ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ အပြီးတိုင်ချုပ်ငြိမ်းရန်နှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအား ခိုင်မာစွာတည်ဆောင်နိုင်ရေးအတွက် ညှိနှိုင်းအဖြေရှာကြိုးပမ်းဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတပြောကြား

ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ အပြီးတိုင်ချုပ်ငြိမ်းရန်နှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအား ခိုင်မာစွာတည်ဆောင်နိုင်ရေးအတွက် ညှိနှိုင်းအဖြေရှာကြိုးပမ်းဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတပြောကြား
Published 13 February 2018

နေပြည်တော်တွင် ပြုလုပ်သည့် (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်မျိုး)

ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ အပြီးတိုင်ချုပ်ငြိမ်းရန်နှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအား ခိုင်မာစွာတည်ဆောက်နိုင်ရေးအတွက် ညှိနှိုင်းအဖြေရှာ ကြိုးပမ်းဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က (၇၁) နှစ်မြောက် ပြည်ထောင်စုအခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ပါရှိသည်။

ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သည့် (၇၁)နှစ်မြောက်ပြည်ထောင်စုအခမ်းအနားအား နေပြည်တော်၌ ပြုလုပ်ခဲ့ပြီး နိုင်ငံတော်သမ္မတ ပေးပို့သည့် သဝဏ်လွှာအား ဒုတိယသမ္မတဦးမြင့်ဆွေက ဖတ်ကြားသည်။

တိုင်းရင်းသားပြည်သူ ညီအစ်ကိုမောင်နှမများ လိုလားတောင့်တနေတဲ့ဆန္ဒနဲ့အညီ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ အပြီးတိုင်ချုပ်ငြိမ်းဖို့နဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ခိုင်မာစွာတည်ဆောက်နိုင်ရေးအတွက် ညှိနှိုင်းအဖြေရှာကြိုးပမ်းဆောင် ရွက်နေပြီဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာတဲ့ နိုင်ငံရေးနည်းလမ်းကို လက်ကိုင်ပြုပြီး ငြိမ်းချမ်းရေးလုပ်ငန်းအဆင့်ဆင့် နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံကိုလည်း ကျင်းပလျက်ရှိရာ ယခုအခါ ဖက်ဒရယ်ဆိုင်ရာအခြေခံမူ ၃၇ ချက် ကို သဘောတူညီမှုရရှိခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ်ရဲ့အစိတ်အပိုင်း(၁)အဖြစ် စာချုပ်ချုပ်ဆိုနိုင်ပြီဖြစ်ပါတယ်”ဟု နိုင်ငံတော် သမ္မတ၏ သဝဏ်လွှာ၌ ဖော်ပြထားသည်။

ပြည်ထောင်စုစိတ်ဓာတ်အား အခြေခံသည့် စုပေါင်းဆွေးနွေးအဖြေရှာဖွေခြင်းဖြင့် ၂၁ ရာစုပင်လုံညီလာခံမှတစ်ဆင့် ပိုမိုခိုင်မာသည့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုရရှိပြီး ပြည်တွင်းငြိမ်းချမ်းရေးရရှိခြင်းသာမက  ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအဖြစ် အောင်အောင်မြင်မြင်တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်း သမ္မတပေးပို့သည့် သဝဏ်လွှာတွင် ပါရှိသည်။

“ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာမှု မရှိရင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အလှမ်းဝေးနေမှာဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ အဓိကလိုအပ်ချက်ဟာ တိုင်းရင်းသား အချင်းချင်း အပြန်အလှန် ယုံကြည်မှုရှိ ဖို့ဖြစ်ပါတယ်” ဟု သဝဏ်လွှာအား ဒုတိယသမ္မတဦးမြင့်ဆွေက ဖတ်ကြားသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ကဏ္ဍစုံတွင် စဉ်ဆက်မပြတ်ဖွံ့ ဖြိုးတိုးတက်ရန် စီးပွားရေးအခြေခံကောင်းများ ရရှိရန်အရေးကြီးပြီး နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့စီးပွားရေးတွင် ရာခိုင်နှုန်းများစွာ ပါဝင်နေသည့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတ ပေးပို့သည့် သဝဏ်လွှာတွင် ပါရှိသည်။

နေပြည်တော်၌ပြုလုပ်သည့် (၇၁) နှစ် မြောက်ပြည်ထောင်စုနေ့အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ကျော်ဆွေ၊ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

Most Read

Most Recent