ပခုက္ကူတက္ကသိုလ် ကျောင်းသားသမဂ္ဂတွင် ပြုလုပ်သည့် ကျောင်းသားသမဂ္ဂများ အရေးပေါ်အစည်းအဝေးက ကျောင်းထုတ်ခံရသည့် ကျောင်းသားများ ကျောင်းပြန်တက်ခွင့်ရရေး ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်း

ပခုက္ကူတက္ကသိုလ် ကျောင်းသားသမဂ္ဂတွင် ပြုလုပ်သည့် ကျောင်းသားသမဂ္ဂများ အရေးပေါ်အစည်းအဝေးက ကျောင်းထုတ်ခံရသည့် ကျောင်းသားများ ကျောင်းပြန်တက်ခွင့်ရရေး ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်း
Published 8 February 2018

ပခုက္ကူတက္ကသိုလ် ကျောင်းသားသမဂ္ဂရုံးခန်းတွင် ပြုလုပ်သည့် ကျောင်းသားသမဂ္ဂများ အရေးပေါ်အစည်းအဝေးသို့ တက်ရောက်လာသော ကျောင်းသူကျောင်းသားအချို့ကို တွေ့ရစဉ်

ပခုက္ကူတက္ကသိုလ် ကျောင်းသားသမဂ္ဂရုံးခန်းတွင် ဖေဖော်ဝါရီ ၇ ရက်က ပြုလုပ်သည့် နိုင်ငံအဝှမ်းရှိ ကျောင်းသားသမဂ္ဂများ အရေးပေါ်အစည်းအဝေးက ကျောင်းထုတ်ခံရသည့် ကျောင်းသားများ ကျောင်းပြန်လည် တက်ခွင့်ရရေး ညှိနှိုင်းရေးကော်မတီဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရေး တောင်းဆိုရာမှ ကျောင်းထုတ်ခံရသည့် ကျောင်းသား ၅၆ ဦး ကျောင်းပြန်တက်ခွင့် ရရှိရေးအတွက် ဖေဖော်ဝါရီ ၇ ရက်တွင် ပခုက္ကူတက္ကသိုလ် ကျောင်းသားသမဂ္ဂရုံးခန်း၌ ကျောင်းပေါင်း ၃၄ ကျောင်းမှ ကျောင်းသားကိုယ်စားလှယ် ၅၀ ကျော် တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

နိုင်ငံအဝှမ်းတွင်ရှိသည့် ကျောင်းသားသမဂ္ဂများ အရေးပေါ် မျက်နှာစုံညီအစည်းအဝေးက ကျောင်းထုတ်ခံရသည့် ကျောင်းသားများ ဂုဏ်သိက္ခာရှိစွာ ကျောင်းပြန်တက်ခွင့်ရရေးအတွက် ရတနာပုံတက္ကသိုလ်မှ ကိုရဲမင်းထွန်း၊ ကိုရဲမျိုးဆွေ၊ ပခုက္ကူတက္ကသိုလ်မှ ကိုအောင်ခိုင်မင်း၊ ကိုရဲမင်းကို၊ မိတ္ထီလာတက္ကသိုလ်မှ ကိုမင်းထက်မြတ်၊ မန္တလေးတက္ကသိုလ် မှ ကိုကျော်ဝင်းစိန်၊ မန္တလာဒီဂရီကောလိပ်မှ ကိုတိုးတိုးအေးဝင်းတို့ ပါဝင်သည့် ညှိနှိုင်းရေးကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ဘက်က အတတ်နိုင်ဆုံး မပြေလည် ပြေလည်အောင် ညှိမယ်လို့တော့ ဆုံးဖြတ်ချက်ချထားတယ်။ ဒါပေမဲ့ ကျေနပ်လောက်တဲ့ အဖြေမရခဲ့ဘူးဆိုရင်လည်း နောက်ထပ် အကောင်းဆုံး နည်းလမ်းတစ်ခုနဲ့ သွားမယ်လို့ ဆုံးဖြတ်ချက်ချထားတယ်။ ကျောင်း ထုတ်ခံရတဲ့ ကျောင်းသားတွေ ဂုဏ်သိက္ခာရှိစွာ ဘယ်လိုကျောင်းပြန်တက်ခွင့် ရအောင်လုပ်ပေးမလဲဆိုတာ ဆွေးနွေးကြပါတယ်”ဟု မြေလတ်ဒေသ ကျောင်းများသမဂ္ဂအဖွဲ့ချုပ်ဥက္ကဋ္ဌ မောင်အောင်ခိုင်မင်းက ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းသည့်နေ့တွင် ပြောကြားသည်။

ဖွဲ့စည်းထားသည့် ညှိနှိုင်းရေးကော်မတီတွင် ပါဝင်သူများက ကျောင်းထုတ်ခံထားရသည့် ကျောင်းသားများ ကျောင်းပြန်တက်ခွင့်ရရေးအတွက် သက်ဆိုင်ရာအစိုးရ တာဝန်ရှိသူများနှင့် တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ပြီး တာဝန်ရှိသူများ၏ ပြန်ကြားချက်နှင့် ပတ်သက်၍ ကျောင်းသားအဖွဲ့အစည်းများကို အသိပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“ကျောင်းသား တစ်ယောက်ရဲ့ဘဝမှာ ကျောင်းထုတ်ခံရတယ် ဆိုတာ အမြင့်ဆုံး အပြင်းထန်ဆုံး ပြစ်ဒဏ်ပါ။ ကျောင်းထုတ်တာကိုတော့ လက်မခံဘူး။ ကျောင်းသားချင်း စာနာတယ်။ ကျောင်းသားထုရဲ့ ပညာသင်ကြားခွင့်ကိုပါ ထိခိုက်တယ်လို့ မြင်တယ်။ ဒါကြောင့်မို့ ကျောင်းထုတ်ခံရတဲ့ ညီအစ်ကိုတွေ ကျောင်းပြန်တက်ခွင့်ရဖို့အတွက် ဆွေးနွေးတာပဲ ဖြစ်ပါတယ်။ စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးညှိနှိုင်းခြင်းနဲ့ ကျောင်းသားတွေ ကျောင်းပြန်တက်ခွင့်ရရေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု မကွေးနည်းပညာတက္ကသိုလ်မှ ကိုချစ်ဝင်းမောင်က ပြောကြားသည်။

ပခုက္ကူတက္ကသိုလ် ကျောင်းသားသမဂ္ဂ ရုံးခန်းတွင် ပြုလုပ်သည့် နိုင်ငံအဝန်းရှိ ကျောင်းသားသမဂ္ဂများ အရေးပေါ်အစည်းအဝေးသို့ မန္တလေး၊ ကလေး၊ ပခုက္ကူ၊ မိတ္ထီလာ၊ ချောက်၊ သရက်၊ မကွေး၊ မော်လမြိုင်မြို့ရှိ ကျောင်းများမှ သမဂ္ဂကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ပညာရေးအသုံးစရိတ် တိုးမြှင့်ရေး တိုက်ပွဲကော်မတီမှ ဦးဆောင်၍ တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသူကျောင်းသားများ ပါဝင်သည့် ဆန္ဒပြတောင်းဆိုမှုကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၂ ရက် နံနက် ၉ နာရီမှစ၍ မန္တလေးတိုင်းဒေသကြီး ရတနာပုံတက္ကသိုလ်တွင် စတင်ပြုလုပ်ခဲ့ရာ ဇန်နဝါရီ၂၂ ရက် ညနေပိုင်း၊ ၂၃ ရက် နံနက်ပိုင်းနှင့် ၂၄ ရက် ညနေပိုင်းတို့တွင် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ကျောင်းသားများ တွေ့ဆုံညှိ နှိုင်းခဲ့သော်လည်း တစ်စုံတစ်ရာ ပြေလည်မှု မရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းသားများ ဆန္ဒပြတောင်းဆိုမှုတွင် ပညာရေးအသုံးစရိတ် တိုးမြှင့်ရေး၊ ကျောင်းတွင်း အဆောင်များ တည်ဆောက်ရေး၊ သင်ထောက်ကူပစ္စည်း လုံလောက်ရေး တို့အတွက် တောင်းဆိုခဲ့ကြောင်း သိရပြီး ဆွေးနွေးညှိနှိုင်းမှုများအပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၅ ရက် နံနက် ၄ နာရီခန့်တွင် ဆန္ဒပြကျောင်းသားများအား ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ခေါ်ဆောင်ကာ ဒေသအသီးသီးရှိ ကျောင်းသူကျောင်းသားများ၏ နေရပ်သို့ ပြန်လည်ပို့ဆောင်ခဲ့ပြီးနောက် တက္ကသိုလ်အသီးသီးမှ အဆိုပါဆန္ဒပြမှုတွင် ပါဝင်သော ကျောင်းသူကျောင်းသားများအား ကျောင်းထုတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ပညာရေးအသုံးစရိတ်ကို ယခင်နှစ် ၂၀၁၆ -၂၀၁၇ ပညာသင်နှစ်အတွက် ဘီလျံ ၁၆၉၀ ရရှိခဲ့ပြီး ဘီလျံ ၁၀၀၀ ခန့်ကို ပညာရေး ဝန်ထမ်းများအတွက် အသုံးပြုခဲ့ကြောင်း၊ နိုင်ငံတစ်ဝန်းရှိ အခြေခံကျောင်းများမှစ၍ တက္ကသိုလ်အဆင့်အထိ ကျောင်းသားဦးရေ ကိုးသန်းခန့် ရှိပြီး ၎င်းတို့အတွက် ဘီလျံ ၆၉၀ သာရရှိပြီး ယခုနှစ် ၂၀၁၈ ခုနှစ်အတွက် ခြောက်လစာ ပညာရေးအသုံးစရိတ် ဘီလျံ ၈၀၀ ကျော်သာ အသုံးပြုခွင့်ရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent