မြန်မာနိုင်ငံသို့ Yak 130 အပေါ့စား ဂျက်တိုက်လေယာဉ် ဒုတိယအသုတ် ခြောက်စင်း ထပ်မံပေးပို့မည်ဟု ရုရှားစစ်ဘက်တာဝန်ရှိသူတစ်ဦး ပြောကြား

မြန်မာနိုင်ငံသို့ Yak 130 အပေါ့စား ဂျက်တိုက်လေယာဉ် ဒုတိယအသုတ် ခြောက်စင်း ထပ်မံပေးပို့မည်ဟု ရုရှားစစ်ဘက်တာဝန်ရှိသူတစ်ဦး ပြောကြား
Published 8 February 2018

မြန်မာနိုင်ငံသို့ Yak 130 အပေါ့စား ဂျက်တိုက်လေယာဉ် ဒုတိယအသုတ် ခြောက်စင်း ထပ်မံပေးပို့မည့် သတင်းကို Sputnik သတင်းဌာနက ဖော်ပြထားစဉ်

မြန်မာနိုင်ငံသို့ Yak 130 အပေါ့စား ဂျက်တိုက်လေယာဉ် ဒုတိယအသုတ် ခြောက်စင်းကို ထပ်မံပေးပို့မည် ဖြစ်ကြောင်း ရုရှားစစ်ဘက် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်ဟု ရုရှား Sputnik သတင်းဌာနက ဖေဖော်ဝါရီ ၇ ရက်က သတင်းဖော်ပြခဲ့သည်။

Yak 130 သတင်းတွင် ဖော်ပြမှုအရ စင်ကာပူနိုင်ငံတွင် ကျင်းပနေသည့် စင်ကာပူလေကြောင်းပြပွဲ Singapore Airshow-2018 သို့ ရောက်ရှိနေသည့် ရုရှား ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Russia’s Federal Ser-vice for Military Technical Cooperation (FSMTC) ၏ ဒုညွှန်ကြားရေးမှူး Mikhail Petukhov က မြန်မာနိုင်ငံသို့ Yak 130 အပေါ့စား ဂျက်တိုက်လေယာဉ် ဒုတိယအသုတ် ပေးပို့မည့်အကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“မြန်မာနိုင်ငံနဲ့ ၂၀၁၆ ဒီဇင်ဘာမှာ ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ Yak 130 တန်းမြင့် အမောင်းသင် ဂျက်လေယာဉ် နောက်ထပ်အသုတ် ခြောက်စင်းကို ပေးပို့သွားမှာ ဖြစ်ပါတယ်”ဟု Mikhail Petukhov က ဆိုသည်။

ယခုမတိုင်မီ ရက်ပိုင်းကလည်း The Russian presidential aide for defense industry cooperation မှ Vladimir Kozhin က မြန်မာနိုင်ငံအနေဖြင့် ထပ်မံပေးပို့သည့် Yak 130 အပေါ့စား ဂျက်တိုက်လေယာဉ်များကို ၂၀၁၈ ခုနှစ်အတွင်း လက်ခံရရှိလိမ့်မည်ဟု Kommersant သတင်းစာသို့ ပြောကြားခဲ့ကြောင်း Sputnik သတင်းတွင် ဖော်ပြထားသည်။

တစ်စင်းလျှင် ဒေါ်လာ ၁၅ သန်းခန့် တန်ကြေးရှိ Yak 130 အပေါ့စား ဂျက်တိုက်လေယာဉ်များကို မြန်မာနိုင်ငံက သုံးနှစ်ကြာ လေ့လာခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်တွင် စာချုပ်ချုပ်ဆို ဝယ်ယူခဲ့ခြင်းဖြစ်ပြီး အစင်းရေမည်မျှ ဝယ်ယူထားသည်ဟု သတင်းထုတ်ပြန်ထားခြင်း မရှိကြောင်း သိရသည်။

Yak 130 အပေါ့စား ဂျက်တိုက်လေ ယာဉ်ပထမအသုတ် ခြောက်စင်းပေးပို့ခဲ့ခြင်း နှင့်ပတ်သက်ပြီးလည်း Mikhail Petukhov ကပင် ၂၀၁၇ ခုနှစ် မတ်အတွင်းက ပြုလုပ်ခဲ့ သည့် အပြည်ပြည်ဆိုင်ရာ ရေကြောင်းနှင့် လေကြောင်းပြပွဲ LIMA 2017 တွင် Sputnik သတင်းဌာနသို့ အတည်ပြုပြောကြားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်ကတည်းက နောက်ထပ်အသုတ် လေယာဉ်များ ထပ်မံပေးပို့ရန် အစီအစဉ်ရှိကြောင်း ပြောဆိုခဲ့ဖူးသည်။

လေသူရဲနှစ်ဦးမောင်း Yak 130 လေယာဉ်သည် ဝေဟင်ပစ် ဒုံးကျည်များ၊ မြေပြင်ပစ် ဒုံးကျည်များ၊ ဗုံးများ၊ စက်သေနတ်များ၊ ပဲ့ထိန်းဒုံးများ စုစုပေါင်း ကီလိုဂရမ် ၃၀၀၀ အလေးချိန်အထိ တင်ဆောင်နိုင်စွမ်းရှိပြီး အပေါ့စား တိုက်ခိုက်ရေးလေယာဉ်အဖြစ် သာမက နောက်ဆုံးပေါ် ဂျက်တိုက်လေယာဉ်များအတွက် ကြားခံတန်းမြင့် အမောင်းသင် ဂျက်လေယာဉ်အဖြစ်လည်း အသုံးပြုနိုင်ကြောင်း သိရသည်။

မြန်မာ့တပ်မတော်(လေ) အနေဖြင့် ပထမအသုတ် ဝယ်ယူထားသည့် Yak 130 အပေါ့စား ဂျက်တိုက်လေယာဉ်များကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းက တပ်တော်ဝင်ခဲ့ပြီး ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပြုလုပ်ခဲ့သော တပ်မတော် (ကြည်း) (ရေ) (လေ) ပူး ပေါင်းစစ်ရေးလေ့ကျင့်မှု(ဆင်ဖြူရှင်)တွင် လည်း အဆိုပါဂျက်တိုက်လေယာဉ်များကို အသုံးပြုခဲ့ကြောင်း သိရသည်။

ထို့ပြင် ရုရှားထုတ် MiG-29 တိုက်လေယာဉ်များကို အဓိကကျောရိုးအဖြစ် အသုံးပြုနေသည့် မြန်မာ့တပ်မတော်(လေ)သည် Sukhoi Su-30 ဂျက်တိုက်လေယာဉ် ခြောက်စင်းဝယ်ယူရန် ဇန်နဝါရီလအတွင်းက လာရောက်ခဲ့သည့် ရုရှားကာကွယ်ရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

ယခုကျင်းပနေသည့် စင်ကာပူလေကြောင်းပြပွဲ ှငညါစေသမန ဗငမျ့သတ-၂၀၁၈ ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင် တက်ရောက်နေသလို ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းလည်း တက် ရောက်နေကြောင်း သတင်းထုတ်ပြန်မှုများအရ သိရသည်။

Most Read

Most Recent