တိုက်ပွဲကြားပိတ်မိနေသော စစ်ဘေးသင့်ပြည်သူများ ကယ်ထုတ်နိုင်ရေး မြစ်ကြီးနားတွင် ကချင်တိုင်းရင်းသားများ ဆန္ဒပြ

တိုက်ပွဲကြားပိတ်မိနေသော စစ်ဘေးသင့်ပြည်သူများ ကယ်ထုတ်နိုင်ရေး မြစ်ကြီးနားတွင် ကချင်တိုင်းရင်းသားများ ဆန္ဒပြ
Published 6 February 2018

မြစ်ကြီးနားမြို့တွင် ဆန္ဒထုတ်ဖော်နေသည့် ဒေသခံပြည်သူများကို တွေ့ရစဉ်  (ဓာတ်ပုံ-ထွန်းလင်းအောင်)

တိုက်ပွဲကြား ပိတ်မိနေသော စစ်ဘေးသင့်ပြည်သူများ ကယ်ထုတ်နိုင်ရေးအတွက် ကချင်တိုင်းရင်းသားများက မြစ်ကြီးနားမြို့ စီတာပူ မနောကွင်းမှ စတင်ကာမြို့တွင်း လမ်းလျှောက်ကာ ဖေဖော်ဝါရီ ၅ ရက်က ဆန္ဒပြကြောင်း သိရသည်။

ဖေဖော်ဝါရီ ၅ ရက်က ပြုလုပ်သည့် ယင်းဆန္ဒပြပွဲသို့ ကချင်တိုင်းရင်းသား ၂၀၀၀ ဝန်း ကျင်တက်ရောက်ခဲ့ပြီး ‘အပြစ်မဲ့ ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်မှု အလိုမရှိ’၊ ‘လူသားဒိုင်း ပြုလုပ်ခြင်း ချက်ချင်းရပ်’၊ ‘လေယာဉ်ဖြင့် ပြည်သူများကို ပစ်မှတ်ထား ဗုံးကြဲခြင်း ချက်ချင်းရပ်’ စသည့် ကြွေးကြော်သံများကို ဟစ်ကြွေးခဲ့ကြောင်း သိရသည်။

ယင်းဆန္ဒပြပွဲကို ဦးဆောင်သူ ဦးဇော်ဂျတ်က “ရည်ရွယ်ချက်ကတော့ ဆွမ်ပရာဘွမ်၊ တနိုင်းဒေသ၊ ရှမ်းမြောက်ဒေသတွေမှာ ထိုးစစ်တွေ နေရာအနှံ့ ဖြစ်နေတယ်။ အဲဒီအထဲမှာ ပိတ်မိနေတဲ့ ဒုက္ခသည်တွေကို ကယ်ထုတ်နိုင်ဖို့ ဒီမှာရှိတဲ့ လူကြီးတွေ၊ ဘာသာရေးအဖွဲ့က ဂိုဏ်းဂဏပေါင်းစုံက သက်ဆိုင်ရာ အစိုးရအဖွဲ့တွေ၊ တိုင်းမှူးတွေကို တွေ့ဖို့လုပ်ပေမယ့် ညှိနှိုင်းလို့ မရပါဘူး။ ကျွန်တော်တို့ ပိတ်မိနေတဲ့ သူတွေကို အမြန်ဆုံး ကယ်ထုတ်နိုင်ဖို့ ငြိမ်းစုစီ စာတင်ပြီး လုပ်ရခြင်း ဖြစ်ပါတယ်။ အခုတနိုင်းဒေသမှာ တပ်မတော်နှင့် ကေအိုင်အေကြားမှာ ပိတ်မိနေတဲ့ ပြည်သူတွေ ၁၀၀၀ ကျော်လောက် ရှိနေပါတယ်။ သူတို့ကိုလည်း ကူညီစေချင်တယ်။ အစိုးရအဖွဲ့က လက်တွေ့ကျကျ လုပ်စေချင်တယ်။ ပြည်သူလူထု ဒဏ်ရာရတာ၊ ဒုက္ခသည်တွေ ထွက်ပြေးလမ်းရှာတော့ မိုင်းမိသေတာတွေ၊ လေယာဉ်နဲ့ ပစ်လို့သေတာ၊ ဒဏ်ရာရတာတွေ ရှိနေတယ်။ နှစ်ဖက်လက်နက်ကိုင် အဖွဲ့တွေကို ပြောချင်တာ ညှိစရာရှိရင် မြန်မြန်ညှိကြပါ။ ကြားထဲမှာ ပြည်သူတွေ ဒုက္ခရောက်တယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေ ရသင့်တဲ့ အခွင့်အရေးကိုလည်း ပြေပြေလည်လည် ရစေချင်တယ်။ ဒီလိုမဟုတ်ရင်တော့ ဒီစစ်ပွဲတွေက ပြီးမယ်လို့ မထင်ဘူး” ဟု ပြောကြားသည်။

တနိုင်းဒေသ၊ ဟူကောင်းချိုင့်ဝှမ်းဒေသ ရွှေမှော်၊ ပယင်းမှော်မှ ပြန်လာသူ ကိုဆိုင်းခွန်က “လေယာဉ်တွေနဲ့ ပစ်တာက ၂၆ ရက်နေ့ မှာပစ်တာ။ ကျွန်တော်တို့က ပစ်ပြီးမှ သွားကြည့်တာ။ အမျိုးသားတစ်ဦးသေ၊ သုံးဦး ဒဏ်ရာရပေါ့။ လက်နက်ကြီးစဉ်ပြီး ပယင်းကျင်းထဲ ကျတဲ့လူက ကျတဲ့အချိန် ဘာမှမဖြစ်ဘူး။ ညရောက်မှ ဒဏ်ရာမသက်သာလို့ ဆေးရုံပို့တော့ ဆေးရုံမှာဆုံးတယ်။ လက်နက်ကြီး တစ်ရက်လုံးပစ်တယ်။ လူတွေက ကြောက်နေကြပြီ။ ၂၇ ရက်ကလည်း ပယင်းတောင်ကို လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ ပယင်းတူးတဲ့ နေရာကနေ ဝေးတန်းပေါ့။ ကေအိုင်အေက ဘေးကင်းတဲ့နေရာ ပြောင်းခိုင်းတယ်။ အားလုံး လူ ၃၀၀၀ ကျော်တယ်။ ၂၈ ရက်မှာ နန့်ကွမ်းဘက် ပြောင်းကြတယ်။ လမ်းမှာ မိုင်းထိသေတယ်။ လမ်းဘေးမှာပဲ မြှုပ်ခဲ့တာ။ နန့်ကွမ်းဘက် ရောက်တော့လည်း လက်နက်ကြီးတွေ ကျလာတယ်။ လူတွေက ထိန်းလို့မရတော့ဘူး။ နန့်ကွမ်းကနေ ပေါက်ဝကိုထွက်လာတော့ တပ်မကအဖွဲ့နဲ့ ပိတ်သွားတာ။၂၉ ရက် ညနေပိုင်းမှာ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ၊ မိုင်းထိလူနာတွေ လွှတ်ပေးတာ။ တပ်မတော်က မိုင်းခွန်းဘက်သွားခိုင်းတာ။ အဲဒီလမ်းက မိုင်းလမ်းကြီး ဖြစ်နေတာ။ ကေအိုင်အေက မသွားခိုင်းတော့ဘူး။ ကြားညပ်သွားတယ်။ ၃၀ ရက်နေ့ကျတော့ လေးငါးဦး တန်းစီပြီး လွှတ်တာ။ အင်္ကျီတွေ ချွတ်ပြရတယ်။ ဖုန်းကတ်၊ မင်မိုရီကတ်၊ ဓား၊ ဓာတ်မီးက ဓာတ်ခဲတွေ အားလုံးသိမ်းတယ်။ ပယင်းတွေ၊ ငွေတွေတော့ မသိမ်းဘူး။ ရိက္ခာတွေ ပြတ်ကုန်တယ်။ ဒီနေ့အထိကတော့ လူပေါင်း ၁၀၀၀ ကျော် ကျန်နေသေးတယ်။ ဆိုင်ကယ်နဲ့ သုံးဘီးသမားတွေ ကျန်နေတယ်” ဟု ပြော ကြားသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က ကယ်ဆယ်ရေး လုပ်ငန်းများကို အဆင်သင့်ဖြစ်အောင် ဆောင်ရွက်ထားပြီး ပဋိပက္ခကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ထိခိုက်ခဲ့ကြောင်း၊ ဖွံ့ဖြိုးရေးကို ဦးတည်ပြီး ငြိမ်းချမ်းရေးကို အထောက်အကူပြုသည့် လမ်းစဉ်ကို ဆောင်ရွက်နေကြောင်း ပြောကြားသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က “(တနိုင်းနှင့် ဆွမ်ပရာဘွမ်စစ်ပွဲများနှင့် ပတ်သက်၍) အားလုံး အဆင်သင့်ပဲ။ ဆောင်ရွက်ထားပြီးသား ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးမရခင်တော့ ဒီပြဿနာက တွေ့ကြုံရဦးမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ ကြက်ခြေနီ၊ လူမှုဝန်ထမ်းတွေပေါင်းပြီး ဆောင်ရွက်ထားပါတယ်။ ဒီလိုပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ထိခိုက်တာလည်း ရှိပါတယ်။ ငြိမ်းချမ်းရေးကိုတော့ မရရအောင်လုပ်ရမှာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးရေးကို ဆောင်ရွက်ပြီး ငြိမ်းချမ်းရေးကို အထောက်အကူပြုတဲ့ နည်းလမ်းအတိုင်း သွားဖို့ရှိပါတယ်” ဟု လွှတ်တော်အပြီးတွင် ဖြေကြားသည်။

မေလိခမြစ် အရှေ့ဘက်ကမ်းဒေသသည် ကေအိုင်အေ တပ်မဟာ (၁) ဒေသအတွင်း ပါဝင်ပြီး တပ်မတော်က လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် လမိုင်ယန်၊ အင်ထန်းဇွပ်၊ ဆွတ်မာဘွမ်၊ ဆွတ်ပရာကျေးရွာမှ အိမ်ထောင်စု ၁၃၁ စု၊ လူဦးရေ ၇၄၅ ဦးမှာ ယင်းရွာမှ မြောက်ဘက် တစ်မိုင်ဝန်းကျင်ခန့်အကွာ လျှိုမြောင်အတွင်း ဇန်နဝါရီ ၂၁ ရက်မှ စတင်ကာ ပုန်းအောင်းနေရကြောင်း ဒေသခံရွာသားများကို ပြောကြားသည်။

၂၀၁၇ ခုနှစ် ဇွန် ၅ ရက်တွင် တပ်မတော် ရဟတ်ယာဉ်ဖြင့် ဖြန့်ဝေခဲ့သည့် သတိပေးစာတွင်  တနိုင်းမြို့နယ် အတွင်းရှိ ထန်းပလားမှော်၊ ဝမ်းပလားမှော်၊ အောင်လွတ်မှော်၊ တုံမဏီမှော်၊ ချောင်းဆုံမှော်၊ နန်ဗြူမှော်၊ ဂျာအောင်ဘာမှော်၊ ဇီဖြူကုန်းမှော်၊ ညောင်ပင်ကုန်းမှော်၊ နန့်ကွမ်းမှော်များမှာ နိုင်ငံတော်မှ တရားဝင် ခွင့်ပြုထားသည့် မှော်များမဟုတ်ကြောင်း၊ ရွှေပယင်း တူးဖော်ခြင်းများကြောင့် ဂေဟစနစ် ပျက်စီးဆုံးရှုံးခြင်းများ ဖြစ်ပေါ်နေခြင်းကြောင့် တပ်မတော်က မကြာမီ နယ်မြေရှင်းလင်းရေးများ ပြုလုပ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ တပ်မတော်နှင့် ကေအိုင်အေတို့ တနိုင်းဒေသတွင် တရားမဝင် ရွှေမှော်၊ ပယင်းမှော်များကို အကြောင်းပြု၍ ပတ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်မှာ၂၀၁၇ ဇွန်လဆန်းပိုင်းမှ ၂၀၁၈ ဇန်နဝါရီလအထိ ရှစ်လနီးပါး ကြာမြင့်ခဲ့ပြီဖြစ်သည်။

 

Most Read

Most Recent