မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် အသတ်ခံရမှုနှင့်ပတ်သက်ပြီး ထွက်ပြေးနေသော သံသယတရားခံတစ်ဦး၏ တိန်ညိုကျေးရွာရှိနေအိမ် မီးလောင်

မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် အသတ်ခံရမှုနှင့်ပတ်သက်ပြီး ထွက်ပြေးနေသော သံသယတရားခံတစ်ဦး၏ တိန်ညိုကျေးရွာရှိနေအိမ် မီးလောင်
Published 6 February 2018

မီးလောင်နေသည့် သံသယတရားခံ၏ နေအိမ်အား တွေ့ရစဉ်

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် အသတ်ခံရမှုနှင့် ပတ်သက်ပြီး ထွက်ပြေးနေသည့် သံသယတရားခံတစ်ဦး၏ တိန်ညိုကျေးရွာရှိ နေအိမ် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း တိန်ညိုကျေး ရွာအုပ်ချုပ်ရေးမှူး၏ ပြောကြားချက်အရ သိရသည်။

မီးလောင်မှုမှာ ဖေဖော်ဝါရီ ၅ ရက် နံနက် ၁ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် နေအိမ်တစ်လုံးဆုံးရှုံးခဲ့ကြောင်း၊ မီးလောင်မှု ဖြစ်ပွားသည့်အချိန်တွင် နေအိမ်၌ တစ်ယောက်မျှမရှိကြောင်း၊ မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းနှင့် ပတ်သက်ပြီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားသည့်နေအိမ်မှာ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် အသတ်ခံရမှုတွင် ပါဝင်သူတစ်ဦးဖြစ်သည်ဟု ရဲတပ်ဖွဲ့မှ ယူဆထားသည့် ဦးကျော်နိုင်ဆိုသူ၏ နေအိမ်ဖြစ်ကြောင်း သိရသည်။

“ဦးကျော်မြင့်ရဲ့ ထွက်ဆိုချက်အရ ဦးကျော်မြင့်၏အစ်ကို သိန်းထွန်း၊ သူ့ညီလင်မယားတို့ကို မေးမြန်းစရာရှိလို့ ခေါ်ဖို့ဆိုပြီး ကျွန်တော်အပါအဝင် ဦးကျော်နိုင်ကိုခေါ်ဖို့ သွားတော့ အိမ်မှာမရှိဘူး။ ခရီးလွန်နေတယ် လို့ပြောတယ်။ အဲဒါနဲ့တစ်ဆက်တည်း ဦးကျော်နိုင်အိမ်က နံနက် ၁ နာရီလောက်မှာ မီးလောင်တာဖြစ်ပါတယ်။ အိမ်ရှေ့မှာ စားသောက်ဆိုင်ပုံစံမျိုးလည်းတွဲထားတယ်။ ဆုံးရှုံးမှုတန်ဖိုးက သိန်း ၅၀ လောက်ရှိတယ်လို့ မီးသတ်ဌာနကတော့ပြောသွားတယ်”ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မိုးက ဆိုသည်။

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် အသတ်ခံရမှုနှင့် ပတ်သက်ပြီး ရန်ကုန်မြို့၌ ဖမ်းဆီးခံခဲ့ရသည့် ဦးကျော်မြင့်၏ ထွက်ဆိုချက်အရ တိန်ညို ကျေးရွာတွင်နေထိုင်သူအချို့အား စစ်ဆေးလျက်ရှိကြောင်းသိရပြီး လက်ရှိတွင် တိန်ညို ရွာသားသုံးဦးအား ဖမ်းဆီးထားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ဆက်လက်ပြောကြားသည်။

“ဦးကျော်မြင့်၊ ဦးအေးကျော်ထွန်းနဲ့ ဦးဘလှိုင်တို့သုံးဦးကို ဦးကျော်မြင့်ထွက်ဆိုချက်မှာပါရှိတဲ့အတွက် ခေါ်ယူစစ်ဆေးပြီးနောက်မှာ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ ပုဒ်မကတော့ ၁၇ (၁) လို့ပြောပါတယ်။ နောက်ပြီး ဦးဝင်းဇော်နဲ့ ဇနီးကိုလည်း ခေါ်ယူ စစ်ဆေးနေပါတယ်”ဟု ဦးကျော်မိုးဦးက ပြောကြားသည်။

လက်ရှိတွင် ဦးဘိုဘိုမင်းသိုက်အသတ်ခံရမှုနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တွင် လေးဦး၊ မြောက်ဦးမြို့ တိန်ညိုကျေးရွာတွင် နေထိုင်သူ သုံးဦး ဖမ်းဆီးခံထားရပြီး ဦးကျော်မြင့်၏ ထွက်ဆိုချက်များအရ ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဖေဖော်ဝါရီ ၃ ရက်နှင့် ၄ ရက်ကလည်း တိန်ညိုကျေးရွာတွင် သေနတ်များရှိသည်ဆိုသည့် သတင်းကြောင့် ရဲတပ်ဖွဲ့က အင်အားအများအပြားဖြင့် တိန်ညိုကျေးရွာရှိ နေအိမ်အချို့အား ဝင်ရောက်စစ်ဆေးခဲ့ပြီး တိန်ညိုကျေးရွာချောင်းအတွင်း ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်မှာ ဇန်နဝါရီ ၃၀ ရက် ညနေ ၄ နာရီခွဲခန့်တွင် မြောက်ဦး- စစ်တွေကားလမ်းပေါ်ရှိ  ကျောက်တော်နှင့် ပုဏ္ဏားကျွန်းအကြား သရက်ချိုကျေးရွာအနီးတွင် လုပ်ကြံသတ်ဖြတ်ခံရခြင်းဖြစ်သည်။

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်မှာ မြောက်ဦး ပဋိပက္ခဖြစ်စဉ်ပြီးနောက် သုံးရက်အကြာ ဇန်နဝါရီ ၁၉ ရက်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ လက်ထောက်ညွှန်ကြားရေးမှူးရာထူးဖြင့် ပြောင်းရွှေ့ခံထားရပြီးနောက် ယင်းကဲ့သို့ လုပ်ကြံခံခဲ့ရခြင်းဖြစ်သည်။

ဇန်နဝါရီ ၁၆ ရက်က ဖြစ်ပွားခဲ့သော မြောက်ဦးပဋိပက္ခဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းမှုကြောင့် ဒေသခံ ခုနစ်ဦးသေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရခိုင်ပြည်နယ် လွှတ်တော်က သီးခြားစုံစမ်းရေးကော်မတီ တစ်ရပ်ဖွဲ့စည်းခြင်းကို ဇန်နဝါရီ ၂၉ ရက်က မဲခွဲဆုံးဖြတ် အတည်ပြုခဲ့သည်။ ယင်းကဲ့သို့ ပြည်နယ်လွှတ်တော်မှ မြောက်ဦးဖြစ်စဉ်စုံစမ်းရေးအဖွဲ့ကို အတည်ပြုဖွဲ့စည်းပြီး တစ်ရက်အကြာတွင် မြောက်ဦးပဋိပက္ခဖြစ်ပွားစဉ်အတွင်း မြောက်ဦး အုပ်ချုပ်ရေးမှူး တာဝန်ယူခဲ့ သူ ဦးဘိုဘိုမင်းသိုက် လုပ်ကြံခံခဲ့ရခြင်းမှာ လူအများအကြား စိတ်ဝင်စားမှုမြင့်တက်လာစေခဲ့သည်။

Most Read

Most Recent