ဂူတာပြင်ကျေးရွာဝန်းကျင်တွင် ရာနှင့်ချီသည့် ရုပ်အလောင်းများ နေရာငါးနေရာ၌ အစုလိုက် အပြုံလိုက် မြှုပ်နှံထားသည်ဟု AP သတင်းဌာန၏ ဖော်ပြချက်သည် ပဏာမစစ်ဆေးချက်အရ မှန်ကန်မှုမရှိကြောင်း ထုတ်ပြန်

ဂူတာပြင်ကျေးရွာဝန်းကျင်တွင် ရာနှင့်ချီသည့် ရုပ်အလောင်းများ နေရာငါးနေရာ၌ အစုလိုက် အပြုံလိုက် မြှုပ်နှံထားသည်ဟု AP သတင်းဌာန၏ ဖော်ပြချက်သည် ပဏာမစစ်ဆေးချက်အရ မှန်ကန်မှုမရှိကြောင်း ထုတ်ပြန်
Published 3 February 2018

ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်သည့်အဖွဲ့ ဂူတာပြင်ကျေးရွာတွင် ကျေးရွာတာဝန်ခံများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံစဉ် (Photo: information comittee)

ဂူတာပြင်ကျေးရွာဝန်းကျင်တွင် ရာနှင့်ချီသည့် ရုပ်အလောင်းများ နေရာငါးနေရာ၌ အစုလိုက် အပြုံလိုက် မြှုပ်နှံထားသည်ဟု AP သတင်းဌာန၏ ဖော်ပြချက်သည် ပဏာမ စစ်ဆေးချက်အရ မှန်ကန်မှုမရှိကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ဖေဖော်ဝါရီ ၂ ရက်တွင် ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာဝန်းကျင်တွင် ရာနှင့်ချီသည့် ရုပ်အလောင်းများအား နေရာငါးနေရာ၌ အစုလိုက်အပြုံလိုက် မြှုပ်နှံထားကြောင်း၊ ယင်းတို့ကို အက်စစ်လောင်း၍ ဖျောက်ဖျက်ရန် စီစဉ်ထားခြင်းကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေကြောင်း AP သတင်းဌာနက ဖေဖော်ဝါရီ ၁ ရက်တွင် ဖော်ပြခဲ့ကြောင်း၊ ထိုသို့ AP သတင်းဌာနမှ သတင်းဖော်ပြမှုကြောင့် အခြားမီဒီယာများတွင် ဆင့်ပွားဖော်ပြခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းမှ ဝေဖန်ပြောကြားမှုများ၊ စွပ်စွဲချက်များ ထွက်ပေါ်ခဲ့ရာ ဂူတာပြင်ကျေးရွာဖြစ်စဉ် မှန်ကန်မှု ရှိ၊ မရှိ စိစစ်တင်ပြရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ နိုင်ငံတော်အစိုးရက လမ်းညွှန်ခဲ့သည်ဟု ဖော်ပြထားသည်။

ယင်းလမ်းညွှန်ချက်အရ ရခိုင်ပြည်နယ် အစိုးရအဖွဲ့သည် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာနှင့် စပ်လျဉ်းသည့် AP သတင်းဌာန သတင်းဖော်ပြချက်နှင့် ပတ်သက်၍ ဖြစ်စဉ်မှန် ဖော်ထုတ်သိရှိနိုင်ရန် ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးဦးဆောင်ပြီး အမှတ် (၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နယ်မြေမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ဥပဒေအရာရှိ၊ လက်ထောက်မြို့နယ်ဆရာဝန်၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ၊ မြို့နယ်လဝကဦးစီးမှူး၊ မြို့နယ် လယ်စီ/စာရင်းအင်းဦးစီးမှူး၊ မြို့နယ်မီးသတ်ဦးစီးမှူး ပါဝင်သည့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီသည် ဘူးသီးတောင်မြို့နယ် ကံစိန်အုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဂူတာပြင်ကျေးရွာတာဝန်ခံနှင့် ရပ်မိရပ်ဖ ငါးဦးနှင့် ပြန်/ဆက်မှ မှတ်တမ်းတင် တစ်ဦး စုစုပေါင်း ၁၇ ဦး ပါဝင်သည့် မြေပြင်ကွင်းဆင်းစစ်ဆေးသည့် အဖွဲ့အား စနစ်တကျ ဖွဲ့စည်းခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်တွင် ဂူတာပြင်ကျေးရွာတစ်ဝိုက် သွားရောက်စစ်ဆေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ဂူတာပြင်ကျေးရွာတွင် AP သတင်းဖော်ပြချက်ပါ ရုပ်အလောင်းများကို မြှုပ်နှံထားသည်ဟုဆိုသည့်နေရာများကို သွားရောက် စစ်ဆေးခဲ့ရာ မှန်ကန်မှုမရှိသည်ကို တွေ့ရှိရကြောင်း၊ ၎င်းအပြင် ရပ်မိရပ်ဖများ၊ ကျေးရွာ နေပြည်သူများနှင့်တွေ့ဆုံ၍ AP သတင်းတွင် ဖော်ပြခဲ့သည့် လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှုမျိုး ရှိ၊ မရှိ မေးမြန်းရာ ကျေးရွာသူရွာသားများက မရှိကြောင်း ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖြစ်စဉ်အမှန်သည် ARSA အစွန်းရောက် အကြမ်းဖက်များနှင့် ထိတွေ့မှုဖြစ်ပွားခဲ့စဉ် ဂူတာပြင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ၂၀၁၇ ခုနှစ် သြဂုတ် ၂၈ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ဂူတာပြင်ကျေးရွာအတွင်းမှ ARSA အစွန်းရောက် အကြမ်းဖက်သမားများနှင့် ပူးပေါင်းထားသည့် ကျေးရွာအတွင်းမှ ရွာသားများ ပါဝင်သော အင်အား ၅၀၀ ခန့်က လူအုပ်ဖြင့် ဝင်လုံးတိုက်ခိုက်ခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကပ်မလာရန် တားဆီးခဲ့သော်လည်း အတင်းဝင်ရောက် လုံးထွေးတိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမားများက ကျေးရွာ၏တောင်ဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း၊ ARSA အစွန်းရောက် အကြမ်းဖက်သမားများက တုတ်၊ ဓား၊ ဂျင်ကလိများ၊ လက်နက်ငယ်များဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြန်လည်ခုခံ ကာကွယ်ပစ်ခတ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ARSA အစွန်းရောက် အကြမ်းဖက်သမားအလောင်း ၁၉ လောင်းနှင့်အတူ အရိုးအသွား အရှည်နှစ်လက်မခန့်ရှိ ဓားအရှည် ရှစ်ချောင်း၊ အရှည် နှစ်ပေခန့်ရှိ သစ်သားတုတ်တစ်ချောင်း၊ အရှည် ငါးပေခွဲခန့်ရှိ လှံချွန် သုံးချောင်း၊ အရှည်လေးပေခန့်ရှိ သံလုံးချွန် နှစ်ချောင်း၊ သစ်သားရိုးပါ အရှည်လေးပေခန့်ရှိ လှံချွန်တစ်ချောင်း၊ လေးလက်မ အိမ်ရိုက်သံဖြင့် ပြုလုပ်ထားသည့် ဂျင်ကလိ ၃၂ ချောင်း၊ S&B တံဆိပ်ပါ ၇ ဒသမ ၆ ကျည်ခွံ ၁၂ ခုတို့အား သိမ်းဆည်းရမိခဲ့ကြောင်း၊ သေဆုံးခဲ့သည့် ARSA အစွန်းရောက် အကြမ်းဖက်သမား ၁၉ ယောက်၏ အလောင်းကို စနစ်တကျ မြှုပ်နှံသြင်္ဂိုဟ်ခဲ့ပြီး ညောင်ချောင်းနယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၅/ ၂၀၁၇၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ဈ) ဖြင့် အမှုဖွင့်ခဲ့ကြောင်း စိစစ်တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများမရှိဟု ငြင်းဆန်ခြင်းမပြုဘဲ တိကျမှန်ကန်ခိုင်မာပြီး ယုံကြည်စိတ်ချရသည့် သက်သေအထောက်အထားများရရှိပါက စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သည့်အခါ ချိုးဖောက်မှုများ တွေ့ရှိရပါက ဥပဒေနှင့်အညီ အရေးယူမှုများ ဆောင်ရွက်မည်ဟု ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ ယင်းမူဝါဒနှင့်အညီ AP သတင်းဖော်ပြချက်ပါ ဂူတာပြင်ဖြစ်စဉ်သတင်းနှင့်စပ်လျဉ်း၍ ဒေသခံရွာသားများ ပါဝင်သည့် မြေပြင်ကွင်းဆင်းစစ်ဆေးရေး အဖွဲ့ဖြင့် စနစ်တကျ ကွင်းဆင်းစစ်ဆေးခဲ့သည့် ပဏာမစိစစ်ချက်အရ မှန်ကန်မှုမရှိသည်ကို တွေ့ရှိရကြောင်း၊ ဆက်လက်၍ ဂူတာပြင်ကျေးရွာအနီးဝန်းကျင်ရှိ အခြားကျေးရွာများတွင်လည်း AP သတင်းဖော်ပြချက်ပါ ဖြစ်စဉ်များဖြစ်ပွားခဲ့ခြင်း ရှိ၊ မရှိ ဆက်လက်စုံစမ်း စိစစ်လျက်ရှိကြောင်း၊ အချက်အလက် အထောက်အထားများ ရရှိမှုအပေါ်မူတည်၍ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်သွားရန်ရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များဘက်မှ ကျူးလွန်ခဲ့သည့်အမှုများအတွက်လည်း အရေးယူ ဆောင်ရွက်မှုများရှိနေပြီး ယခု ဂူတာပြင်တွင် ရုပ်အလောင်းများတွေ့ရှိသည်ဆိုသည့် သတင်းသည် ထင်ယောင်ထင်မှားဖြစ်အောင်လုပ်သည့် သတင်းမှားသာလျှင်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ ဦးတင်မောင်ဆွေက ဗွီအိုအေသို့ ပြောကြားခဲ့ကြောင်း သိရသည်။

Most Read

Most Recent