ရေနံ၊ သဘာဝဓာတ်ငွေ့၊ တွင်းထွက်နှင့် ကျောက်မျက်ရတနာများကို ပြည်သူအကျိုး ဖြစ်ထွန်းစေရန် မူဝါဒများ မပြည့်စုံသရွေ့ ထုတ်လုပ်မှုများ ဆိုင်းငံ့ထားရန်လိုကြောင်း အမျိုးသားလွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

ရေနံ၊ သဘာဝဓာတ်ငွေ့၊ တွင်းထွက်နှင့် ကျောက်မျက်ရတနာများကို ပြည်သူအကျိုး ဖြစ်ထွန်းစေရန် မူဝါဒများ မပြည့်စုံသရွေ့ ထုတ်လုပ်မှုများ ဆိုင်းငံ့ထားရန်လိုကြောင်း အမျိုးသားလွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး
Published 7 February 2018

ပြန်လည်အစားထိုး ဖြည့်တင်း၍ မရနိုင်သည့် သဘာ၀ သယံဇာတများဖြစ်သော ရေနံ၊ သဘာဝဓာတ်ငွေ့၊ တွင်းထွက်နှင့် ကျောက်မျက်ရတနာများကို ပြည်သူ အကျိုးဖြစ်ထွန်းစေရန် မူဝါဒများ မပြည့်စုံသရွေ့ ထုတ်လုပ်မှုများ ဆိုင်းငံ့ထားရန်လိုကြောင်း အမျိုးသားလွှတ်တော်၌ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှ ဒေါ်ထုမေက ဆွေးနွေးသည်။

ဖေဖော်ဝါရီ ၆ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၉)မှ ဦးဖေချစ် တင်သွင်းထားသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ သဘာဝသယံဇာတများ ပျက်စီးဆုံးရှုံးနေခြင်းကို အမျိုးသားရေး တာဝန်တစ်ရပ် အနေဖြင့် ထိန်းသိမ်းကာ ကွယ်စောင့်ရှောက်ပေးရန် အဆိုအား ဆွေးနွေးစဉ် ဒေါ်ထုမေက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေါ်ထုမေက “မြန်မာနိုင်ငံအတွင်း ပြန်လည်အစားထိုး ဖြည့်တင်း၍ မရနိုင်တဲ့ သဘာ၀ သယံဇာတတွေဖြစ်တဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့၊ တွင်းထွက်နဲ့ ကျောက်မျက်ရတနာတွေကို ပြည်သူတွေရဲ့ အကျိုးဖြစ်ထွန်းစေဖို့ မူဝါဒတွေ မပြည့်စုံသရွေ့ ထုတ်လုပ်မှုတွေကို ဆိုင်းငံ့ထားဖို့လိုပါတယ်။ သဘာဝသစ်တောတွေ  ပြုန်းတီးတာနဲ့ ပတ်သက်ပြီးတော့လည်း ဇုန်တွေအလိုက် စနစ်တကျ စိုက်ပျိုးနိုင်ဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနက အချိန်မီ လုပ်ဆောင်ဖို့ လိုပါတယ်။ ထိန်းသိမ်းခြင်း ဆိုတာက မလိုအပ်ဘဲ မထုတ်လုပ်တာ၊ အလွန်အကျွံ မထုတ်လုပ်ခြင်း၊ ကာကွယ်ခြင်း အနေဖြင့် တရားမဝင် မထုတ်လုပ်အောင် ဆောင်ရွက်ခြင်း၊ စောင့်ရှောက်ခြင်းတွေက အရေးကြီးပါတယ်။ သဘာဝသယံဇာတတွေ ပျက်စီးဆုံးရှုံးအောင် တရားမဝင်သော တစ်နည်းနည်းနဲ့ ကိုယ်ကျိုးစီးပွား ဆောင်ရွက်လျက်ရှိတဲ့ မည်သည့်အဖွဲ့အစည်း မဆို၊ မည်သူ့ကိုမဆို စံပြအနေနဲ့ အရေးယူ ဆောင်ရွက်မှုတွေကို ပြုလုပ်ဖို့ လိုအပ်ပါတယ်” ဟု ဆွေးနွေးသည်။

မြန်မာနိုင်ငံအနေဖြင့် သဘာဝသယံဇာတ စီမံခန့်ခွဲမှုကဏ္ဍတွင် မှန်ကန်ကောင်းမွန်သည့် စီမံမှုခိုင်မာရန် လိုအပ်ပြီး ခိုင်မာသည့် ထိန်းကျောင်းစောင့်ကြည့်မှုများ၊ လက်တွေ့ ဆောင်ရွက်နိုင်စွမ်း၊ အစိုးရအနေဖြင့် ဆောင်ရွက်လိုစိတ်တို့ ပေါင်းစပ်ဖြစ်ပေါ်နေခြင်း အခြေအနေကောင်းကို ဖန်တီးရန် လိုအပ်လျက်ရှိကြောင်း၊ အတိတ်ကာလများက သဘာဝသယံဇာတများ ထုတ်ယူသည့် စီမံကိန်းများ၊ ပုံစံစနစ်များကို လေ့လာကြည့်ပါက နိုင်ငံအကျိုးပြု၊ ပြည်သူအကျိုးပြု စီမံကိန်းဟုဆိုနိုင်သည့် စံပြအဖြစ် တစ်ခုမျှမတွေ့ရကြောင်း ဒေါ်ထုမေက ဆွေးနွေးသည်။

“ကျွန်မရဲ့ မဲဆန္ဒနယ်မြေဖြစ်တဲ့ ရခိုင်ပြည်နယ်မှာဆိုရင် ရခိုင်ကမ်းလွန်ကထွက်တဲ့ ရွှေသဘာဝဓာတ်ငွေ့ကို တရုတ်နိုင်ငံကို ရောင်းချခြင်း အပါအဝင် အခြားသော အကြီးစား နိုင်ငံခြားရင်းနှီးမြှုပ်နှံခြင်းတွေကြောင့် နိုင်ငံခြားဝင်ငွေကို အများဆုံး ရှာပေးနေတဲ့ ပြည်နယ်တစ်ခု ဖြစ်ပါတယ်။သို့သော်လည်း ရခိုင်ပြည်နယ်ဟာ ဖွံ့ဖြိုးတိုးတက်တဲ့ ပြည်နယ်အဖြစ် ဦးမော့လာခြင်း မရှိသေးပါဘူး။ သဘာဝသယံဇာတ စိန်ခေါ်ချက်တို့ဖြင့် စီမံကိန်းများ အကောင်အထည်ဖော်ခြင်းကြောင့် ရခိုင်လူထုလူမှုစီးပွား အပေါ်မှာ ဆိုးကျိုးသက်ရောက်မှုများ ရှိနေပြီး နစ်နာဆုံးရှုံးမှုတွေ၊ သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ထိခိုက်ပျက်စီးမှုတွေ ရှိနေပါတယ်။ ပိုက်လိုင်းစီမံကိန်းကြောင့် လယ်ယာမြေတွေ ဆုံးရှုံးခဲ့ရသလို ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက် နစ်နာမှုတွေ ရှိပါတယ်။ နိုင်ငံတော် အစိုးရအနေနဲ့ သစ်ထုတ်လုပ်ရေးကို တစ်နှစ်မျှ ရပ်တန့်ထားဖို့ မူဝါဒချမှတ် ထားသော်လည်း အမ်းမြို့နယ် အပါအဝင် အခြားမြို့နယ်တွေမှာ တရားမဝင် သစ်ခိုးထုတ်မှုတွေကို အစိုးရအနေနဲ့ အရေးယူ ဆောင်ရွက်မှု အားနည်းဆဲလို့ ထောက်ပြလိုပါတယ်” ဟု ဒေါ်ထုမေက ဆွေးနွေးသည်။

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၂) မှ ဦးထွန်းထွန်းဦးက ယခုအဆိုသည် အလွန်ကျယ်ပြန့်ကြောင်း၊ သဘာ၀ သယံဇာတ တစ်ခုဖြစ်သည့် ကျောက်မျက်ကဏ္ဍမှ ကျောက်စိမ်းကဏ္ဍကိုပင် နိုင်နင်းအောင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန် ခက်ခဲလျက်ရှိသည်ကို ထောက်ပြဆွေးနွေးလိုကြောင်း၊ အဖိုးတန် အရည်ကျောက်အဆင့် အများအပြား ထွက်ရှိသည်မှာ မြန်မာနိုင်ငံသာရှိကြောင်း၊ ထွက်ရှိသည့် ကျောက်စိမ်း အားလုံးနီးပါးအား တရုတ်နိုင်ငံကိုသာ ရောင်းချနေရကြောင်း၊၂၀၁၄ ခုနှစ် တရုတ်နိုင်ငံ၏ သွင်းကုန်စာရင်းအရ တရားဝင်တင်သွင်းသည့် ကျောက်စိမ်းတန်ဖိုးသည် အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၃ ဘီလျံရှိသည်ဟု သိရကြောင်း၊ မြန်မာနိုင်ငံမှ ထုတ်လုပ်မှု စုစုပေါင်း၏ သုံးပုံတစ်ပုံခန့်သာ တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့ထားခြင်း ဖြစ်ကြောင်း၊၂၀၀၅ခုနှစ် မှ ၂၀၁၄ ခုနှစ်အထိ မြန်မာနိုင်ငံ၏ ကျောက်စိမ်းထုတ်လုပ်မှု ပမာဏသည် ကီလိုဂရမ် ပေါင်း ၃၆၁ သန်းအထိရှိပြီး ထိုဆယ်နှစ်အတွင်း တရုတ်နိုင်ငံသို့ တရားဝင် တင်သွင်းသည့် ကျောက်စိမ်းပမာဏသည် ကီလိုဂရမ် ၇၂ သန်းသာ ရှိသည့်အတွက် တရုတ်နိုင်ငံသို့ တရားမဝင် နည်းလမ်းဖြင့် ရောက်ရှိသွားသည့် ပမာဏကို ခန့်မှန်းကြည့်နိုင်ကြောင်း၊ တရားဝင်သယ်ပို့ ရောင်းချပါက နိုင်ငံတော်ကို ပေးဆောင်ရမည့် အခွန်များကို တိမ်းရှောင်လိုခြင်း၊ တရားမဝင် တူးဖော်မှုများ စသည့် အကြောင်းများကြောင့် ဖြစ်ကြောင်း ဆွေးနွေးသည်။

“ကျောက်စိမ်းထွက်ရှိရာ နေရာတွေဟာ စီမံခန့်ခွဲနိုင်ဖို့ခက်ခဲတဲ့ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားရာ ဒေသတွေ ဖြစ်ပါတယ်။ ကျောက်စိမ်းကရတဲ့ ဝင်ငွေအချို့ဟာ လက်နက်ကိုင် အဖွဲ့အစည်းတွေအတွက် အဓိကဝင်ငွေ အရင်းအမြစ် ဖြစ်နေပါတယ်။ ဒါကြောင့် ဒီရတနာ နယ်မြေတွေကို အပြိုင်ထိန်းချုပ်နိုင်ဖို့ ကြိုးစားရင်းနဲ့ မငြိမ်းချမ်းတဲ့ ဒေသတွေ ဖြစ်နေပါတယ်။ အကျိုးအမြတ် အလွန်ကြီးမားတဲ့ လုပ်ငန်းတွေ ဖြစ်တဲ့အတွက် အာဏာရှိသူတွေနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့သူတွေ၊ အာဏာကပ်ပါး ငွေရှင်ခရိုနီကြီးတွေ၊ အခွင့်အထူးရ အပစ်ရပ် လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ နိုင်ငံခြား ကျောထောက်နောက်ခံပြုကုမ္ပဏီကြီးတွေကပဲ အများစုကို လုပ်ကိုင်ခွင့်ရရှိပါတယ်။ ကျောက်စိမ်းထုတ်လုပ်ခြင်းကို ထိရောက်အောင် ထိန်းချုပ်မယ်၊ အကြီးစား ထုတ်လုပ်မှုတွေကို ခွင့်မပြုတော့ဘူးဆိုရင် အကြီးမားဆုံး အထိနာမယ့် သူတွေက အထက်က ပြောခဲ့တဲ့သူတွေ ဖြစ်ပါတယ်။ သူတို့က ဟန့်တားနှောင့်ယှက်နေမယ် ဆိုရင်တော့ ပဋိပက္ခတွေရှည်ကြာပြီး အလွန်ကိုခက်ခက်ခဲခဲ လုပ်ယူရပါလိမ့်မယ်” ဟု ဦးထွန်းထွန်းဦးက ဆွေးနွေးသည်။

သတ္တုတွင်းဌာန၏ စာရင်းများအရ ဖားကန့်ဒေသ တစ်ခုတည်းမှာပင် လုပ်ကွက် ၃၅၀၀၀ ဧကခန့်ရှိကြောင်း၊ ယခုအစိုးရ တက်ခါနီး ၂၀၁၆ ခုနှစ် အစောပိုင်းကာလတွင် လိုင်စင်များ ချထားခဲ့ကြောင်း၊ ကာလတိုကာလ အတွင်းမှာပင် စက်ယန္တရားကြီးများကို အသုံးပြုကာ တူးဖော်ထုတ်လုပ်နေကြောင်း၊ ယခုအစိုးရအနေဖြင့် လိုင်စင်သက်တမ်း ကုန်သည့်အခါ သက်တမ်းမတိုးပေးဘဲ ဆိုင်းငံ့ထားသည့်နည်းဖြင့် ထိန်းချုပ်ထားကြောင်း၊ အချို့သော လုပ်ကွက်များသည် ၂၀၂၀ ပြည့်နှစ်အထိ သက်တမ်းချထား ပေးခဲ့သည့်အတွက် မဟားတရား အလုအယက် ထုတ်ယူနေဆဲဖြစ်ကြောင်း ဦးထွန်းထွန်းဦးက ဆွေးနွေးသည်။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၉) မှ ဦးဖေချစ် တင်သွင်းထားသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ သဘာဝသယံဇာတများ ပျက်စီးဆုံးရှုံးနေခြင်းကို အမျိုးသားရေး တာဝန်တစ်ရပ် အနေဖြင့် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပေးရန်  အဆိုအား ဆွေးနွေးရန် လွှတ်တော်ကိုယ်စားလှယ် ၂၅ ဦးက အမည်စာရင်း ပေးသွင်းထားကြောင်း သိရသည်။