မကွေးတိုင်းအစိုးရအဖွဲ့ လစ်လပ်ဝန်ကြီးနှစ်ဦးနေရာအတွက် လွှတ်တော်ကိုယ်စားလှယ်မဟုတ်သည့် ဆည်မြောင်းဌာနနှင့် ပညာရေးဌာန အငြိမ်းစားနှစ်ဦးအား ခန့်ထားရန် တိုင်းလွှတ်တော်သို့ တင်သွင်း

မကွေးတိုင်းအစိုးရအဖွဲ့ လစ်လပ်ဝန်ကြီးနှစ်ဦးနေရာအတွက် လွှတ်တော်ကိုယ်စားလှယ်မဟုတ်သည့် ဆည်မြောင်းဌာနနှင့် ပညာရေးဌာန အငြိမ်းစားနှစ်ဦးအား ခန့်ထားရန် တိုင်းလွှတ်တော်သို့ တင်သွင်း
Published 15 February 2018

မကွေးတိုင်းဒေသကြီး လွှတ်တော်အရေးပေါ်အစည်းအဝေးကို ဖေဖော်ဝါရီ ၁၄ ရက်က ကျင်းပစဉ်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လစ်လပ်ဝန်ကြီးနှစ်ဦးနေရာအတွက် မကွေးမြို့တွင် နေထိုင်လျက်ရှိပြီး လွှတ်တော်ကိုယ်စားလှယ်မဟုတ်သည့် ဆည်မြောင်းဌာနနှင့် ပညာရေးဌာန အငြိမ်းစားနှစ်ဦးအား ခန့်ထားရန် တိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အဆိုပြုမှုကို ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၁၀ နာရီကကျင်းပသည့် ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးတွင် တင်သွင်းခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးတို့က ၎င်းတို့၏သဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်တင်သည်ကို နိုင်ငံတော်သမ္မတကလည်း ခွင့်ပြုခဲ့ကြောင်း၊ ထို့ကြောင့် လစ်လပ်နေသည့် ဝန်ကြီးနှစ်ဦးနေရာတွင် လွှတ်တော်ကိုယ်စားလှယ်မဟုတ်သည့် ဦးအေးငွေ (၆၉ နှစ်) နှင့် ဦးအောင်ကျော်မိုး (၆၇ နှစ်) တို့ကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဥပဒေပုဒ်မ (၈) နှင့်အညီ တာဝန်ပေးအပ်လိုကြောင်း ဒေါက်တာအောင်မိုးညို၏ကိုယ်စား တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက တင်သွင်းခဲ့ကြောင်း သိရသည်။

ဝန်ကြီးနှစ်ဦးနေရာအတွက် အဆိုပြုတင်သွင်းခံထားရသူများအနက် ဦးအေးငွေသည် မကွေးမြို့ အောင်မေတ္တာရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး မကွေးတိုင်းဒေသကြီး အတိုင်ပင်ခံ အင်ဂျင်နီယာများအဖွဲ့ခွဲတွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း၊ ၎င်းသည် ဆည်မြောင်းဦးစီးဌာန ဦးစီးအရာရှိမှ ညွှန်မှူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ဦးအောင်ကျော်မိုးသည် မကွေးမြို့ ကန်သာရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှ တွဲဖက်ပြည်နယ်ပညာရေးမှူးဖြင့် အငြိမ်းစားယူခဲ့ကြောင်း သိရသည်။

ဝန်ကြီးအဖြစ် အဆိုပြုတင်သွင်းခံရသူ နှစ်ဦးစလုံးက လုပ်ငန်းတာဝန်များကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ထမ်းဆောင်ကြမည်ဟု Eleven Media Group သို့ပြောကြားသည်။

“ကျွန်တော့်အနေနဲ့ နဂိုကလည်း တိုင်းရေးပြည်ရေး ရပ်ရေးရွာရေးကို ဒေသမှာဖွံ့ဖြိုးအောင် လုပ်ချင်တယ်ဆိုတဲ့ ဆန္ဒရှိပါတယ်။ လက်ရှိလည်း လုပ်နေပါတယ်။ ကိုယ့်ဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက် အစွမ်းကုန်ကြိုးစားဖို့ နဂိုကတည်းကလည်း ရည်ရွယ်ချက်ရှိတော့ အခုလိုတာဝန်ပေးလိုက်တော့ အားတက်သရော လုပ်နိုင်တာပေါ့” ဟု ဦးအေးငွေက ပြောကြားသည်။

“ယုံကြည်လို့ တာဝန်ပေးတာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်က နိုင်ငံနဲ့ ပြည်သူ့အကျိုးကို ကျွန်တော့်ရဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်သွားပါမယ်” ဟု ဦးအောင်ကျော်မိုးက ပြောကြားသည်။

မကွေးတိုင်းအစိုးရအဖွဲ့မှ လစ်လပ်ဝန်ကြီးနှစ်ဦး အသစ်ခန့်အပ်မည်ကို အများပြည်သူ စိတ်ဝင်စားမှုမြင့်တက်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များထဲမှ ခန့်အပ်မည်ဟု ထင်ကြေးပေး ကောလာဟလများလည်း ပေါ်ထွက်ခဲ့ကြောင်း၊ ဝန်ကြီးနှစ်ဦး ခန့်အပ်ရေးအဆိုကို ဗယ်လင်တိုင်းနေ့တွင် လွှတ်တော်သို့ တင်သွင်းခဲ့သောကြောင့် ဗယ်လင်တိုင်းဝန်ကြီးဟု ခေါ်ဝေါ်မှုများလည်းရှိနေကြောင်း သိရသည်။

“ဒီပုဂ္ဂိုလ်နှစ်ဦးနဲ့ ပတ်သက်ရင်တော့ အသေးစိတ်တော့ မသိရသေးပါဘူး။ သူတို့နှစ်ဦးရဲ့ ဆောင်ရွက်လာမယ့် အတိုင်းအတာကိုတော့ ပြောဖို့စောပါသေးတယ်။ ဝန်ကြီးချုပ်က တာဝန်ခံပြီးတော့ တင်သွင်းလာတာဖြစ်တဲ့အတွက် ဝန်ကြီးချုပ်က တာဝန်ခံရမယ်။ သူ့ဘက်ကလည်း စွမ်းဆောင်နိုင်မှုအပေါ်မှာ ယုံကြည်မှုရှိလို့သာ တင်သွင်းလာတယ်လို့ ယေဘုယျနားလည်ပါတယ်” ဟု မကွေးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းက မီဒီယာများသို့ ပြောကြားသည်။

တိုင်းဝန်ကြီးချုပ် အဆိုပြုတင်သွင်းလာသည့် ဝန်ကြီးနှစ်ဦး၏ အမည်စာရင်းများနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဥပဒေနှင့်အညီ ဆွေးနွေးမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၆ ရက်တွင် အစည်းအဝေးပြန်လည်ကျင်းပရန် လွှတ်တော်ဥက္ကဋ္ဌ ဦးတာက ကြေညာခဲ့ကြောင်း သိရသည်။

Most Recent