အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းအဆင့် (၂) အတွက် JICA ထံမှ ဂျပန်ယန်း ၁၄ ဒသမ ၉၄၉ ဘီလျံချေးယူမည်ဖြစ်ပြီး လုပ်ငန်းရှင်တစ်ဦးလျှင် အများဆုံး ကျပ်သန်း ၅၀၀ ထုတ်ချေးနိုင်မည်

အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းအဆင့် (၂) အတွက် JICA ထံမှ ဂျပန်ယန်း ၁၄ ဒသမ ၉၄၉ ဘီလျံချေးယူမည်ဖြစ်ပြီး လုပ်ငန်းရှင်တစ်ဦးလျှင် အများဆုံး ကျပ်သန်း ၅၀၀ ထုတ်ချေးနိုင်မည်
Published 14 February 2018

အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းအဆင့် (၂) အတွက် JICA ထံမှ ဂျပန်ယန်း ၁၄ ဒသမ ၉၄၉ ဘီလျံချေးယူမည်ဖြစ်ပြီး လုပ်ငန်းရှင်တစ်ဦးလျှင် အများဆုံးအဖြစ် ကျပ်သန်း ၅၀၀ ထုတ်ချေးနိုင်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

ဖေဖော်ဝါရီ ၁၃ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီထံမှ ချေးငွေရယူရန်နှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့သည်။

ဒုတိယဝန်ကြီးက အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအဆင့် (၂) အတွက် ဂျပန်နိုင်ငံ JICA ထံမှ ချေးငွေဂျပန်ယန်း ၁၄ ဒသမ ၉၄၉ ဘီလျံ (မြန်မာကျပ်ငွေ ၁၈၀ ဘီလျံခန့်)ချေးယူမည်ဖြစ်ကြောင်း၊ စီမံကိန်းအဆင့် (၁) အတွက် ဂျပန်ယန်း ၅ ဒသမ ၀၃၃ ဘီလျံ (မြန်မာကျပ်ငွေ ၆၁ ဒသမ ၆၅၄ ဘီလျံခန့်) ရယူဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် SMEs လုပ်ငန်းပေါင်း ၆၀၀၀၀ ကျော်ရှိသည့်အတွက် ချေးငွေပံ့ပိုးရန် လိုအပ်မှုများရှိနေကြောင်း၊ ထို့အတွက် နိုင်ငံတော်က အဆင့် (၂) စီမံကိန်းအဖြစ် ဆက်လက်အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း၊ ယခုချေးငွေသည် ဆိုင်းငံ့ကာလ ၁၀ နှစ်၊ ပြန်ဆပ်ကာလ နှစ် ၃၀ ဖြစ်ကာ ချေးငွေသက်တမ်းနှစ် ၄၀ ဖြစ်ကြောင်း၊ အတိုးနှုန်းအနေဖြင့် တစ်နှစ်လျှင် ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြစ်ကြောင်း၊ အတိုးကျသင့်ငွေကို တစ်နှစ်နှစ်ကြိမ်ဆပ်ရမည်ဖြစ်ကြောင်း၊ အရင်းပြန်လည်ပေးဆပ်မှုအား ဆိုင်းငံ့ကာလကျော်ပါက တစ်နှစ်နှစ်ကြိမ်နှုန်း ပေးဆပ်ရမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ယခုစီမံကိန်းအဆင့် (၂) အကောင်အထည်ဖော်ရာတွင် ချေးငွေအတွက်လိုအပ်သည့် အာမခံပစ္စည်း အပြည့်အဝတင်ပြနိုင်ခြင်းမရှိသော SMEs လုပ်ငန်းရှင်များသို့ Credit Guarantee Insurance စနစ်အားအသုံးပြု၍ ထုတ်ချေးနိုင်ရန်ချေးငွေ၏ ၁၀ ရာခိုင်နှုန်းအား သတ်မှတ်ပေးထားကြောင်း၊ ငွေထုတ်ချေးသူ JICA ၏ မေတ္တာရပ်ခံချက်အရ ဂျပန်ကုမ္ပဏီများနှင့် ဆက်သွယ်လုပ်ကိုင်နေသည့် SMEs လုပ်ငန်းရှင်များသို့ ထုတ်ချေးရန်ချေးငွေ၏ ရာခိုင်နှုန်း ၂၀ အသုံးပြုရမည်ဖြစ်ကြောင်း၊ စီမံကိန်းအား ထပ်ဆင့်ချေးငွေပုံစံဖြင့် ဆောင်ရွက်ရာတွင် SMEs လုပ်ငန်းရှင်များထံမှ ကောက်ခံမည့်အတိုးနှုန်းမှာ တစ်နှစ်လျှင် ၈ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ယင်းသို့သတ်မှတ်ရခြင်းမှာ မြန်မာနိုင်ငံတွင် အပ်ငွေအပေါ်ပေးသည့်အတိုးနှုန်းမှာ တစ်နှစ်လျှင် ရှစ်ရာခိုင်နှုန်းဖြစ်သည့်အတွက် JICA နှင့်ညှိနှိုင်းသဘောတူညီချက်အရ သတ်မှတ်ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ချေးငွေထုတ်ချေးသည့်အခါ သက်ဆိုင်ရာဌာနအဖွဲ့အစည်းက ထုတ်ပေးထားသည့် လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရှိသူများကိုသာ ထုတ်ချေးမည်ဖြစ်ပြီး ချေးငွေအတွက်လုံလောက်သည့် အာမခံပစ္စည်း တင်ပြနိုင်သူများကိုသာ ဘဏ်စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ထုတ်ချေးမည်ဖြစ်ကြောင်း၊ အာမခံပစ္စည်းမပေးနိုင်သော်လည်း လုပ်ငန်းကောင်းသူများအတွက် CGI စနစ်ဖြင့်ရယူနိုင်ရန် လမ်းဖွင့်ပေးထားကြောင်း၊ CGI စနစ်ဖြင့် ချေးသည့်အခါ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုအရ ချေးငွေပမာဏအား အကန့်အသတ်ဖြင့် ကျပ်သိန်း ၂၀၀ အထိသာ ထားရှိရခြင်းဖြစ်ကြောင်း၊ ဤချေးငွေအစီအစဉ်အရ လုပ်ငန်းရှင်တစ်ဦးလျှင် အများဆုံး ကျပ်သန်း ၅၀၀ အထိ ထုတ်ချေးနိုင်မည်ဖြစ်ပြီး ချေးငွေသက်တမ်းသည် သုံးနှစ်မှ ငါးနှစ်အထိဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

စီမံကိန်းအဆင့် (၁) အကောင်အထည်ဖော်ခဲ့သည့် အတွေ့အကြုံအရ ချေးငွေကို တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံးသို့ ရောက်ရှိရေး၊ နိုင်ငံတော်၏ စီးပွားရေးမူဝါဒများနှင့် ညီညွတ်ရေး၊ SMEs လုပ်ငန်းရှင်အစစ်အမှန်များထံ ချေးငွေရောက်ရှိရေးအတွက် စီမံကိန်းအဆင့် (၂) တွင် JICA နှင့်ညှိနှိုင်း၍ PFLs များလိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ထပ်မံပြင်ဆင်သွားမည်ဖြစ်ကြောင်း၊ ဂျပန်မှပေးသော ချေးငွေသည် နှစ် ၄၀ ဖြစ်ပြီး လုပ်ငန်းရှင်တစ်ဦးချင်းသို့ နှစ်တို သုံးနှစ်၊ နှစ်လတ်ငါးနှစ်သက်တမ်းဖြင့် ထုတ်ချေးနိုင်သည့်အတွက် တစ်ဦးပြန်ဆပ်ငွေကို နောက်တစ်ဦးသို့ ထုတ်ချေးနိုင်သည့်ပုံစံဖြင့် အကြိမ်ကြိမ်ထုတ်ချေးနိုင်ခြင်းဖြစ်ကြောင်း၊ စီမံကိန်းသတ်မှတ်ချက်များအရ တစ်ကြိမ်ထုတ်ယူပြီးသူသည် နောက်တစ်ကြိမ်ရမည်မဟုတ်ကြောင်း၊ JICA ၏ရည်ရွယ်ချက်အရလည်း Customer အသစ်များကိုသာ ထုတ်ချေးစေလိုကြောင်း၊ များပြားလှသည့် SMEs လုပ်ငန်းများထဲမှ သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်၍ ချေးငွေပံ့ပိုးခြင်းဖြင့် အကူအညီပေးရန် ရည်ရွယ်ထားပြီး ချေးငွေလျှောက်ထားသည့် ရည်ရွယ်ချက်အတိုင်း သုံးစွဲခြင်း ရှိ မရှိကို စောင့်ကြည့်ကြပ်မတ်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ယင်းချေးငွေနှင့်ပတ်သက်ပြီး ဆွေးနွေးမည့် ကိုယ်စားလှယ်များအနေဖြင့် အမည်စာရင်းတင်သွင်းနိုင်ပြီး ဖေဖော်ဝါရီ ၁၆ ရက်တွင်ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ဆိုသည်။

Most Read

Most Recent