အစိုးရလျှို့ဝှက်ချက်အက်ဥပဒေဖြင့် တရားစွဲခံထားရသော ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးအား ဖမ်းဆီးစဉ်က ရဲမှတ်တမ်းများကို ကိုယ်တိုင်မီးရှို့ခဲ့ကြောင်း တရားလိုပြသက်သေ ဒုရဲအုပ်ထွက်ဆိုဟု စွပ်စွဲခံရသူများဘက်မှရှေ့နေ ပြောကြား

အစိုးရလျှို့ဝှက်ချက်အက်ဥပဒေဖြင့် တရားစွဲခံထားရသော ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးအား ဖမ်းဆီးစဉ်က ရဲမှတ်တမ်းများကို ကိုယ်တိုင်မီးရှို့ခဲ့ကြောင်း တရားလိုပြသက်သေ ဒုရဲအုပ်ထွက်ဆိုဟု စွပ်စွဲခံရသူများဘက်မှရှေ့နေ ပြောကြား
Published 7 February 2018

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်များကို ဖေဖော်ဝါရီ ၆ ရက်က ရုံးထုတ်လာစဉ် (ဓာတ်ပုံ-ကြည်နိုင်)

မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေဖြင့် တရားစွဲဆိုခံထားရသော ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးအား ဖမ်းဆီးစဉ်က ရဲမှတ်တမ်းများကို ကိုယ်တိုင်မီးရှို့ခဲ့ကြောင်း တရားလိုပြသက်သေ ဒုရဲအုပ်တင်ထွေးဦးက တရားရုံးတွင် ထွက်ဆိုသည်ဟု သတင်းထောက်နှစ်ဦး၏ ရှေ့နေဦးသန်းဇော်အောင်က ပြောကြားသည်။

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးကို ဖေဖော်ဝါရီ ၆ ရက်နံနက်က မြောက်ပိုင်းခရိုင်တရားရုံးတွင် ငါးကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး ရုံးချိန်းတွင် ရှေ့နေဦးသန်းဇော်အောင်က ယင်းကဲ့သို့ပြောကြားခြင်းဖြစ်သည်။

“ဒီနေ့သတင်းထောက်တွေကို ရှာဖွေတဲ့နေရာမှာပါတဲ့ ဒုရဲအုပ်တင်ထွေးဦးကို ကျွန်တော်တို့စစ်တယ်။ အရေးကြီးတဲ့အချက်နှစ်ချက် ကျွန်တော်တို့တွေ့တယ်။ နံပါတ်တစ်အချက်သည် ဒီသတင်းထောက်တွေဖမ်းပြီးပြီးချင်း သူ့ရဲ့ရဲမှတ်တမ်း၊ ဘာတွေဘယ်လိုဖြစ်တယ်ဆိုတဲ့ မှတ်တမ်းစာရွက်ကို သူကိုယ်တိုင်မီးရှို့လိုက်တယ်။ နောက်တစ်ချက်က သူ့ရုံးမှာ သက်သေလာမထွက်ခင် သူပြောဆိုရမယ့်အကြောင်းအရာတွေကို ဒိုင်ယာရီကိုကြည့်ပြီးတော့ တောက်လျှောက် ထွက်ဆိုသွားတယ်။ အကြောင်းအရာတွေကလည်း မနေ့ည သို့မဟုတ် ဒီနေ့မနက်မှ ရေးကူးလာတဲ့အကြောင်းအရာတွေဖြစ်တယ်။ အဲဒီတော့ တစ်စုံတစ်ယောက်က ဒီလိုပြောပါ၊ ဒီလိုထွက်ပါဆိုပြီးတော့ပြောဆိုလို့ သူတရားရုံးမှာလာပြီး ထွက်ဆိုရတဲ့ပုံစံမျိုး ဖြစ်နေတယ်။ သတင်းထောက်တွေကို ဖမ်းဆီးတဲ့ပုံစံနဲ့ သူထွက်ဆိုသွားတဲ့ပုံစံက ကွဲလွဲမှုတွေရှိတယ်” ဟု ရှေ့နေဦးသန်းဇော်အောင်က ပြောကြားသည်။

ထို့ပြင် ရှာဖွေပုံစံဖြည့်သွင်းခြင်းကို ထောက်ကြန့်နယ်မြေရဲစခန်းတွင် ပြုလုပ်ခဲ့သည်ဟု ဖမ်းဆီးခံသတင်းထောက်နှစ်ဦးက ဆိုထားသော်လည်း ဒုရဲအုပ်တင်ထွေးဦးက ထွက်ဆိုရာတွင် ဖမ်းဆီးခဲ့သောနေရာတွင် ပြုလုပ်ခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း ရှေနေ့ဦးသန်းဇော်အောင်က ပြောကြားသည်။

ဒုရဲအုပ်အနေဖြင့် ဒိုင်ယာရီကြည့်ပြီး ထွက်ဆိုချက်များမှာ မနေ့ည သို့မဟုတ် မနက်မှကူးလာပြီး ထွက်ဆိုခြင်းကို တရားရုံးတွင် စစ်ဆေးမေးမြန်းခဲ့ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

“သူရေးထားတဲ့ဒိုင်ယာရီမှာ ရက်စွဲအစဉ်တွေပါတယ်။ တစ်လပိုင်း၊ နှစ်လပိုင်းစသည်ဖြင့် အသီးသီးပါတယ်။ ဒီနေ့ထွက်ဆိုတဲ့ စာရွက်ရဲ့စာမျက်နှာမတိုင်ခင်မှာ ၅ ရက်နေ့၊ ၂ လ၊ ၂၀၁၈ လို့ရေးထားတယ်။ အဲ့ဒါကြောင့် ဒီဟာသည် ၅ ရက်နေ့ည သို့မဟုတ် ဒီမနက်မှာမှရေးလာပြီး ရုံးပေါ်လာထွက်ဆိုတဲ့သဘောပေါ့။ အဲဒါတော့ ကျွန်တော်တို့ရုံးပေါ်မှတ်တမ်းတင်ထားပါတယ်။ သေချာလည်းစစ်မေးခဲ့တယ်” ဟု ၎င်းကပြောကြားသည်။

“ရဲတပ်ဖွဲ့ကနေ မျှမျှတတစစ်ဆေးပြီးတော့ ရုံးတော်ကိုတင်ပြတာမရှိဘူးလို့ ကျွန်တော်တို့ခံစားရတယ်။ လာပြီးတော့ ရုံးတော်မှာ ထွက်ဆိုနေတာတွေကလည်း အမှန်တရားဖုံးကွယ်နေတယ်လို့ ကျွန်တော်ပြောချင်တယ်။ ကျွန်တော်တို့ ဘယ်သူနဲ့မှ ပြဿနာဖြစ်တာမဟုတ်ဘူး။ သတင်းသမားကျင့်ဝတ်နဲ့အညီ ဆောင်ရွက်ခဲ့တာဖြစ်တယ်။ ရုံးတော်မှာလာတင်တဲ့ဟာတွေက ကျွန်တော်တို့ကို တရားစွဲလို့ရအောင်တင်တာတွေပဲဖြစ်တယ်။ အစိုးရက ဥပဒေအတိုင်း ဆောင်ရွက်မယ်ပြောပြီးတော့ တကယ်တမ်းစစ်ဆေးတော့ ကျွန်တော်တို့ပြောဆိုခဲ့တာတွေနဲ့ပတ်သက်ပြီး ဘာမှရုံးတော်ကို တင်ပြလာတာမရှိဘူး။ ကျွန်တော်တို့ဟာ တရားမမျှတဘူးလို့ ခံစားရပါတယ်” ဟု ကိုဝလုံးက ပြောကြားသည်။

ရုံးချိန်းတွင် တရားလိုပြသက်သေအဖြစ် ထောက်ကြန့်နယ်မြေရဲစခန်းမှ ဒုရဲအုပ်တင်ထွေးဦးကို စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ပြီး ရုံးချိန်းကို ဖေဖော်ဝါရီ ၁၄ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ကာ တရားလိုပြသက်သေများကိုသာ စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်သည်။

ရိုက်တာသတင်းဌာနမှ သတင်းထောက် ကိုသက်ဦးအောင် (ခ) ဝလုံးနှင့် ကိုကျော်စိုးဦး (ခ) မိုးအောင်တို့ကို ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့၏ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးယုနိုင်က တရားလိုပြုလုပ်၍ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃(၁)(ဂ)ဖြင့် တရားစွဲထားခြင်းဖြစ်သည်။

အမှုတွင် တရားလိုဒုတိယရဲမှူးကြီး ယုနိုင်၊ တရားလိုပြသက်သေ ဒဂုံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းသန့် (ယခင်မင်္ဂလာဒုံမြို့နယ် ရဲတပ်ဖွဲ့မှူး) တို့ကိုစစ်ဆေးခဲ့ပြီးဖြစ်ကာ တရားလိုပြသက်သေ ၂၅ ဦးတင်ထားကြောင်း သိရသည်။

Most Read

Most Recent