မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်အား သတ်ဖြတ်လုပ်ကြံရန် AA လက်နက်ကိုင်အဖွဲ့မှ ကြိုတင်ကြံစည် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြည်ထဲရေးထုတ်ပြန်

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်အား သတ်ဖြတ်လုပ်ကြံရန် AA လက်နက်ကိုင်အဖွဲ့မှ ကြိုတင်ကြံစည် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြည်ထဲရေးထုတ်ပြန်
Published 6 February 2018

ကျော်မြင့် (ခ) ခိုင်ကျော်၊ မင်းသန်းဌေး (ခ) မင်းသန်းထိုက်နှင့် သက်သေခံပစ္စည်းများအား တွေ့ရစဉ် (ဓာတ်ပုံ - ပြည်ထဲရေး ဝန်ကြီးဌာန)

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်အား သတ်ဖြတ်လုပ်ကြံရန် AA လက်နက်ကိုင် အဖွဲ့မှ ကြိုတင်ကြံစည် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၅ ရက်တွင် ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် ဇန်နဝါရီ ၁၆ ရက်က ရခိုင်ဘုရင်နိုင်ငံ အချုပ်အခြာအာဏာ ကျဆုံးခြင်း (၂၃၃) နှစ်ပြည့် ဝမ်းနည်းဖွယ် အခမ်းအနား ပြုလုပ်ခွင့် မရရှိခြင်းကို အကြောင်းပြု၍ ၎င်းပွဲကျင်းပမည့် အလယ်ဈေးရပ်ကွက် နန်းတော်ရာကုန်းနေရာနှင့် နှစ်မိုင်ကျော်ခန့် ကွာဝေးသည့် မြောက်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ လူစုလူဝေးဖြင့် ရောက်ရှိပြီး ကြွေးကြော်သံများ အော်ဟစ်ကာ အကြမ်းဖက် အဖျက်လုပ်ရပ်များကြောင့် ရဲတပ်ဖွဲ့ဝင်များက ဥပဒေနှင့်အညီ ထိန်းသိမ်းတားဆီးမှုကို အခြေခံလျက် မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးတာဝန် ထမ်းဆောင်ခဲ့သူ ဦးဘိုဘိုမင်းသိုက်အား လုပ်ကြံသတ်ဖြတ်ရန် AA (ARAKAN ARMY) တရားမဝင် လက်နက်ကိုင်အဖွဲ့မှ ကြိုတင်ကြံစည် လုပ်ဆောင်မှုများ စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဖမ်းဆီးရမိသည့် တရားခံ ကျော်မြင့် (ခ) ခိုင်ကျော်နှင့် ၎င်း၏သား မင်းသန်းထိုက် (ခ) မင်းသန်းဌေးတို့အား စစ်ကြောဖော်ထုတ်ခဲ့ရာ ကျော်မြင့် (ခ) ခိုင်ကျော်သည် ဇန်နဝါရီ ၂၅ ရက်က တိမ်ညိုကျေးရွာနေ ဒေါ်ခိုင်စိန်ဖြူ၏သမီး မင်္ဂလာဆောင် မကျင်းပမီညပိုင်း အရက်ဝိုင်းတွင် AA အဖွဲ့ စည်းရုံးရေးမှူး ကိုလတ်၊ စပိုင်၊ ဇော်မျိုးအောင် (ခ) ဇော်မိုးအောင်၊ အိမ်ချင်းကပ်လျက်နေ ဝပ်ရှော့ဆရာ မျိုးချစ်အောင် (တိမ်ညိုကျေးရွာ) တို့နှင့်အတူ ဦးဘိုဘိုမင်းသိုက်အား သတ်ရန်နှင့် လကုန်လျှင် ၎င်းစစ်တွေသို့ ပြောင်းရွှေ့မည်ဖြစ်ရာ လမ်းမှဖမ်းဆီး၍ ခေါ်ဆောင်သွားရန် တိုင်ပင်ခဲ့ကြောင်း၊ ထို့နောက် ဇန်နဝါရီ ၂၆ ရက်တွင် ဦးဘိုဘိုမင်းသိုက်ထံ ဖုန်းဆက်၍ စစ်တွေသို့ ပြောင်းပါက ယာဉ်ဖြင့်လိုက်ပို့မည် ဖြစ်ကြောင်း ပြောရာ ဦးဘိုဘိုမင်းသိုက်မှ ၂၈ ရက်၊ ၂၉ ရက်တွင် ပြောင်းမည်ဖြစ်သောကြောင့် အသင့်ပြင်ဆင်ထားရန် ပြန်လည် ပြောကြားခဲ့ကြောင်း၊ ၎င်းမှ ကိုလတ်ထံဖုန်းဆက်ပြီး ကားစီစဉ်ထားရန်နှင့် ယာဉ်မောင်းအဖြစ် မျိုးချစ်အောင်အား တာဝန်ပေးရန်၊ စပိုင်နှင့် ဇော်မျိုးအောင်တို့အား ပစ္စည်းများ သယ်ယူရန် အဖော်အဖြစ် ၎င်းယာဉ်ပေါ်တွင် ထည့်ပေးရန် တိုင်ပင်ပြောဆိုခဲ့ကြောင်း၊ ဇန်နဝါရီ ၂၇ ရက်တွင် ဦးဘိုဘိုမင်းသိုက်ထံ ထပ်မံဆက်သွယ်ရာ မသွားဖြစ်တော့ကြောင်း ပြောကြားခဲ့သဖြင့် ၎င်းက ဇန်နဝါရီ ၂၈ ရက်တွင် ရန်ကုန်သို့ သွားစရာရှိကြောင်း၊ သို့သော် ဦးဘိုဘိုမင်းသိုက် သွားမည့်နေ့တွင် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း၊ ယာဉ်မောင်းအဖြစ် မျိုးချစ်အောင်အား တာဝန်ပေးထားပြီး ၎င်း၏ ဖုန်းနံပါတ်အား ဦးဘိုဘိုမင်းသိုက်ထံ ပေးခဲ့ကြောင်း၊ ဇန်နဝါရီ ၂၈ ရက်တွင် ဇနီးဖြစ်သူ ဒေါ်ကြည်ကြည်ဝင်းနှင့်အတူ ရန်ကုန်သို့ ထွက်ခွာလာစဉ် လမ်း၌ ကိုလတ်မှ ဖုန်းဆက်၍ ကားအဆင်ပြေသော်လည်း ကားနံပါတ် မရှိကြောင်း ပြောသဖြင့် နေအိမ်တွင် ရပ်ထားသည့် Odyssey ယာဉ်မှ 6K/---- နံပါတ်ပြားအား ဖြုတ်ယူတပ်ဆင်ရန် ပြောကြားခဲ့ကြောင်း၊ ၎င်းနေ့ညနေတွင် ကိုလတ်မှ ပုဏ္ဏားကျွန်း ဘုန်းတော်ကြီးကျောင်းတစ်ခု (စိစစ်ဆဲ) ရှိ CRV ယာဉ်အား စီစဉ်ထားပြီးဖြစ်ကြောင်း၊ နံပါတ်တပ်ဆင်ရန် ယာဉ်မောင်း မျိုးချစ်အောင်အား ပြောကြားပြီးဖြစ်သည်ဟု ၎င်းအားဖုန်းဆက် သတင်းပို့ခဲ့ကြောင်း၊ ဇန်နဝါရီ ၃၀ ရက် နံနက် မင်္ဂလာဒုံမြို့နယ် နေအိမ်၌ ရှိနေစဉ် ယာဉ်မောင်း မျိုးချစ်အောင်မှ ဖုန်းဆက်ပြီး စပိုင်နှင့် ဇော်မျိုးအောင်တို့အား ပစ္စည်းတင်ချရန် အလုပ်သမားအဖြစ် လိုက်ပါစေရန် စီစဉ်ပြီးကြောင်း၊ ဦးဘိုဘိုမင်းသိုက်မှ မွန်းလွဲ ၂ နာရီခန့် ခရီးထွက်မည်ဟု ပြောကြားခဲ့ကြောင်း၊ ပုဏ္ဏားကျွန်းမြို့အဝင်တွင် ဦးဘိုဘိုမင်းသိုက်၏ ဖုန်းများအား သိမ်းဆည်းပြီး ဖမ်းဆီးခေါ်ဆောင်ရန် ကျန်သူများ ကြိုတင်စောင့်ဆိုင်း နေမည်ဖြစ်ကြောင်း၊ မျိုးချစ်အောင်နှင့် ကိုလတ်တို့၏ ဆက်သွယ်ဆောင်ရွက်မှုကို ကိုလတ်မှလည်း ကျော်မြင့် (ခ) ခိုင်ကျော်ထံ ဖုန်းဆက် သတင်းပို့ခဲ့ကြောင်း ပြည်ထဲရေးက ထုတ်ပြန်သည်။

ညနေ ၆ နာရီခွဲခန့်တွင် ကိုလတ်မှ ၎င်းထံ ထပ်မံဆက်သွယ်၍ ပုဏ္ဏားကျွန်းမရောက်မီ ဦးဘိုဘိုမင်းသိုက်ထံမှ ဖုန်းများသိမ်းဆည်းစဉ် ပြန်လည်ခုခံသဖြင့် စပိုင်နှင့် ဇော်မျိုးအောင်တို့မှ ဓားဖြင့်ထိုးသတ်ခဲ့ပြီး ယာဉ်မှာလည်း လမ်းဘေးသို့ တိမ်းမှောက်သွားခဲ့ကြောင်း၊ မျိုးချစ်အောင်တို့ သုံးဦးအား လုံခြုံသည့်နေရာသို့ ပို့ထားခဲ့သည်ဟု သတင်းပို့ခဲ့ကြောင်း၊ ၎င်းအား လုံခြုံရေး အခြေအနေ ကောင်းလားဟု မေးမြန်းခဲ့ရာ လုံခြုံရေးကောင်းသည်ဟု ပြန်လည်ပြောကြားခဲ့ကြောင်း စစ်ကြောဖော်ထုတ်ရရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖမ်းဆီးရမိသူများကို စစ်ဆေးချက်အရ ကျော်မြင့် (ခ) ခိုင်ကျော်နှင့် မင်းသန်းဌေး (ခ) မင်းသန်းထိုက်တို့သည် မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ ဘူးသီးတောင် မောင်တောဒေသသို့ ကော်မရှင်စားဖြင့် ဆက်သွယ် ရောင်းဝယ်ခြင်းနှင့် ကိုယ်တိုင်ဝယ်ယူ ရောင်းချခြင်းတို့ကို ပြုလုပ်ခဲ့ပြီး ရရှိသည့် ငွေကြေးများဖြင့် AA အဖွဲ့အတွက် လက်နက်ခဲယမ်းများ ဝယ်ယူစုဆောင်း၊ သယ်ဆောင်ပေးခဲ့ကြောင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် ပတ်သက်၍ ၂၀၁၆ ခုနှစ် ဒီဇင်ဘာမှ ၂၀၁၇ ခုနှစ် နိုဝင်ဘာအထိ WY စိတ်ကြွဆေးပြား ၄၄ သိန်းကို ကိုးကြိမ်သယ်ဆောင် ရောင်းဝယ်ခဲ့ရာ ကျပ် ၃၉၇၅ သိန်း အမြတ်ငွေရရှိခဲ့ကြောင်း၊ ၎င်းငွေကြေးများဖြင့် သေနတ် ၂၃ လက်၊ ကျည်ဘောက် ၄၆ ခု၊ ကျည်တောင့် ၆၀၅၀ တို့အား AA အဖွဲ့ထံ လျှို့ဝှက်ပို့ဆောင် ပေးခဲ့ပြီး ပစ္စတိုတစ်လက်၊ ကျည်ဘောက်တစ်ခု၊ ကျည်ကိုးတောင့်တို့အား ၎င်းကိုင်ဆောင်ရန် သိမ်းဆည်းထားခဲ့ကြောင်း ဝန်ခံထွက်ဆိုသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမှုနှင့်ပတ်သက်၍ ကွင်းဆက် ဆက်လက်စုံစမ်းစစ်ဆေး ဖော်ထုတ်ဆောင်ရွက်လျက်ရှိပြီး ပေါ်ပေါက်ချက်များနှင့်အညီ ကွင်းဆက်တရားခံများအား ဖမ်းဆီး၍ သက်ဆိုင်ရာဥပဒေများအရ အမှုဖွင့် အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ သိရသည်။

 

Most Read

Most Recent