမယ်။ နောက်ပိုင်း တစ်ခုခုပြန်ရင်း နှီးမြှုပ်နှံတယ်ဆိုရင် ဒီ Certificate ရှိရင် အခွန်သက်သာမှာပေါ့။ တဖြည်းဖြည်းနဲ့ အခွန်လမ်းကြောင်းကို နိုင်ငံတကာအဆင့်ဖြစ်အောင် သွားနေပါတယ်” ဟု ဦးမင်းထွဋ်က ပြောကြားသည်။

ဝင်ငွေရလမ်း မပြနိုင်သည့်စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် ဝင်ငွေခွန်အဖြစ် ယခင်က ၁၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၃၀ အထိ ကောက်ခံခဲ့ရာမှ ၂၀၁၈ စည်းကြပ်နှစ်မှ စတင်ပယ်ဖျက်လိုက်ပြီး ယခင်အခွန် မဆောင်ခဲ့သည့် ဝင်ငွေနှင့် ပိုင်ဆိုင်မှုများ အားလုံးအတွက် ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ ခြောက်လအတွင်း အခွန်ပေးဆောင်မည်ဆိုပါက သုံးရာခိုင်နှုန်းနှင့် အဆိုပါပထမခြောက်လအပြီး ဒုတိယခြောက်လတွင် အခွန်ထမ်းဆောင်မည်ဆိုပါက အခွန်နှုန်း ငါးရာခိုင်နှုန်း ထမ်းဆောင်ရန် ပြင်ဆင်လျှော့ချလိုက်ကြောင်း ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းတွင် ဖော်ပြထားမှုအရ သိရသည်။

ထိုသို့ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် အခွန်နှုန်း ရာခိုင်နှုန်း ၃၀ မှ ငါးရာခိုင်နှုန်းအထိ လျှော့ချသည့် အစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်ရန်ပေးထားသည့် အချိန်မှာ ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီ ၁ ရက်အထိဖြစ်ပြီး နောင်တွင် ဝင်ငွေခွန်ဥပဒေ၌ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေကို ပယ်ဖျက်ကာ ဝင်ငွေခွန်ဥပဒေသစ်အတိုင်းသာ အခွန်ပေးဆောင်ရမည်ဖြစ်ပြီး နောင်တွင် အခွန်တိမ်းရှောင်မှုများအတွက် ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်းနှင့် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေများကို ဝင်ငွေခွန်ဥပဒေအရ အရေးမယူဘဲ အခွန်ပြန်လည်ပေးဆောင်နိုင်မည့် နောက်ဆုံးအခွင့် အရေးဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသည်။

Most Read

Most Recent