ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို အစိုးရအဖွဲ့အစည်းများဌာနအဖြစ်မှ ဝန်ဆောင်မှုများ ပိုမိုတိုးတက်စေရန်အတွက် ကဏ္ဍကြီးသုံးခု၊ အာဏာပိုင်ခုနစ်ဖွဲ့နှင့် စီးပွားရေး အဖွဲ့အစည်းများအဖြစ် ပြောင်းလဲဖွဲ့စည်းမည့် ဥပဒေကြမ်း တင်သွင်း

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို အစိုးရအဖွဲ့အစည်းများဌာနအဖြစ်မှ ဝန်ဆောင်မှုများ ပိုမိုတိုးတက်စေရန်အတွက် ကဏ္ဍကြီးသုံးခု၊ အာဏာပိုင်ခုနစ်ဖွဲ့နှင့် စီးပွားရေး အဖွဲ့အစည်းများအဖြစ် ပြောင်းလဲဖွဲ့စည်းမည့် ဥပဒေကြမ်း တင်သွင်း
Published 3 February 2018

ရန်ကုန်မြို့ရှိ မြို့တော်ခန်းမအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို အစိုးရအဖွဲ့အစည်းများဌာန အဖြစ်မှ ဝန်ဆောင်မှုများ ပိုမိုတိုးတက်စေရန်အတွက် ကဏ္ဍကြီးသုံးခု၊ အာဏာပိုင်ခုနစ်ဖွဲ့နှင့် စီးပွားရေး အဖွဲ့အစည်းများအဖြစ် ပြောင်းလဲဖွဲ့စည်းမည့် ဥပဒေကြမ်းကို ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက တင်သွင်းသည်။

“အဆိုးသံသရာထဲမှာ လွတ်မြောက်ရေး နည်းလမ်းတစ်ခုအဖြစ် အခုအစိုးရသစ် တာဝန်ထမ်းဆောင်နေတဲ့ ကာလတစ်ခုအတွင်းမှာ ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ ညီညွတ်ပြီးတော့ မြို့တော်သူ၊ မြို့တော်သားများရဲ့ အခွင့်အရေးကို ပွင့်လင်းမြင်သာစွာ အပြည့်အ၀ ရယူခံစားနိုင်စေရန်နှင့် လူနေမှုဘ၀ မြင့်မားစေရန် ရည်ရွယ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို အစိုးရအဖွဲ့အစည်းများဌာနအဖြစ်မှ ဝန်ဆောင်မှုများ ပိုမိုတိုးတက်လာစေရန်အတွက် ကဏ္ဍကြီးသုံးခုနဲ့၊ Authority ခုနစ်ဖွဲ့နဲ့ စီးပွားရေး အဖွဲ့အစည်းများအဖြစ် ပြောင်းလဲဖွဲ့စည်းနိုင်မယ့် ယခုဥပဒေကြမ်းကိုလည်း ပြင်ဆင်ရေးဆွဲပြီး လွှတ်တော်သို့ တင်ပြရခြင်းဖြစ်ပါတယ်” ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

အဆိုပါ ဥပဒေကြမ်း၌ အခန်း ၃၂ ခန်း၊ ပုဒ်မပေါင်း ၃၉၈ ခုပါဝင်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကြမ်းကို ထပ်မံပြင်ဆင်ရေးဆွဲ၍ ယခုဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် တင်သွင်းရခြင်းဖြစ်ကြောင်း မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

“ရန်ကုန်မြို့တော်ဟာ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ မြို့ကြီးများအနက် လွန်စွာထူးခြားတဲ့ ဝိသေသလက္ခဏာများကို ပိုင်ဆိုင်တဲ့ မြို့ပြကြီးတစ်ခု ဖြစ်ပါတယ်။ ထူးခြားတဲ့ ဝိသေသလက္ခဏာများအနက်မှ ဥပမာတင်ပြရရင် လူဦးရေဆိုင်ရာကိစ္စပဲ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရဲ့ လူဦးရေဟာ မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာရှိတဲ့လူဦးရေရဲ့ ၁၂ ရာခိုင်နှုန်း ရှိတယ်လို့ ခန့်မှန်းပြီးတော့ ရန်ကုန်မြို့တော် နယ်နိမိတ်အတွင်းမှာပါဝင်တဲ့ ၃၃ မြို့နယ်မှာ မြန်မာနိုင်ငံလူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းရှိတဲ့ ခြောက်သန်းခန့် နေထိုင်ပြီးတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ကြီးလည်း ဖြစ်နေပါတယ်။ ဒါ့အပြင် ၂၀၄၀ ပြည့်နှစ်မှာ ရန်ကုန်မြို့တော်ရဲ့ လူဦးရေဟာ ၁၀ သန်းခန့် ရှိလာမယ်လို့ ခန့်မှန်းထားပါသဖြင့် ရန်ကုန်မြို့တော်ကြီးဟာ Mega City အဖြစ်သို့ ရောက်လာတော့မှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ ဧရိယာ အကျယ်အဝန်းဟာလည်း စတုရန်းမိုင် ၃၀၀ ကျော်သာရှိတဲ့ အတွက်ကြောင့် တစ်နိုင်ငံလုံး အကျယ်အဝန်းဖြစ်တဲ့ စတုရန်းမိုင် ၂၆၁,၀၀၀ ကျော်ရဲ့ ၈၅၀ ပုံတစ်ပုံသာရှိပြီးတော့ လူဦးရေ သိပ်သည်းမှုဟာလည်း အဆမတန် များပြားတဲ့အတွက်ကြောင့် မြေနေရာတွေ လိုအပ်လာပါတယ်။ သောက်သုံးရေတွေလည်း လိုအပ်လာပါတယ်။ ပတ်ဝန်းကျင် အရည်အသွေး ထိန်းသိမ်းမှု စတဲ့ လိုအပ်မှုပေါင်းများစွာ ရှိလာပါတယ်။ ဒါ့အပြင် မြို့ပြဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လိုအပ်ချက်များလည်း ရှိလာပါတယ်” ဟု မြို့တော်ဝန်က ဆက်လက်ပြောကြားသည်။

“လူဦးရေ ထူထပ်သိပ်သည်းမှုနဲ့ ရွှေ့ပြောင်း ဝင်ရောက်လာမှုများကြောင့် ရရှိလာတဲ့ လိုအပ်မှုများစွာကနေ ကျူးကျော်မှုပြဿနာတွေ၊ သောက်သုံးရေ ရှားပါးမှု ပြဿနာတွေ၊ တရာမဝင် ရေခိုးသုံးမှုပြဿနာတွေ၊ ယာဉ်အန္တရာယ်ပြဿနာတွေ၊ လျှပ်စစ်ခိုးယူသုံးစွဲမှု ပြဿနာတွေ၊ ခွင့်ပြုချက်မဲ့ အဆောက်အအုံ ဆောက်လုပ်မှုပြဿနာတွေ၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုစတဲ့ ပြဿနာပေါင်းစုံကိုလည်း ဖန်တီးပေးလျက်ရှိပါတယ်။ ယင်းကနေတစ်ဆင့် ဆက်နွှယ်နေတာကတော့ တရားဥပဒေ စိုးမိုးရေး၊ ပြည်သူ့ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးနဲ့ လူမှုရေး စတဲ့ နယ်ပယ်များအထိအောင် မကောင်းတဲ့ရလဒ်များကို ပျံ့နှံ့စေပါတော့တယ်။ ဒီရလဒ်များဟာ မြို့တော်ကို ဖွံ့ဖြိုးတိုးတက်မှုများ ရရှိစေမယ့်အစား လက်ရှိရင်ဆိုင်နေရတဲ့ မြို့တော် ပြဿနာတွေကို ထွက်ပေါက်မရှိအောင် ပိတ်ဆို့ပြီး အဆိုးသံသရာထဲမှာ ဝဲလည်နေသလို လည်နေအောင် လုပ်နေပါတယ်” ဟု ၎င်းက ပြောကြားသည်။

၂၀၁၇ ခုနှစ် မတ် ၃၀ ရက်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ ပြင်ဆင်နိုင်ရန် ဆုံးဖြတ်ခဲ့သည်။

Most Read

Most Recent