ထိုင်းဘုရင်မင်းမြတ်ကပေးအပ်မည့် “The Knight Grand Cross (First Class) of the Most Exalted Order Of the White Elephant” အား လက်ခံရယူရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့သွားရောက်

ထိုင်းဘုရင်မင်းမြတ်ကပေးအပ်မည့် “The Knight Grand Cross (First Class) of the Most Exalted Order Of the White Elephant” အား လက်ခံရယူရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့သွားရောက်
Published 16 February 2018

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော်အရာရှိကြီးများ ကြိုဆိုစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ထိုင်းဘုရင်မင်းမြတ်မှပေးအပ်မည့် 'The Knight Grand Cross (First Class) of the Most Exalted Order Of the White Elephant' အား လက်ခံရယူရန်နှင့် ချစ်ကြည်ရေးခရီးသွားရောက်ရန် ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းက နေပြည်တော်လေဆိပ်မှ ထိုင်းနိုင်ငံသို့ ထွက်ခွာသွားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ရန်နှင့် ထိုင်းဘုရင်မင်းမြတ်မှ ပေးအပ်မည့်  'The Knight Grand Cross (First Class) of the Most Exalted Order Of the White Elephant' အပ်နှင်းခြင်းအခမ်းအနား တက်ရောက်ရန် သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ  သံရုံးယာယီတာဝန်ခံ Mr.Narong Boonsatheanwong ထိုင်းဘုရင့်တပ်မတော် လေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားကြပြီး ခရီးစဉ်အတွင်း ထိုင်းဘုရင်မင်းမြတ်မှ ပေးအပ်မည့်  'The Knight Grand Cross (First Class) of the Most Exalted Order Of the White Elephant' အား လက်ခံရယူခြင်းနှင့် အထင်ကရနေရာများအား လှည့်လည်ကြည့်ရှု လေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဒွန်မောင်း တပ်မတော်လေဆိပ် (Wing-6) သို့ ရောက်ရှိရာ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan  နှင့်ဇနီး၊ ထိုင်းဘုရင့်တပ်မတော်အရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်ခင်ဇော်နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

The Knight Grand Cross (First Class) of the Most Exalted Order Of the White Elephant ဘွဲ့တံဆိပ်သည် ထိုင်းဘုရင်မင်းမြတ်မှ နိုင်ငံ့အကျိုးသယ်ပိုးသည့် မင်းမျိုးမင်းနွယ်၊ စစ်ဘက်ခေါင်းဆောင်၊ အရပ်ဘက် ခေါင်းဆောင်၊ ပြည်ပပုဂ္ဂိုလ်များအား ပေးအပ်ချီးမြှင့်သည့် ဘွဲ့တံဆိပ်တစ်ခုဖြစ်ပြီး the Most Exalted Order Of the White Elephant ဘွဲ့တံဆိပ်အတန်းအစားရှစ်မျိုးအနက် ပထမအဆင့်ဖြစ်ကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် ယခုရရှိမည့်ဘွဲ့တံဆိပ်သည် ထိုင်းဘုရင်မင်းမြတ် ပေးအပ်ချီးမြှင့်သည့် ဒုတိယမြောက်ဘွဲ့တံဆိပ်ဖြစ်ပြီး ၂၀၁၃ ခုနှစ်ကလည်း The Knight Grand Cross (First Class) of the Most Noble Order of the Crown of Thailand တော်ဝင်ဘွဲ့တံဆိပ်ကို လက်ခံရရှိထားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်ကလည်း ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan သည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် လာရောက်ခဲ့ပြီး ခရီးစဉ်၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ရှေ့၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုခဲ့သည်။

ထို့နောက် နှစ်ဖက်တွေ့ဆုံ၍ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာရေးဆိုင်ရာကိစ္စရပ်များ၊ သင်တန်းသားများစေလွှတ်ရေးနှင့် နှစ်နိုင်ငံ တပ်မတော်ယဉ်ကျေးမှုအဖွဲ့နှင့် အားကစား အဖွဲ့များ အပြန်အလှန်စေလွှတ်ရေး၊ စစ်သင်္ဘောများ အပြန်အလှန်လည်ပတ်ရေး၊ တပ်မတော်နှစ်ရပ်အကြား အဆင့်အလိုက်  အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ ထာဝရငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်နေမှုအခြေအနေ များအား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

Most Recent