မြန်မာ-အိန္ဒိယနယ်စပ် အငြင်းပွားနယ်မြေရှိ နယ်စပ်စည်းပေါ်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွား

မြန်မာ-အိန္ဒိယနယ်စပ်၌ ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သော နေရာသို့ နှစ်နိုင်ငံ တာဝန်ရှိသူများ လာရောက်စစ်ဆေးနေစဉ်

မြန်မာ-အိန္ဒိယနယ်စပ် အငြင်းပွားနယ်မြေရှိ နယ်စပ်စည်းပေါ်တွင် သြဂုတ် ၁၂ ရက် နံနက် ၆ နာရီ မိနစ် ၂၀ ခန့်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း တမူးမြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးမြင့်ဇော်၏ ပြောကြားချက်အရ သိရသည်။

“ဒီကနေ့ မနက် ၆ နာရီ မိနစ် ၂၀ လောက်မှာ ဖြစ်တာ။ အိန္ဒိယနိုင်ငံ မိုးရေးမြို့ဘက်က ဘောလုံးကွင်း နံဘေးနားလေးမှာ ဖြစ်တာ။ လူတွေ ဘာမှတော့ အန္တရာယ် မရှိဘူး။ ဒီအတိုင်း ပေါက်ကွဲသွားတာ။ ထောင်ထားတဲ့မိုင်းလို့တော့ ပြောတယ်။ ဟိုဘက်တပ်ကလည်း လာတယ်။ ဒီဘက်ကတပ်ကလည်း သွားတယ်။ အရပ်သားတွေကတော့ အ၀င်ရခက်တာပေါ့။ အဲဒီ ပေါက်ကွဲတဲ့နေရာက ကျွန်တော်တို့ နိုင်ငံဘက် ကျတယ်။ ဒါပေမဲ့ သူတို့ဘက်ဆိုပြီး ပြောကြတာပေါ့။ အခုနေရာက မိုင်တိုင်တွေက အငြင်းပွားတဲ့နေရာ ဖြစ်နေတာ။ သူတို့က (အိန္ဒိယနိုင်ငံဘက်) လည်း သူတို့ဘက်လို့ ပြောသလို တို့ကလည်း တို့ဘက်လို့ ပြောတာပေါ့။ မိုးရေးမြို့ ဘောလုံးကွင်း မြောက်ဘက်နားမှာ။ အသံကတော့ တော်တော်ကျယ်တယ်။ ကျင်းဖြစ်သွားတာကလည်း တော်တော်ကျယ်တယ်။ ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ နှစ်နိုင်ငံ လုံခြုံရေးတွေ ရောက်နေပြီ။ အဲဒီနားကို သွားခွင့်မရှိဘူးဆိုပြီး ပိတ်လိုက်တယ်။ နှစ်နိုင်ငံ ဒေသအာဏာပိုင်တွေ အချင်းချင်း ပြောကြဆိုကြတယ်။ ဟိုတစ်ခါလည်း အဲဒီနားလေး တစ်ခါ မိုင်းကွဲဖူးတယ်။ ဒါမျိုးပေါက်ကွဲမှု မဖြစ်တာ ကြာပြီ။ အေးချမ်းနေတာ။ ကျွန်တော်တို့ အထင်ကတော့ အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် မိုဒီ လာမယ်ဆိုတော့ နှစ်နိုင်ငံ နယ်စပ်ကို ဂရုစိုက်လာအောင် လုပ်လေသလားလို့ ထင်မိတယ်။ မိုဒီကလည်း နယ်စပ်ကိစ္စတွေ ပြောဆိုဆွေးနွေးမယ် ပြောထားတာ ရှိတယ်လေ” ဟု ဦးမြင့်ဇော်က ပြောကြားသည်။

မြန်မာ-အိန္ဒိယ နယ်စပ်တွင် ပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားခြင်းများအပြင် သေနတ်ပစ်ခတ်မှုများလည်း မကြာခဏ ဖြစ်ပွားလေ့ ရှိသည်ဟု သိရသည်။

“ဒီလို အဖြစ်အပျက်တွေက မကြာခဏ ဖြစ်ပွားလေ့ ရှိပါတယ်။ အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ကလည်း နီးပြီဆိုတော့ အဲဒီဘက်မှာ လုံခြုံရေးတွေ ချထားတာ။ အဲဒီနား ကပ်ဖြစ်တာပဲ။ နှစ်နိုင်ငံ သဘောတူညီချက် အရတော့ နယ်စပ်မျဉ်းပေါ်ဖြစ်တယ်လို့ ပြောတာပဲ။ ဖြစ်တဲ့အချိန်က တော်တော်စောသေးတယ်။ အခုတော့ အဲဒီနေရာမှာ အမှိုက်တွေ၊ မြက်ပင်တွေ ရှင်းနေပြီ။ ဘာလို့ ဒီလိုလုပ်တယ်ဆိုတာ မပြောတတ်ပါဘူး။ ဘာကြောင့်ဆိုတာလည်း မှန်းဆရတာ မလွယ်ဘူး။ သုံးသပ်ဖို့ရာလည်း မလွယ်ဘူး။ လူထိခိုက်မှု မရှိဘူး” ဟု တမူးမြို့ခံ တစ်ဦးက ပြောကြားသည်။