လက်နက်များ ခဏဘေးဖယ်ပြီး တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းများတွင် မိသားစုအချင်းချင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြည့်ကာ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးစတင်မှု အသစ်တစ်ခု အစပြုပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

လက်နက်များ ခဏဘေးဖယ်ပြီး တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းများတွင် မိသားစုအချင်းချင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြည့်ကာ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးစတင်မှု အသစ်တစ်ခု အစပြုပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
Published 14 February 2018

ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်တွင် ပြုလုပ်သော NCA စာချုပ်တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ ပါဝင်လက်မှတ်ရေးထိုးပွဲ အခမ်းအနား၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ-ဇေယျာထွန်း)

လက်နက်များ ခဏဘေးဖယ်ပြီး တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းများတွင် မိသားစုအချင်းချင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြည့်ကာ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေး စတင်မှု အသစ်တစ်ခုကို အစပြုပေးရန် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နေပြည်တော် MICC-2 တွင် ဖေဖော်ဝါရီ ၁၃ ရက်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ ပါဝင်လက်မှတ် ရေးထိုးပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာတွင် ၎င်းကထိုသို့ ပြောကြားခြင်းဖြစ်သည်။

NCA လက်မှတ်ရေးထိုးသည့် အဖွဲ့အရေအတွက် မများလှသော်လည်း ယခုလက်မှတ်ရေးထိုးပွဲ အခမ်းအနား ထမြောက်အောင်မြင်အောင် လျှောက်လှမ်းလာခဲ့သည့်ခရီးသည် မလွယ်ကူလှကြောင်း၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် အနာဂတ်တွင် ပေါ်ထွန်းလာမည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး၏ အုတ်မြစ်ကို အတူတကွ လက်တွဲပြီး စိုက်ထူကြရန် စိတ်ပိုင်းဖြတ်လိုက်သော ခြေလှမ်းတစ်လှမ်း ဖြစ်သည့်အတွက် အဆိုပါ ခြေတစ်လှမ်းကို ရဲရဲကြီး တက်လှမ်းလိုက်သည့် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုဂုဏ်ပြုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ထို့ပြင် NCA သည် ငြိမ်းချမ်းရေးဖြစ်စဉ်၏ လမ်းဆုံးမဟုတ်ဘဲ ငြိမ်းချမ်းရေးဖြစ်စဉ်၏ အစ၊ နိုင်ငံရေး ဆွေးနွေးပွဲများ အစ၊ လက်နက်ကိုင်ပဋိပက္ခ လျှော့ချခြင်းများ၏အစ၊ တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် နိုင်ငံရေး ပြဿနာများကို ညှိနှိုင်းတိုင်ပင် အဖြေရှာမည့် နိုင်ငံရေးဖြစ်စဉ်၏ အစပင်ဖြစ်ကြောင်း၊ နှစ်ဖက်အဖွဲ့အစည်းများ အကြား အပြန်အလှန် သဘောတူညီချက် (Bilateral Agreement) များရှိခဲ့သည်မှာ မှန်သော်လည်း ပြည်သူများအား သိစေချင်သည်မှာ အဆိုပါ သဘောတူညီချက်များနှင့် ပတ်သက်၍ တစ်ဖက်နှင့်တစ်ဖက် အငြင်းပွားဖွယ်ရာများ ဖြစ်လာပါက မည်သို့ညှိနှိုင်း ဖြေရှင်းမည် ဆိုသည်ကို ဖြေရှင်းရေးယန္တရားများ မပါကြောင်း၊ NCA ဆိုသည်မှာ လက်နက်ကိုင် ပဋိပက္ခများ လျော့နည်းသွားအောင်၊ အငြင်းပွားမှုများ ပေါ်ပေါက်လာခဲ့ပါက တစ်ဖက်နှင့် တစ်ဖက် လက်နက်ကိုင်ဖြေရှင်းခဲ့သည့် အခြေအနေမှသည် စားပွဲဝိုင်းတွင် ညှိနှိုင်းဆွေးနွေး ဖြေရှင်းနိုင်အောင် စတင်လိုက်သည့် စတင်ခြင်းအသစ်ဟု ပြောချင်ကြောင်း ၎င်းကဆိုသည်။

“အတိတ်က သံသယတွေ၊ အာဃာတတွေ ပစ္စုပ္ပန်အပေါ် အရိပ်ထိုးတတ် ကြပါတယ်။ ဒါဟာ လူ့သဘာဝအရ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့အားလုံး ပြီးခဲ့တဲ့ အတိတ်ကို သင်ခန်းစာယူပြီး တိုင်းပြည်ရဲ့ အနာဂတ်အတွက်၊ ကျွန်မတို့ ပြည်သူတွေရဲ့ အနာဂတ်အတွက် ရှေ့ကိုခြေလှမ်းတစ်လှမ်း ရဲရဲကြီး လှမ်းလိုက်ဖို့ ပြောချင်ပါတယ်။ လက်နက်တွေ ခဏဘေးဖယ်ပြီး တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းတွေမှာ မိသားစုအချင်းချင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြည့်ကြဖို့၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးအတွက် စတင်မှုအသစ် တစ်ခုကို အစပြုပေးကြဖို့ ပြောကြားလိုပါတယ်။ ကျွန်မတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ အားလုံးသဘောတူ လက်ခံနိုင်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းရေးအတွက် ဦးတည်ကြိုးပမ်းနေတဲ့ (၂၁) ရာစု ပင်လုံညီလာခံ လမ်းကြောင်းကို မမှိတ်မသုန် ဆက်လက် လျှောက်လှမ်းသွားဖို့ သန္နိဋ္ဌာန်ချထားပြီး ဖြစ်ပါတယ်။ ဘယ်လိုအခက်အခဲမျိုး၊ ဘယ်လို စိန်ခေါ်မှုမျိုး ကြုံတွေရသည်ဖြစ်စေ ဖက်ဒရယ်ပန်းတိုင် အပျောက်မခံဘဲ ခြေလှမ်းမှန်မှန်နဲ့ ရှေ့ကိုဆက်ပြီး လျှောက်လှမ်းသွားမှာ ဖြစ်ကြောင်း အလေးအနက် ပြောလိုပါတယ်” ဟု  ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့ပြင် မိမိတို့၏ အမျိုးသားပြန်လည် သင့်မြတ်ရေးပန်းတိုင် ဖက်ဒရယ်ခရီးသည် ချောချောမွေ့မွေ့ သာသာယာယာနှင့် ဖြတ်သန်းရမည် မဟုတ်ဘဲ ငြိမ်းချမ်းရေးခရီးသည် တာဝေးခရီး ဖြစ်သည့်အတွက် စိတ်ဓာတ်နှင့် ယုံကြည်မှုသည် အရင်းခံဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ဖက်ဒရယ် ဆိုသည်မှာ သမိုင်း၏ လိုအပ်ချက်တစ်ရပ်၊ ပြည်ထောင်စု၏ ထွက်ရပ်လမ်း တစ်ရပ်အဖြစ် ရောက်ရှိနေခဲ့ပြီးဖြစ်ကြောင်း၊ မည်သည့် ဖက်ဒရယ်မျိုးနည်းဟု မေးပါက မိမိတို့နိုင်ငံ၊ မိမိတို့နိုင်ငံ ပြည်သူများအတွက် ရေရှည်တည်တံ့ခိုင်မြဲမည့် ညီညွတ်သော ပြည်ထောင်စုကြီးကို ထိန်းသိမ်းပေးနိုင်မည့် ဖက်ဒရယ်မျိုးပင် ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် နိုင်ငံအားလုံးအတွက် အံဝင်ခွင်ကျဖြစ်စေမည့် တစ်ခုတည်းသော ဖက်ဒရယ်စနစ် မရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

“ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့ နိုင်ငံသားတွေ ညီညွတ်ဖို့လိုတယ်။ ညီညွတ်တဲ့ ပြည်ထောင်စုတွေကသာ ဖက်ဒရယ်ကို ခိုင်ခိုင်မာမာ ရေရှည်ကျင့်သုံး ထိန်းသိမ်းနိုင်တာ ဖြစ်ပါတယ်။ ညီညွတ်ရေးကို တည်ဆောက်နိုင်ဖို့ အတွက် နားလည်မှုနဲ့ ယုံကြည်မှုတွေကို ဦးစွာတည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျန်ရှိနေသေးတဲ့ အဖွဲ့အစည်းတွေကို ကျွန်မတို့ရဲ့ နိုင်ငံရေးဆွေးနွေးပွဲ စားပွဲဝိုင်းတွေကို လာရောက်ကြဖို့ ညှိနှိုင်းနေ၊ ဖိတ်ခေါ်နေတာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

လက်ရှိတွင် ပြည်သူများက ၂၁ ရာစု ပင်လုံညီလာခံကို မျှော်လင့်ချက်ကြီးကြီးဖြင့် စောင့်ကြည့်နေကြပြီး မိမိတို့၏ တုဖက်ပြိုင်ဆိုင်မှုများ၊ မာန်မာနနှင့် အာဃာတ တိုးတိုက်မှုများကို ပြည်သူများက အကဲဖြတ်ကြမည် ဖြစ်ကြောင်း၊ အတိတ်၌သာခဲ့သည်များ၊ နာခဲ့သည်များ ပြန်လည်သယ်ဆောင်နေဦးမည် ဆိုပါက မိမိတို့၏ ညီညွတ်ရေးကို ပိုမိုကွဲဟစေမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

Most Read

Most Recent