နေပြည်တော် ဥတ္တရသီရိ မြို့နယ်တွင် ကလေးငယ်တစ်ဦး ဗုံးသီးဟောင်းအား ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွား

နေပြည်တော် ဥတ္တရသီရိ မြို့နယ်တွင် ကလေးငယ်တစ်ဦး ဗုံးသီးဟောင်းအား ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွား
Published 13 February 2018

နေပြည်တော် ဥတ္တရသီရိမြို့နယ်၌ ကလေးငယ်တစ်ဦး ဗုံးသီးဟောင်းအား ဆော့ကစားရာမှ ပေါက်ကွဲသည့်ဖြစ်စဉ် ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၈ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ စည်ပင်သာကျေးရွာ၊ ကြပ်မြှောင်တဲစုနေ အသက် ၁၀ နှစ်အရွယ် မောင်ကံထူးမောင်က ကောက်ယူရရှိခဲ့သော ၄၀ မမ ဗုံးသီးအဟောင်းအား ဆော့ကစားရင်း မီးလှုံနေသော မီးဖိုအတွင်းသို့ ပစ်ချမိခဲ့ရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဥတ္တရသီရိမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ယာယီရဲမှူးစိန်ဝင်းက ပြောကြားသည်။

အဆိုပါပေါက်ကွဲမှုနှင့် ပတ်သက်ပြီး နေပြည်တော် MICC 2 ခန်းမတွင်  တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကျင်းပချိန်နှင့် တိုက်ဆိုင်နေသည့်အတွက် ဝေဖန်ပြောဆိုမှုများ ရှိနေသော်လည်း မည်သည့်အရောင်အသွေးမှ မပါဘဲ ဗုံးသီးအဟောင်းအား ဆော့ကစားရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းသာ ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“မဆိုင်ပါဘူးဗျ၊  ကလေးတွေက ဆော့စရာအောက်မေ့လို့ ကောက်ရလို့ ဆော့ရင်းနဲ့ဖြစ်တာ၊ ကျန်တဲ့ ဘာအသွေးအရောင်မှ မပါ ပါဘူးခင်ဗျ” ဥတ္တရသီရိမြို့နယ် ရဲတပ်ဖွဲ့မှူး၊ ရဲမှူးစိန်ဝင်းက ပြောကြားသည်။

“NCA လက်မှတ်ရေးထိုးတဲ့ နေရာနဲ့လည်း တခြားစီပါ၊ အဝေးကြီး မိုင် ၄၀၊ ၅၀ လောက်ဝေးတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါပေါက်ကွဲမှုကြောင့် မီးပုံအနီး ၁၀ ပေခန့်အကွာတွင် နေပူစာလှုံနေသော ၁၃ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးနှင့် ၎င်းပွေ့ချီထားသော အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦးတို့တွင် ဗုံးစထိမှန်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး ကုတင် ၁၀၀၀ ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရကြောင်း သိရသည်။

 

Most Read

Most Recent