သြဂုတ် ၁၁ ရက်အထိ H1N1 ပိုးတွေ့လူနာ ၂၀၀ ကျော်နှင့် သေဆုံးသူ ၂၃ ဦးအထိရှိလာပြီး လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ရောဂါဖြင့် ဆေးရုံတက်ရောက်သူ ပျမ်းမျှနေ့စဉ် ခုနစ်ဦးခန့်ရှိ

သြဂုတ် ၁၁ ရက်အထိ H1N1 ပိုးတွေ့လူနာ ၂၀၀ ကျော်နှင့် သေဆုံးသူ ၂၃ ဦးအထိရှိလာပြီး လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ရောဂါဖြင့် ဆေးရုံတက်ရောက်သူ ပျမ်းမျှနေ့စဉ် ခုနစ်ဦးခန့်ရှိ
Published 12 August 2017

ရန်ကုန်မြို့အတွင်း နှာခေါင်းစည်းတပ်၍ သွားလာနေသူ အချို့အား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

တစ်နိုင်ငံလုံး၌ သြဂုတ် ၁၁ ရက်အထိ H1N1 ပိုးတွေ့လူနာ၂၀၄ ဦးနှင့် သေဆုံးသူ ၂၃ ဦးအထိ ရှိလာပြီး ဆေးရုံကြီးများတွင် လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသမှု အရေအတွက် ပျမ်းမျှနေ့စဉ် ခုနစ်ဦးခန့်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

သြဂုတ် ၁၀ ရက်မှ သြဂုတ် ၁၁ ရက်အထိ သံသယလူနာ ၂၅ ဦးအား ဓာတ်ခွဲစမ်းသပ် စစ်ဆေးခဲ့ရာ H1N1 ပိုးတွေ့လူနာ ၁၀ ဦး တွေ့ရှိခဲ့ကြောင်း၊ ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၁၁ ရက်အထိ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသသူ စုစုပေါင်း လူနာ ၅၃၅ ဦးအနက် H1N1 ပိုးတွေ့လူနာ စုစုပေါင်း ၂၀၄ ဦးရှိပြီး သြဂုတ် ၁၁ ရက်အထိ တစ်နိုင်ငံလုံး၌ သေဆုံးသူ ၂၃ ဦးအထိရှိကြောင်း H1N1 ဖြစ်ပွားမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက် အမှတ်စဉ် (၁၉) တွင် ဖော်ပြချက်အရ သိရသည်။

သြဂုတ် ၁၁ ရက်အထိ ဝေဘာဂီ အထူးကု ဆေးရုံကြီးတွင် H1N1 ပိုးတွေ့ အတွင်းလူနာ ငါးဦး၊ အခြားတိုင်းဒေသကြီး/ပြည်နယ်ဆေးရုံကြီးများတွင် H1N1 ပိုးတွေ့ အတွင်းလူနာ ၅၃ ဦး စုစုပေါင်း ၅၈ ဦး ဆက်လက်ဆေး ကုသမှု ခံယူလျက် ရှိကြောင်းနှင့် အထူးကုဆေးရုံကြီး(ဝေဘာဂီ)တွင်လည်း အတွင်းလူနာ အရေအတွက် သိသိသာသာ လျော့နည်းသွား ပြီဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသသူ စုစုပေါင်း လူနာ ၂၅၆ ဦး၊ ဓာတ်ခွဲ အတည်ပြု ဖြစ်ပွားသူ ၇၃ ဦးနှင့် ဓာတ်ခွဲ အတည်ပြု သေဆုံးသူ ဦးရေ ခုနစ်ဦးရှိကြောင်း၊ အထူးကုဆေးရုံကြီး(ဝေဘာဂီ)၌ ဆေးရုံတက်ရောက် ကုသနေသော လူနာရှစ်ဦးရှိရာ  သြဂုတ် ၁၀ ရက်တွင် ဆေးရုံဆင်းလူနာ သုံးဦးရှိပြီး လူနာတစ်ဦးမှာ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါ သက်သာကောင်းမွန်သော်လည်း အခြားရောဂါ အခံများအား ကုသရန် သင်္ဃန်းကျွန်း စံပြဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင် ကုသပေးလျက်ရှိကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ရောဂါစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လူနာနှင့် အနီးကပ် နေထိုင်သော မိသားစုဝင်များနှင့် လူနာအား ကျန်းမာရေး ပြုစုစောင့်ရှောက်မှုပေးသော ကျန်းမာရေးဝန်ထမ်းများတွင် ရောဂါပိုး ကူးစက်ခံရမှု နည်းပါးခြင်း၊ ချင်းပြည်နယ်မှအပ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အစုလိုက်ဖြစ်ပွားမှု မရှိခြင်းတို့ကြောင့် ယခုဖြစ်ပွားလျက်ရှိသည့် ရာသီတုပ်ကွေးရောဂါနှင့် ပတ်သက်၍ ပိုးတွေ့လူနာများနှင့် အနီးကပ်ထိတွေ့ နေထိုင်သူများတွင် ပြင်းထန်ရောဂါဖြစ်ပွားမှု (Secondary Attack Rate) မမြင့်မားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ထို့ပြင် ဝန်ကြီးဌာန အနေဖြင့် အထွေထွေရောဂါကု ဆရာဝန်များနှင့် ပူးပေါင်း၍ တုပ်ကွေးရောဂါ လက္ခဏာဖြင့် လာရောက် ပြသသူများ သိသိသာသာ များလာခြင်း ရှိ မရှိ ကိုလည်း မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ အထွေထွေရောဂါကု ဆရာဝန်များအသင်းတို့နှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ နည်းဗျူဟာများအဖြစ် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (Surveillance)၊ ရောဂါဖြစ်ပွားမှုကို ဖြစ်ပွားရာ နေရာ၌ အချိန်မီ ထိန်းချုပ်ခြင်း (Containment)၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ သက်ဆိုင်ရာ ဦးစီးဌာနများ၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ်များ ဆက်သွယ်ရေးနှင့် သတင်းပေးပို့စနစ်များ စနစ်တကျဖြစ်စေရန် စီမံခန့်ခွဲခြင်း၊ ပြည်သူ့ကျန်းမာရေး အရေးပေါ် စီမံခန့်ခွဲရေး ဗဟိုဌာန ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ ရောဂါ ဆက်လက်ပျံ့နှံ့မှု လျော့နည်းအောင် ဆောင်ရွက်ခြင်း၊ ထိရောက်သော ကုသမှုပေးခြင်း၊ အသိပညာပေးခြင်း၊ ဖြစ်နိုင်ခြေအပေါ် မူတည်၍ ဆက်သွယ်ဆောင်ရွက်ခြင်း၊ လိုအပ်သောပစ္စည်းများ ထောက်ပံ့ခြင်းကို စီမံခန့်ခွဲခြင်းနှင့် နှီးနွှယ်ဌာန အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခြင်းတို့အား ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent