စမ်းချောင်းမြို့နယ်ရှိ g & g စတိုးဆိုင်အတွင်းသို့ နှာခေါင်းစည်းအနက်များ တပ်ဆင်ထားသည့် ဆယ်ကျော်သက်လူငယ်လေးဦး ဝင်ရောက်လုယက်မှု ဖြစ်ပွား

စမ်းချောင်းမြို့နယ်ရှိ g & g စတိုးဆိုင်အတွင်းသို့ နှာခေါင်းစည်းအနက်များ တပ်ဆင်ထားသည့် ဆယ်ကျော်သက်လူငယ်လေးဦး ဝင်ရောက်လုယက်မှု ဖြစ်ပွား
Published 11 August 2017

ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသောယာဉ်နှင့် ပြစ်မှုကျူးလွန်သူများအား တွေ့ရစဉ်

စမ်းချောင်းမြို့နယ်ရှိ g & g စတိုးဆိုင် အတွင်းသို့ နှာခေါင်းစည်းအနက်များ တပ်ဆင်ထားသည့် ဆယ်ကျော်သက်လူငယ်လေးဦးက ဝင်ရောက်၍ ဆိုင်ကောင်တာမှငွေများ လုယက်မှုဖြစ်ပွားခဲ့ကြောင်း သြဂုတ် ၁၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

သြဂုတ် ၁၁ ရက် နံနက် ၂ နာရီခွဲခန့်တွင် စမ်းချောင်းမြို့နယ် စမ်းချောင်း (မြောက်) ရပ်ကွက် စမ်းချောင်းလမ်းတွင် ဖွင့်လှစ်ထားသည့် g & g စတိုးဆိုင်မှ ဝန်ထမ်းနှစ်ဦးသည် ဆိုင်၌ ဈေးရောင်းချနေစဉ် နှာခေါင်းစည်းအနက်များ တပ်ဆင်ထားသည့် လူငယ်လေးဦးက ဆိုင်အတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ထို့နောက် ၎င်းတို့ထဲမှသုံးဦးက အရောင်းဝန်ထမ်းနှစ်ဦးအား ဓားဖြင့်ထောက်ပြီး ကျန်လူငယ်တစ်ဦးက ဆိုင်ကောင်တာအံဆွဲအတွင်းရှိ ဈေးရောင်းချငွေ ကျပ် ၄၀၀၀၀၀ ခန့် လုယူခဲ့ကြောင်း သိရသည်။

ထို့ပြင် ဆိုင်မှ အရောင်းဝန်ထမ်းနှစ်ဦး ဝတ်ဆင်ထားသည့် ရွှေလက်စွပ်မောင်းကွင်း တစ်ကွင်း၊ လက်ကိုင်ဖုန်းနှစ်လုံးနှင့် ဆိုင်မှ ဖုန်းငွေဖြည့်ကတ်မျိုးစုံ စုစုပေါင်းတန်ဖိုး ကျပ် ၁၀၅၄၀၀၀ အား လုယက်ပြီး ဆိုင်ရှေ့တွင် အသင့်ရပ်ထားသည့် ပရိုဘောက် ခဲရောင်အငှားယာဉ်ပေါ်သို့တက်ကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ ဖြစ်ပွားသဖြင့် ဆိုင်မှတာဝန်ရှိသူက သက်ဆိုင်ရာရဲစခန်းသို့ သွားရောက်တိုင်တန်းသဖြင့် ရဲတာဝန်ရှိသူများက ကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျူးလွန်သူများကို ဖမ်းဆီးရမိရေး ဆောင်ရွက်ရာ လုယက်သွားသည့် လူငယ်လေးဦး တက်သွားသည့် ယာဉ်နံပါတ်အား မရမ်းကုန်းမြို့နယ် အမှတ် (၃) ရပ်ကွက်နေ စည်သူလွင် (၁၈ နှစ်) အား ကျူးလွန်ရာတွင် အသုံးပြုသည့် ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် စည်သူလွင် (၁၈ နှစ်) အား ဆက်လက်စစ်ဆေးရာ ကျူးလွန်ရာတွင် ၎င်းနှင့်အတူ မရမ်းကုန်းမြို့နယ်နေ အာယုကျော် (၂၃ နှစ်)၊ ဖိုးလပြည့် (ခ) အောင်ပြည့်မြတ် (၁၉ နှစ်) နှင့် ကျော်ထူး (ခ) လှမျိုးနိုင် (၁၈ နှစ်) တို့ ပါဝင်ကြောင်း သိရသဖြင့် ကျန်ရှိသူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျန်ရှိသူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ရာ အခင်းဖြစ်ပွားသည့်နေ့ သြဂုတ် ၁၁ ရက် နံနက် ၁၁ ခွဲခန့်တွင် ၎င်းတို့နေထိုင်သည့် နေအိမ်အသီးသီးမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဝန်ထမ်းနှစ်ဦးထံမှ လုယူသွားသည့် လက်ကိုင်ဖုန်းနှစ်လုံးအနက်မှ တစ်လုံး၊ ရွှေလက်စွပ်မောင်းကွင်းတစ်ကွင်း၊ ဖုန်းငွေဖြည့်ကတ်မျိုးစုံ၊ ကျပ် ၁၆၀၄၀၀ အား ပြန်လည် သိမ်းဆည်းရမိကြောင်း သိရသည်။

ကျူးလွန်သူများအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က အခြားပြစ်မှုများ ကျူးလွန်ထားခြင်းရှိ မရှိ ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။

“ကျူးလွန်တဲ့သူတွေကို အခင်းဖြစ်ပွားတဲ့နေ့မှာပဲ သူတို့တွေရဲ့ နေအိမ်အသီးသီးမှာ ဖမ်းဆီးရမိခဲ့ပါတယ်။ အခုတော့ သူတို့ကို အခြားပြစ်မှုတွေ ကျူးလွန်ထားခြင်း ရှိ မရှိကို ဆက်လက်စစ်ဆေးနေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူ လူငယ်လေးဦးအား စမ်းချောင်းမြို့မရဲစခန်းက (ပ) ၃၄၅/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

အလားတူ ဇူလိုင် ၂၈ ရက်ကလည်း လူငယ်ရှစ်ဦးက အငှားယာဉ်အသုံးပြု၍ လှိုင်မြို့နယ်အတွင်းရှိ abc နှင့် g & g စတိုးဆိုင်များမှ ငွေများ ခိုးယူမှုဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။

Most Read

Most Recent