အနစ်နာခံ ရင်းနှီးပေးဆပ်ခဲ့ရ၍ အာဏာရသည့်အချိန်တွင် ပြန်လည်ခံစားမည်ဟု စိတ်ကူးရှိသည့်လူများပါက တိုင်းပြည်တွင် လက်ရှိရရှိထားသော ဒီမိုကရေစီနှင့်လူ့အခွင့်အရေး ပြန်လည်ဆုံးရှုံးသွားနိုင်ကြောင်း NLD ပါတီ ရန်ကုန်တိုင်း အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ပြောကြား

အနစ်နာခံ ရင်းနှီးပေးဆပ်ခဲ့ရ၍ အာဏာရသည့်အချိန်တွင် ပြန်လည်ခံစားမည်ဟု စိတ်ကူးရှိသည့်လူများပါက တိုင်းပြည်တွင် လက်ရှိရရှိထားသော ဒီမိုကရေစီနှင့်လူ့အခွင့်အရေး ပြန်လည်ဆုံးရှုံးသွားနိုင်ကြောင်း NLD ပါတီ ရန်ကုန်တိုင်း အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ပြောကြား
Published 4 February 2018

ရန်ကုန်မြို့ MCC ခန်းမ၌ ဖေဖော်ဝါရီ ၃ ရက်က ကျင်းပသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းဒေသကြီး၊ အဋ္ဌမအကြိမ်တိုင်း၊ ခရိုင် မြို့နယ် စုံညီတွေ့ဆုံပွဲကို တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)

အနစ်နာခံ ရင်းနှီးပေးဆပ်ခဲ့ရ၍ အာဏာရသည့်အချိန်တွင် ပြန်လည်ခံစားမည်ဟု စိတ်ကူးရှိသည့်လူတွေ များပါက တိုင်းပြည်တွင် လက်ရှိရရှိထားသည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပြန်လည်ဆုံးရှုံးသွားနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဌေးက ပြောကြားသည်။

ဦးမြင့်ဌေးက ဖေဖော်ဝါရီ ၃ ရက်တွင် ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ Myanmar Convention Center - MCC ခန်းမ၌ ကျင်းပသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းဒေသကြီး၊ အဋ္ဌမအကြိမ် တိုင်း၊ ခရိုင်၊ မြို့နယ် စုံညီတွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အဲဒီအပေါ်မှာ ငွေကြေးလစာအပေါ်မှာ ပြောနေတာတွေကတော့ မသင့်တော်ဘူးလို့ ကျွန်တော် ပြောချင်ပါတယ်။ တချို့ပါတီဝင်တွေ၊ တချို့ကိုယ်စားလှယ်တွေ၊ လွှတ်တော်အသီးသီးက ကိုယ်စားလှယ်တွေ ဘဝပျက်၊ မိသားစုပျက်၊ စီးပွားပျက်ခံပြီးတော့ မြန်မာနိုင်ငံ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် အားတက်သရော ကြိုးပမ်းဆောင်ရွက်နေကြသလို တချို့ပါတီဝင်တွေ၊ တချို့လွှတ်တော် ကိုယ်စားလှယ်တွေက ဒီတာဝန်တွေကို ယူပြီး စီးပွားတက်အောင် လုပ်ချင်ကြတဲ့ ပါတီဝင်၊ ကိုယ်စားလှယ်တွေလည်း ရှိတယ်။ ဒါတွေဟာ ဆင်ခြင်ရမယ်။ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ကိစ္စတွေလို့ ကျွန်တော်ပြောချင်ပါတယ်”ဟု ဦးမြင့်ဌေးက ပြောကြားသည်။

ထို့ပြင် ၎င်းက “ဒါမျိုးဖြစ်နေတာဟာ ကျွန်တော်တို့ အရင်တုန်းက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ဆိုပြီး ကြွေးကြော်လာပြီးတော့ မူလယုံကြည်မှု၊ ယုံကြည်ချက်တွေဟာ ဘယ်လိုဖြစ်လို့ ပျောက်ကွယ်သွားကြတာလဲ။ ဒါဆိုရင်တော့ ကျွန်တော်က ပြောချင်တယ်။ ငါတို့က အနစ်နာခံခဲ့လို့ ငါတို့ ဘယ်လောက် ရင်းနှီးပေးဆပ်ခဲ့လို့ ငါတို့ တာဝန်ရတဲ့အချိန်၊ ငါတို့ အာဏာရတဲ့အချိန် အဲဒီရင်းနှီးတာတွေကို ငါတို့ပြန်လည် ခံစားမယ်လို့ စိတ်ကူးရှိရင် အဲဒီလို စိတ်ကူးရှိတဲ့ လူတွေများရင် ကျွန်တော်တို့ တိုင်းပြည်ဟာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လက်ရှိရထားတာဟာ ပြန်လည်ဆုံးရှုံးသွားနိုင်တယ်။ ဒါကို ကျွန်တော်တို့ ဆင်ခြင်သုံးသပ်ဖို့တော့ လိုပါတယ်”ဟု ဆက် လက်ပြောကြားသည်။

ထို့ပြင် လက်ရှိတွင် ပါတီ၌ တာဝန်ယူနေရသည့် အဆင့်ဆင့်သော အမှုဆောင်များ၊ အဖွဲ့ဝင်များသည် လစာ တစ်ပြားတစ်ချပ်မှ မရကြောင်း၊ ဗဟိုအလုပ်အမှုဆောင်ကိုတောင် ပါတီအနေဖြင့် ထောက်ပံ့နိုင်သည့် အနေအထားမရှိကြောင်း ဦးမြင့်ဌေးက ဆိုသည်။

“အဲတော့ အဲဒီကနေတစ်ဆင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို ဝင်တဲ့အခါမှာ အနိုင်ရသွားတဲ့ ကျွန်တော်တို့အဖွဲ့ချုပ်က ကိုယ်စားလှယ်တွေဟာ နိုင်ငံတော်ကပေးတဲ့ လစာကို ရယူနေတယ်။ ဒါပေမဲ့ တချို့ကိုယ်စားလှယ်တွေက အသံထွက်တယ်။ ဒီလစာလောက်နဲ့ ဘာလုပ်လို့ရမှာလဲဆိုတဲ့ ကိစ္စတွေ အသံထွက်တယ်။ အဲတော့ ကျွန်တော် တော်တော်စိတ်မကောင်း ဖြစ်တယ်။ အရင်တုန်းက တစ်ပြားတစ်ချပ်မှ မရဘူး။ ကိုယ့်အိတ်ထဲက ကိုယ်စိုက်လုပ်နေတယ်။ အဲဒီလိုလုပ်နေတဲ့ လူတွေလည်း ပါတီမှာ လက်ရှိ ရှိတယ်။ နိုင်ငံတော်က ပေးတဲ့လစာကို ဥပဒေထဲကနေပြီးတော့ သတ်မှတ်ထားတဲ့ လစာကို ရနေတဲ့ တချို့သော ကိုယ်စားလှယ်တချို့၊ ဥပမာအားဖြင့် တိုင်းဒေသကြီးဆိုရင် သတ်မှတ်ထားတဲ့ လစာ။ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်တွေရတယ်။ အဲတော့ ပါတီကို ပြန်လည်သွင်းရမယ်ဆိုတဲ့ ရာခိုင်နှုန်းတွေ ဖြတ်တယ်။ ငါတို့ရတာက ဒီလောက်၊ ပါတီကို ပြန်သွင်းရတာနဲ့ဆိုတဲ့ အသံတွေ ထွက်တယ်။ ဒီလစာနဲ့ ဘာမှ အဆင်မပြေဘူးဆိုတော့။ ကျွန်တော်တို့ ဒီကိုယ်စားလှယ်တွေ ရွေးချယ်မှုအပိုင်းကို ဘယ်သူက အတင်းအဓမ္မ တိုက်တွန်းပြီးတော့ ဘယ်သူက အတင်းအဓမ္မ မဖြစ်မနေ ရွေးချယ်ရမယ်လို့ ပြောသလဲ။ မိမိယူနိုင်တဲ့ တာဝန်ကို မိမိတာဝန် ထမ်းဆောင်ကြတာပဲ မဟုတ်ဘူးလား”ဟု ဦးမြင့်ဌေးက ပြောကြားသည်။

အဆိုပါ စုံညီတွေ့ဆုံပွဲ တက်ရောက်လာသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမဲဆန္ဒနယ် မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ က “တချို့လွှတ်တော် ကိုယ်စားလှယ်တွေကျတော့လည်း လုပ်တယ်။ လုပ်တဲ့အခါကျတော့ အမှားကတော့ ရှိမှာပဲလေ။ တချို့ကိုယ်စားလှယ်တွေ ကျတော့လည်း ဘာမှမလုပ်ဘူး။ ဘာမှလည်း မပြောဘူးဆိုတာတွေ ရှိပါတယ်။ အန်ကယ်ကတော့ ကိုယ့်လွှတ်တော် ကိုယ်စားလှယ်တွေကိုလည်း မပြုတ်မရှုပ်တော့ မလုပ်ပါနဲ့ လုပ်ပါ။ အမှားတော့ရှိမှာပဲ။ ဒါပေမဲ့ အဲဒါလေးကို အမှားနည်းအောင် လုပ်ပြီးတော့ ကိုယ့်ရဲ့စေတနာသန့်သန့်နဲ့ ၂၀၂၀ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးအတွက်တော့ လုပ်ကို လုပ်ရမယ်။ ပြည်သူ့ဘက်ကလို အပ်တာတွေကို။ အစိုးရဘက်ကို ထောက်ပြရမယ်ဆိုပြီးတော့ အန်ကယ်ကတော့ ရဲဘော်ရဲဘက်စိတ် အပြည့်နဲ့တော့ ရန်ကုန်လွှတ်တော်ထဲမှာ လှုပ်ရှားနေပါတယ်”ဟု ပြောကြားသည်။

Most Read

Most Recent