လမ်းပိုင်းပြတ်တောက်ကာ ရိက္ခာပြတ်လပ်မှုကြောင့် ပူတာအိုဒေသခံ ရာနှင့်ချီ ဆန္ဒပြ

လမ်းပိုင်းပြတ်တောက်ကာ ရိက္ခာပြတ်လပ်မှုကြောင့် ပူတာအိုဒေသခံ ရာနှင့်ချီ ဆန္ဒပြ
Published 14 February 2018

ပူတာအိုဒေသခံများ ဖေဖော်ဝါရီ ၁၃ ရက်က ဆန္ဒပြကြစဉ်

လမ်းပိုင်းပြတ်တောက်ကာ ရိက္ခာပြတ်လပ်မှုကြောင့် ပူတာအိုဒေသခံ ရာနှင့်ချီ ဆန္ဒပြမှု ဖေဖော်ဝါရီ ၁၃ ရက်က ဆန္ဒပြမှုဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။ ယင်းဆန္ဒဖော်ထုတ်မှုကို ရဝမ်၊ လီဆူ၊ ဂျိန်းဖောစသည့် စာပေနှင့် ယဉ်ကျေးမှုခေါင်းဆောင်များက ဦးဆောင်ခဲ့ပြီး ငြိမ်းချမ်းရေး အမြန်တည်ဆောက်ပါ။ စက်ယန္တရားများ ဖျက်ဆီးခြင်းချက်ချင်းရပ်၊ စစ်ရေးကိုအကြောင်းပြပြီး ဈေးတင်ရောင်းချမှုမလိုလား၊ လမ်းတံတားဖျက်ဆီးသူတို့ရန်သူ၊ လူထုဆန္ဒသဘောထား အောင်ရမည်၊ ပြည်ထောင်စုမပြိုကွဲရေး တို့အရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး တို့အရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး တို့အရေး စသည့်ကြွေးကြော်သံများဖြင့် လမ်းလျှောက်ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူတစ်ဦးဖြစ်သူ ဦးချန်းဂျောင်ဆားက “ဆန္ဒပြတဲ့အကြောင်းရင်းကတော့ လမ်းပိုင်းတွေ ပြတ်တောက်တယ်။ ရိက္ခာပြတ်တယ်။ အဲဒါကြောင့်ပါ။ မနက် ၈ နာရီနှင့် ၉ နာရီကြားမှာ ဆန္ဒဖော်ထုတ်ကြတာ။ တရားဝင်လုပ်ကြတာပါ။ ဒီမှာက ဆီဈေးတက်နေတော့ ရွာကလူတွေက မလာနိုင်ကြဘူး။ ခြေလျင်ခရီးက ဝေးတယ်လေ။ ၃၀၀ ကျော်လောက် ပါဝင်ပါတယ်။ ကုန်ဈေးနှုန်းတွေက တဖြည်းဖြည်းချင်းကိုတက်သွားတာ။ ဓာတ်ဆီတစ်ဂါလန်ကို တစ်သောင်းခွဲနှင့် နှစ်သောင်းကြားရောက်သွားပြီ။ အရောင်းဆိုင်တွေလည်း ကုန်ကြပြီ။ ဒီအတိုင်းသွားရင် အဆိုးချည်းပဲ။ စားသောက်ကုန်လည်း ဒီအတိုင်းပဲ။ ပြည်သူတွေ အားလုံးလည်းငြီးနေကြပြီ။ အဓိကတော့ ငြိမ်းချမ်းရေးရစေချင်ပြီ။ လမ်းတံတားတွေဖျက်တာလည်း ရပ်စေချင်ပြီ” ဟုပြောကြားသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့က ပူတာအိုဒေသသို့ ဆန်အိတ်များ အကူအညီပေးရန် စီစဉ်နေကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာ သင်းလွင်က ဆိုသည်။

ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KIA က ဖျက်ဆီးခဲ့သော မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်းအား လျင်မြန်စွာပြုပြင်ပေးနိုင်ရေး ကချင်ပြည်နယ်လွှတ်တော်တွင် အရေးကြီးအဆိုကို ဖေဖော်ဝါရီ ၇ ရက်က တင်သွင်းခဲ့သည်။

အဆိုရှင်ဖြစ်သူ ဦးခန်လင်က ပူတာအိုခရိုင်ဟာ မြန်မာနိုင်ငံမြောက်ဘက်အကျဆုံး ခရိုင်ဖြစ်ပြီး ဖွံ့ဖြိုးမှုအနည်းဆုံး ခရိုင်တစ်ခုဖြစ်ပါကြောင်း၊ ပူတာအိုမြို့သို့ ကုန်းကြောင်း၊ လေကြောင်းသွားလာနိုင်သော်လည်း ကုန်စည်အတွက် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းကြောင်းကို အဓိကအသုံးပြုနေရတာဖြစ်ပါကြောင်း၊ ဇန်နဝါရီ ၂၈ ရက်မှ ၃၀ ရက်အတွင်း ကေအိုင်အေလက်နက်ကိုင်အဖွဲ့က ဆွမ်ပရာဘွမ်မြို့နယ်အပိုင်းတွင် ဆီနင်ခတံတားနှင့် လမ်းပိုင်းနှစ်နေရာကို ဖျက်ဆီးခဲ့ပြီး မော်တော်ယာဉ်များ သွားလာမရဖြစ်လာခဲ့ပါကြောင်း၊ လမ်းလုပ်သားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ဒုက္ခရောက်ကြသည်မှာ လမ်းလုပ်သားများသာမက ပူတာအိုခရိုင်အတွင်းရှိ ဝန်ထမ်းများ၊ ဒေသခံပြည်သူများဖြစ်ပါကြောင်း၊ ဓာတ်ဆီတစ်ပုံးကို ကျပ်တစ်ထောင်မှ သုံးထောင်အထက် တက်သွားကြောင်း၊ ဆန်နို့ဆီသုံးဘူး တစ်ထောင်ကျပ်အထိ ဈေးတက်လာကြောင်း၊ ယခုအဖြစ်ဆိုးကြောင့် လောင်စာဆီပြတ်လပ်ခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ ကုန်စည်ပြတ်လပ်ခြင်းများကို ကြုံတွေ့နေရပြီဖြစ်ကြောင်း၊ ထို့ကြောင့် လမ်းပိုင်းကို ဆောလျင်စွာပြုပြင်ခြင်းပြုလုပ်ပြီး လုံခြုံရေးတာဝန်များကို အပြည့်အဝချထားစေလိုပါကြောင်း၊ ထို့ကြောင့် ယခုအဆိုကို တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း လွှတ်တော်တွင် တင်ပြခဲ့သည်။

ကချင်ပြည်နယ် လီဆူတိုင်းရင်းသားရေးရာဝန်ကြီးက လတ်တလောအခြေအနေများနှင့်ပတ်သက်ပြီး အရေးကြီးသည့် ဆန်၊ ဆီ၊ ဆား ဈေးမတက်စေရေးအတွက် ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရတွင် တာဝန်ရှိနေပြီး ရက်ပိုင်းအတွင်း လေကြောင်းအကူအညီဖြင့် ဖြေရှင်းပေးနိုင်ရန်၊ စီစဉ်ထားကြရန် လွှတ်တော်တွင် တိုက်တွန်းခဲ့သည်။

ပူတာအိုခရိုင်တွင် မြို့နယ်ခြောက်မြို့နယ်ရှိပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ ၉၁၂၅၇ ဦး နေထိုင်ကြောင်းသိရပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲ့ခြင်း၊ ဖွံ့ဖြိုးမှုအားနည်းခြင်း စသည့်အခြေအနေများကြောင့် မြန်မာနိုင်ငံတွင် တစ်နှစ်အောက် ကလေးသေနှုန်း အမြင့်ဆုံးခရိုင်တစ်ခုဖြစ်သည်။

Most Read

Most Recent