UNFC အဖွဲ့ဝင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး ယနေ့ NCA ရေးထိုးမည်

UNFC အဖွဲ့ဝင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး ယနေ့ NCA ရေးထိုးမည်
Published 13 February 2018

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ ကျင်းပမည့် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၂) ကို ဖေဖော်ဝါရီ ၁၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ကျော်မျိုး)

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက် (ယနေ့) တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) တွင် ပြုလုပ်မည်ဖြစ်သည်။

အဆိုပါ NCA လက်မှတ်ရေးထိုးမည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့အား  မတရားအသင်းများ အက်ဥပဒေအရ မတရားအသင်းအဖြစ်မှ ပယ်ဖျက်လိုက်ကြောင်းနှင့် အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်သူများ မဟုတ်ကြောင်းလည်း ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြည်ထဲရေး ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာများ ထုတ်ပြန်ခဲ့သည်။

မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့သည် ဇန်နဝါရီ ၂၃ ရက်က နေပြည်တော်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် သီးခြားစီတွေ့ဆုံပြီးနောက် အဆိုပါနေ့၌ပင် NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ ဒုတိယအကြိမ် ပုံမှန်ကောင်စီ အစည်းအဝေးကို ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်ကျင်းပခဲ့ပြီး အဖွဲ့ဝင် အဖွဲ့အစည်းများဖြစ်သော မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့အနေဖြင့် NCA လက်မှတ်ရေးထိုးရန် အစီအစဉ်ရှိနေသောကြောင့် အစည်းအဝေးကို ယာယီရပ်ဆိုင်းထားကြောင်းနှင့် အဖွဲ့ဝင်နှစ်ဖွဲ့ လက်မှတ်ရေးထိုးခြင်း အစီအစဉ်ပြီးနောက် ကောင်စီအစည်းအဝေးအား ပြန်လည်စတင် သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၁ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်အား ဖေဖော်ဝါရီ ၁၂ ရက်တွင် UNFC ၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

အဆိုပါ UNFC ၏ ဒုတိယအကြိမ်ပုံမှန် ကောင်စီအစည်းအဝေးသို့ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP)၊ ရခိုင်ပြည် အမျိုးသားကောင်စီ (ANC) တို့မှ ကောင်စီဝင်များအပြင် ဆက်စပ်မဟာမိတ် အဖွဲ့အစည်းဖြစ်သော ကချင်လက်နက်ကိုင်အဖွဲ့ (KIO) မှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြောင်း UNFC ၏ ထုတ်ပြန်ချက်အရ သိရသည်။

သို့ရာတွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) သည် UNFC မှ နုတ်ထွက်စာ တင်ထားသည့် အဖွဲ့ဖြစ်ပြီး မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် FPNCC ကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်လျက်ရှိသည်။

UNFC အဖွဲ့ဝင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) သည် NCA ရေးထိုးရန် အစီအစဉ် ရှိသော်လည်း ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းက တပ်မတော်သားများနှင့် KNPP အဖွဲ့ဝင်တပ်သားများ ပဋိပက္ခဖြစ်ပွားပြီး KNPP အဖွဲ့ဝင်များ သေဆုံးခဲ့သည့် ဖြစ်စဉ်ကြောင့် NCA ရေးထိုးရန် အဟန့်အတား ဖြစ်ခဲ့သည်။

အဆိုပါဖြစ်စဉ်အပေါ်တပ်မတော်၏ စုံစမ်းစစ်ဆေးနေသည့် အဖြေရလဒ်သည်လည်း KNPP အနေဖြင့် NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးရန် ထည့်သွင်းစဉ်းစားသည့် အကြောင်းအရာတစ်ခု ဖြစ်ကြောင်း KNPP က ပြောကြားထားသည်။

NCA ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့မှာ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ DKBA၊ KNU/KNLA-PC တို့ဖြစ်ကြသည်။

မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့က NCA စာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးပြီးပါက NCA ရေးထိုးထားသည့်အဖွဲ့ ၁၀ ဖွဲ့အထိ ရှိလာမည်ဖြစ်သည်။

ထို့အတူ UNFC အဖွဲ့ဝင်များအနက် ရခိုင်ပြည် အမျိုးသားကောင်စီ (ANC) သည်လည်း NCA လက်မှတ် ရေးထိုးမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၁ ရက် ညနေပိုင်းက စတင်ကာ သတင်းများ ပေါ်ထွက်ခဲ့သော်လည်း ဖေဖော်ဝါရီ ၁၂ ရက် မွန်းလွဲပိုင်းတွင် ANC ဗဟိုအလုပ်အမှုဆောင် ကော်မတီက NCA လက်မှတ်ရေးထိုးသည့် အခမ်းအနားသို့ ပါဝင်တက်ရောက်နိုင်ခြင်း မရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ANC အဖွဲ့၏ ဖေဖော်ဝါရီ ၁၂ ရက် သတင်းထုတ်ပြန်ချက်တွင် ANC သည် NCA အား ရေးသားပြုစုရာတွင် အခြားတိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနည်းတူ ကနဦးအစကပင် ပါဝင်လာခဲ့ကြောင်း၊ လက်ရှိအတည်ပြု ကျင့်သုံးလျက်ရှိသော NCA သည် အစိုးရ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အားလုံးအကြား နှစ်ဖက်လက်ခံနိုင်သော မူချောအဆင့်သို့ မရောက်ရှိသေးမီ အတည်ပြုခဲ့ခြင်း ဖြစ်သည့်အတွက် ဤစာချုပ်တွင် ဝိဝါဒကွဲပြားစရာများ ပါရှိနေကြောင်း၊ သို့ဖြစ်၍ NCA စာချုပ် အကောင်အထည်ဖော်ရာတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် UNFC မှတစ်ဆင့် ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မရှင် (PC) ထံသို့ အဆိုပြုချက် ရှစ်ချက်တင်သွင်းပြီး ၁၇ လ ကျော်ကြာ ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း ဖော်ပြထားသည်။

ထိုသို့ UNFC မှ တင်ပြခဲ့သော အဆိုပြုချက် ရှစ်ချက်နှင့် ပတ်သက်၍ ယနေ့အချိန်ထိ ကျေနပ်လောက်သော ရလဒ်ကောင်းများ မရှိခဲ့သည့်တိုင် ထိုဆွေးနွေးပွဲ ရလဒ်များကို နှစ်ဦးနှစ်ဖက် ဂုဏ်သရေရှိစွာဖြင့် စနစ်တကျ နိဂုံးချုပ်နိုင်ရေးအတွက် UNFC အတွင်း၌ လည်းကောင်း၊ အစိုးရနှင့် တပ်မတော် ခေါင်းဆောင်များအား လည်းကောင်း ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်သည့် ကိစ္စများကို စဉ်ဆက်မပြတ် အကြံပြု တင်ပြခဲ့ကြောင်း၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့အနေဖြင့် တစ်ဖွဲ့ချင်း လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ခဲ့ချိန်တွင် UNFC အဖွဲ့ဝင် အဖွဲ့အစည်းများအကြား သွေးစည်းညီညွတ်မှု မထိခိုက်စေရန်အတွက် NCA စာချုပ်တွင် အားလုံးလိုက်ပါ ရေးထိုးနိုင်သော အခင်းအကျင်းတစ်ရပ် ဖြစ်ပေါ်လာစေရန် အစွမ်းကုန် ကြိုးပမ်းခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းကဲ့သို့ ကြိုးပမ်းမှု အနိမ့်ဆုံးအဆင့်အားဖြင့် UNFC ထိပ်သီးခေါင်းဆောင်များနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့အကြား အနည်းဆုံး တစ်ကြိမ်ခန့် တွေ့ဆုံညှိနှိုင်းမှု ဖြစ်ပေါ်စေရန်၊ ‘ဖက်ဒရယ်ဒီမိုကရေစီ’ ဆိုသည့် ဝေါဟာရနှင့် ပတ်သက်သော အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် အခြေခံမူများအား နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်တွင် ဆက်လက်ဆွေးနွေးရမည့် အကြောင်းအရာ တစ်ခုအဖြစ် မှတ်တမ်းတင်ပေးရန်နှင့် KNPP တပ်ဖွဲ့ဝင် သုံးဦးနှင့် ကရင်နီ အရပ်သားတစ်ဦး သတ်ဖြတ်မီးရှို့ ခံရသည့်အပေါ် အမှန်တရားနှင့် တရားမျှတမှုတို့ ပေါ်ပေါက်ရေးအတွက် တန်းတူရေး အခြေခံဖြင့် နှစ်ဖက်ညှိနှိုင်း အဖြေရှာမည်ဟု ကတိကဝတ် ပြုရန်ဆိုသည့် အချက်များအပေါ်တွင် အခြေခံလျက် NCA စာချုပ်အား UNFC အဖွဲ့ဝင် အဖွဲ့အစည်းများအားလုံး တစုတဝေးတည်း လက်မှတ်ရေးထိုးနိုင်ရန် နည်းလမ်းရှာဖွေ ပေးခဲ့ကြောင်း ANC ၏သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့ရာတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မရှင် တာဝန်ရှိသူများနှင့် ချိတ်ဆက်ညှိနှိုင်းသည့်အခါ DPN နှင့် PC အဆင့်တွင် တစ်ဆို့နေသော အချက်ကို နှစ်ဖက်ထိပ်သီး ခေါင်းဆောင်များ တွေ့ဆုံညှိနှိုင်းပြီး အဖြေရှာနိုင်ရန် အခွင့်အလမ်း မပေးတော့ဘဲ NCA လက်မှတ်ရေးထိုးမည်ဟု ကြိုတင်ကတိပေးပြီးမှသာ တွေ့ဆုံခွင့်ပေးမည် ဆိုသဖြင့် နှစ်ဖက်ညှိနှိုင်း ဆွေးနွေးသည့်သဘော မဆောင်တော့ခြင်း၊ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) ၏ အဆိုပြုချက် ရှစ်ချက်အား DPN နှင့် PC အကြား တရားဝင် နိဂုံးချုပ်ရန် အခြေအနေ မပေးခြင်းနှင့် တန်းတူရေး အခြေခံဖြင့် အားလုံးလိုက်ပါနိုင်သော အခင်းအကျင်း မရှိခြင်းတို့ကြောင့် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျင်းပမည့် NCA လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ ANC အနေဖြင့် ပါဝင်တက်ရောက်နိုင်ခြင်း မရှိကြောင်း ပြည်သူလူထုနှင့် မဟာမိတ်များအား အသိပေးကြောင်း သတင်းထုတ်ပြန်ချက်၌ ရေးသားထားသည်။

လက်ရှိတွင် ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးအား အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ဆိုင်းထားပြီး ယခု NCA ရေးထိုးမည့် မွန် ပြည်သစ်ပါတီက ၎င်းတို့ ဦးဆောင်ကျင်းပရမည့် မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပပြီးမှသာ ၂၁ ရာစု ပင်လုံ တတိယအစည်းအဝေးအား ကျင်းပရန် တောင်းဆိုထားသည်။

ထို့အတူ NCA ရေးထိုးပြီး တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့ကလည်း နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့်ကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးမှသာ ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးကို ဆက်လက်ပြုလုပ်ရန် တောင်းဆိုထားသည်။

 

Most Read

Most Recent