ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ခိုင်မာရန် ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးမဏ္ဍိုင်များ တက်ညီလက်ညီဖြင့် ပြည်သူ့အကျိုးကို ထမ်းဆောင်ရန် လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ခိုင်မာရန် ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးမဏ္ဍိုင်များ တက်ညီလက်ညီဖြင့် ပြည်သူ့အကျိုးကို ထမ်းဆောင်ရန် လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
Published 2 February 2018

ဖေဖော်ဝါရီ ၁ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် လွှတ်တော်များ၏ နှစ်နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်

ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ခိုင်မာရန် ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးမဏ္ဍိုင်များ တက်ညီလက်ညီဖြင့် ပြည်သူ့အကျိုးကို ထမ်းဆောင်ရန် လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဖေဖော်ဝါရီ ၁ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် လွှတ်တော်များ၏ နှစ်နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံဟာ တကယ်ပဲ ဖွံ့ဖြိုးတိုးတက်ဖို့ တကယ်ပဲ ခိုင်မာဖို့ဆိုရင် အရေးကြီးတဲ့ ဥပဒေပြုရေး မဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်နဲ့ အုပ်ချုပ်ရေး မဏ္ဍိုင်သုံးခုစလုံးဟာ လက်ညီတက်ညီနဲ့ ပြည်သူလူထုအကျိုးကို ထမ်းဆောင်ဖို့လိုပါတယ်။ ထိန်းညှိဖို့ တာဝန်ရှိတယ်ဆိုတော့ တချို့က ဒါဟာပြိုင်ဆိုင်တယ်။ တစ်ယောက်နဲ့ တစ်ယောက် မတည့်တဲ့ သဘောလို့ ထင်ကြတယ်။ ဒီလို မဏ္ဍိုင်ကြီးသုံးခုဟာ တစ်ခုနဲ့ တစ်ခု ထိန်းညှိထားရမယ် ဆိုတာဟာ တကယ်တော့ အပြိုင်အဆိုင်လည်း မဟုတ်ဘူး။ ရန်ဘက်လည်း မဟုတ်ဘူး။ အတိုက်အခံ အချင်းချင်းလည်း မဟုတ်ဘူး။ တစ်ယောက်နဲ့တစ်ယောက် မမှားအောင်လို့ ထိန်းပေးတဲ့သဘော ဖြစ်ရမယ်။ မမှားအောင်ဆိုတာ ဘာမှားလဲဆိုရင် နိုင်ငံ့အတွက် အကျိုးမရှိတဲ့ကိစ္စတွေပြုမိမှာ၊ အကျိုးရှိတဲ့ကိစ္စတွေ မပြုမိမှာမျိုး မဖြစ်အောင်လို့ တစ်ယောက်နဲ့ တစ်ယောက် ထိန်းညှိသွားတဲ့ သဘောပါပဲ။ မိတ်ဆွေသဖွယ် နောက်ဆုံးကျတော့ ရဲဘော်ရဲဘက်များသဖွယ် ဖြစ်ပါတယ်။ ရဲဘော်ရဲဘက်ဆိုတာ မိတ်ဆွေနဲ့တော့ နည်းနည်းကွာပါတယ်။ မိတ်ဆွေဆိုတာ ခင်မင်မှု၊ ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေး အပေါ်မှာ ခင်မင်မှုအပေါ်မှာ မူတည်ပါတယ်။ ရဲဘော်ရဲဘက်ဆိုတာ ယုံကြည်မှုအပေါ်မှာ အခြေခံပါတယ်။ ရဲဘော်ရဲဘက်များ ဆိုတာဟာ တူညီတဲ့ယုံကြည်မှု၊ ဒါ့ကြောင့်မို့လို့ တရားစီရင်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်ဟာ ရဲဘော်ရဲဘက်များသဖွယ် ပန်းတိုင်ဖြစ်တဲ့ နိုင်ငံအကျိုးအတွက် ညှိပြီးတော့ လုပ်သွားဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ဒီပွဲမှာဆိုလို့ရှိရင် မဏ္ဍိုင်ကြီး သုံးခုစလုံးက ဧည့်သည်တော်တွေ ပါဝင်ပါတယ်။ အဲဒီတော့ ကျွန်မတို့ အချင်းချင်း ပုဂ္ဂိုလ်ရေးအရ ခင်မင်တယ် ဆိုတာကလည်း အရေးကြီးပါတယ်။ ဒါမှ အထစ်အငေါ့လေးတွေရှိရင် တစ်ယောက်နဲ့တစ်ယောက် နားလည်မှု လွဲတာလေးတွေရှိရင်၊ အထင်အမြင် မှားတာတွေရှိရင် ဒါတွေကို ချောမွေ့အောင်လုပ်နိုင်ဖို့ပါ။ ဒါ့ကြောင့် လွှတ်တော်ထဲမှာ ရောက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ် အားလုံးဟာ တစ်ဦးနဲ့တစ်ဦး မိတ်ဆွေများသဖွယ်၊ ရဲဘော်ရဲဘက်များသဖွယ် ဆက်ဆံနိုင်ဖို့ အင်မတန်မှ အရေးကြီးတယ်လို့  ကျွန်မသတိ ပေးချင်ပါတယ်။ ဒီလို မိတ်ဆွေများသဖွယ်၊ ရဲဘော်ရဲဘက်များသဖွယ် လုပ်နိုင်မှ တကယ့်ကို နိုင်ငံနဲ့ ပြည်သူတွေရဲ့ အကျိုးကို ထိထိရောက်ရောက် ထမ်းဆောင်နိုင်မှာပါ” ဟု ပြောကြားသည်။

“အစိုးရဆိုတာ လွှတ်တော်ပေါ်မှာ အားကိုးရပါတယ်။ တချို့နိုင်ငံတွေမှာဆိုရင် အစိုးရနဲ့လွှတ်တော်နဲ့ အံဝင်ခွင်ကျ မဖြစ်တဲ့အခါကျတော့ အလုပ်လုပ်ရတာ ခက်ခဲပါတယ်။ တချို့ကျတော့လည်း လွှတ်တော်ထဲမှာကိုက အင်အားခိုင်မာမှုမရှိတဲ့ အခါကျတော့ အစိုးရများ အလုပ်လုပ်ရကိုင်ရတဲ့နေရာမှာ ခက်တာတွေလည်း တွေ့ရပါတယ်။ ဒါကြောင့် ကျွန်မတို့က ကျွန်မတို့လွှတ်တော်ကို ခိုင်ခံ့စေချင်တယ်။ အရည်အချင်း ပြည့်ဝစေချင်တယ်။ အရည်အချင်း ပြည့်ဝခြင်းကတော့ အခြေခံအားဖြင့်တော့ နိုင်ငံ့ပေါ်မှာ စေတနာ ပြည့်ဝစေချင်တယ်။ လွှတ်တော်ထဲမှာရှိနေတဲ့ ကိုယ်စားလှယ် တစ်ဦးချင်း တစ်ဦးချင်းဟာ နိုင်ငံပေါ်မှာ တကယ်ပဲ စေတနာထားတယ်။ တကယ်ပဲ နိုင်ငံ့ရဲ့သစ္စာကို စောင့်စည်းတယ်ဆိုရင် ဒါဟာ ပထမစိန်ခေါ်မှုကြီးကို ကျွန်မတို့ အောင်မြင်သွားပြီလို့ ကျွန်မတို့ပြောလို့ရတယ်။ စေတနာလည်းရှိရင် သစ္စာလည်းရှိရင် သင်ယူရမယ်။ လွှတ်တော်ကိုယ်စားလှယ်များ သိသင့်သိထိုက်တဲ့ ကိစ္စတွေကို သင်ယူဖို့နားလည်ဖို့ ကျွမ်းကျင်ဖို့ အဲဒီဟာက နောက်တစ်ဆင့်ပါပဲ။ စေတနာမရှိဘူး။ သစ္စာမရှိဘူးဆိုရင် ကျွမ်းကျင်မှုတွေကိုက အန္တရာယ် ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့အရည်အချင်းတွေ၊ အင်အားတွေကို မှန်မှန်ကန်ကန်နဲ့ အကောင်းအတွက်သုံးဖို့ ဆိုတာဟာ လွှတ်တော်ကိုယ်စားလှယ်များ အားလုံးရဲ့ တာဝန်ဖြစ်တယ်လို့ ကျွန်မအနေနဲ့ ပြောချင်ပါတယ်။ ကျွန်မပြောတဲ့အခါမှာ မဲဆန္ဒရှင်တစ်ယောက် အနေနဲ့လည်း ပြောတာဖြစ်ပါတယ်။ ပြည်သူတစ်ယောက်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ယောက်အနေနဲ့ ပြောတာလည်း ဖြစ်ပါတယ်။ အစိုးရအဖွဲ့ဝင် တစ်ယောက် အနေနဲ့လည်း ပြောတာဖြစ်ပါတယ်။ ဘယ်ဘက်ကပဲကြည့်ကြည့် လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့တန်ဖိုးဟာ အင်မတန်မှကြီးပါတယ်။ ကျွန်မရွေးကောက် တင်မြှောက်ခံထားရတဲ့ ကိုယ်စားလှယ်တွေလို့ပြောလို့ တပ်မတော်သား ကိုယ်စားလှယ်တွေကိုချန်ပြီး ပြောတာမဟုတ်ပါဘူး။ ဒါဟာ အားလုံးကနေပြီးတော့ စုပေါင်းပြီးတော့ လုပ်ရမှာပဲ” ဟု ၎င်းကဆက်လက် ပြောကြားသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က “နိုင်ငံအတွက်ဆိုရင် ဘယ်အစုအဖွဲ့က ဘယ်အစုအဖွဲ့နဲ့ မတည့်နိုင်ဘူး ဆိုတာဟာ လုံးဝမရှိသင့်ဘူး။ နိုင်ငံ့အကျိုးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိတယ် ဆိုတာဟာ ဘယ်တော့မှ မဖြစ်ရဘူး။ နိုင်ငံ့အကျိုးအတွက်ဆို ဘယ်သူနဲ့မဆို ပူးပေါင်းဆောင်ရွက်နိုင်ရမယ်။ ကျွန်မတို့ အချင်းချင်းတွေပဲ။ နိုင်ငံသူ နိုင်ငံသား အားလုံးဟာ ပူးပေါင်းဆောင်ရွက်နိုင်ရမယ်။ အတိုက်အခံပါတီ ဆိုတာဟာ ကျွန်မခဏခဏ ပြောပါ တယ်။ အတိုက်အခံ၊ အတိုက်အခံဆိုတဲ့ စကားလုံးကို သိပ်မကြိုက်ဘူး။ တိုက်မလား ခံမလား ဆိုတဲ့သဘောရှိတယ်။ တကယ်တော့ အတိုက်အခံဆိုတာ ဒီလိုမဖြစ်သင့်ပါဘူး။ အတိုက်အခံ ဆိုတာဟာ နိုင်ငံအကျိုးကိုပဲ ကြည့်ပြီးတော့ ကူညီသင့်တဲ့အခါမှာ ကူညီရမယ်။ အတူလက်တွဲသင့်တဲ့အခါမှာ လက်တွဲရမယ်။ ထောက်ပြသင့်တဲ့ အခါမှာ ထောက်ပြရမယ်။ ဝေဖန်သင့်တဲ့အခါမှာ ဝေဖန်ရမယ်။ အတိုက်အခံမို့လို့ ရန်သူဆိုပြီး သဘောမထားသင့်ဘူး။ အတိုက်အခံများသည် ရန်သူဆိုတာ ဒီမိုကရေစီ စိတ်ဓာတ်မဟုတ်ပါဘူး။ ဒီမိုကရေစီ စိတ်ဓာတ်ဆိုတာ မတူကွဲပြားမှုကို လက်ခံလို့ကို အတိုက်အခံဆိုတာ။ ပြောရမယ်ဆိုရင် အတိုက်အခံဆိုတဲ့ စကားလုံးကိုသုံးတာ အတိုက်အခံ ပါတီပေ့ါနော်။ ကိုယ်နဲ့မတူတဲ့ ပါတီတွေ၊ အစုအဖွဲ့တွေနဲ့ ရန်သူဖြစ်ဖို့ မလိုပါဘူး။ အမြင်ချင်း မတူပေမယ့်လည်း မတူကွဲပြားမှုတွေ ရှိပေမယ့်လည်း စုစည်းနိုင်တယ်။ မတူကွဲပြားမှုအပေါ်မှာ အခြေခံတဲ့ ညီညွတ်မှုကို ထူထောင်နိုင်တယ်ဆိုတာ ဒါဟာ တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီ စိတ်ဓာတ်ပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့ အခြေခံလည်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဆက်လက်၍ “ကျွန်မတို့အနေနဲ့ တရားဥပဒေ စိုးမိုးရေးကို အင်မတန်မှ အလေးထားပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်ရေး၊ ခိုင်မာရေး၊ အင်အားရှိရေး ဆိုတာဟာ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးပေါ်မှာ အင်မတန်မှ မူတည်ပါတယ်။ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေး ဆိုတာဟာ တရားဥပဒေ စိုးမိုးရေးရှိမှ ရေရှည်တည်တံ့ ခိုင်မြဲနိုင်မှာပါ။ ဥပဒေဆိုတာ တကယ်တော့ လူတွေကနေပြုတဲ့ အရာပဲ။ လူတွေကနေပြုတဲ့ အရာတွေဆိုတော့ အမြဲပဲ မှန်ကန်တယ်။ တိကျတယ်။ ကောင်းမွန်တယ်လို့ ပြောလို့မရဘူး။ သို့သော်လည်း ဥပဒေဆိုတာကတော့ နိုင်ငံတစ်နိုင်ငံရဲ့ တည်ငြိမ်ရေး၊ နိုင်ငံတစ်နိုင်ငံရဲ့ အုပ်ချုပ်ရေး ယန္တရား လည်ပတ်နိုင်ရေးအတွက် လိုအပ်တဲ့အရာ ဖြစ်တဲ့အခါကျတော့ ဥပဒေပြုရတယ်။ ဒီဥပဒေတွေဟာ တရားမှလည်း နိုင်ငံတွေအတွက်၊ ပြည်သူ ပြည်သားတွေအတွက် တန်ဖိုးရှိမှာပါ။ ဒါကြောင့် လွှတ်တော်တွေဟာ တရားဥပဒေ စိုးမိုးရေးကို ဦးတည်မယ့် အဆောက်အအုံလို့ ပြောချင်ပါတယ်။ . . . လွှတ်တော်ထဲမှာ ဆိုလို့ရှိရင် တိုင်းရင်းသား လူမျိုးပေါင်းစုံတင် မကဘူး။ အဖွဲ့အစည်းပါတီ အသီးသီးကလည်း ပါဝင်ကြပါတယ်။ ဒါကတော့ ဒီမိုကရေစီ လွှတ်တော်တွေရဲ့ လက္ခဏာတစ်ခုပါပဲ။ ကိုယ်နဲ့မတူတဲ့ အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး တော့ နိုင်ငံ့အကျိုး ဘယ်လိုထမ်းဆောင်မလဲ ဆိုတာကို လွှတ်တော်မှာသင်ယူဖို့ အခွင့်အရေး အပြည့်အဝရပါတယ်။ ကိုယ်နဲ့တူတဲ့လူ တွေမှ လုပ်နိုင်တယ်ဆိုတာကတော့ အမှန်ပြောရရင် ဒီမိုကရေစီ စိတ်ဓာတ်မဟုတ်ပါဘူး။ ဒီမိုကရေစီ ဆိုတာကတော့ မတူကွဲပြားမှုကို လက်ခံတယ်။ မတူကွဲပြားမှုအပေါ်မှာ အခြေခံတဲ့ နိုင်ငံအတွက် လိုအပ်တဲ့ညီညွတ်မှုကို ရအောင်ယူနိုင်မယ်ဆိုတဲ့စိတ်ဓာတ်အရ ပေါ် ပေါက်လာတဲ့စနစ်ပါ။ ဒီမိုကရေစီစနစ်ဟာ အခြားစနစ်တွေထက် ကောင်းတယ်ဆိုတဲ့ ပြောရတဲ့အချက်ရဲ့ အခြေခံကတော့ ဒီမိုက ရေစီစနစ်လောက် ပြည်သူလူထုကို လေးစား ဖို့ အားပေးတဲ့စနစ်မရှိဘူးလို့ ကျွန်မတို့ပြော ရမှာပဲ။ ဒီမိုကရေစီစနစ်အရဆိုရင် အစိုးရ တစ်ခုဆိုတာဟာ ပြည်သူလူထုရဲ့ သဘောဆန္ဒအရ ပေါ်ပေါက်လာတာပဲ။ ဒါကြောင့်မို့ လို့ ပြည်သူလူထုရဲ့ သဘောဆန္ဒအရ အစိုးရ များဟာ ပြည်သူရဲ့ဆန္ဒကို အလေးထားရတယ်။ ပြည်သူကိုလေးစားရတယ်။ ဒါကြောင့် ဒီမိုကရေစီ စနစ်ဟာ ခြောက်ပြစ်ကင်းသဲလဲစင် မဟုတ်သော်လည်း တခြားစနစ်တွေအားလုံး ထက်သာတယ်လို့ ပြောရတယ်လို့ ကျွန်မကတော့ ဒီလိုယုံကြည်လျက်ရှိပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီစနစ် ဆိုတာဟာလည်း အမြဲပဲ တည်တံ့ခိုင်မြဲဖို့အတွက် မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ဆက်သွားဖို့အတွက် အမြဲကြိုးစား နေရတာပါ။ အဲဒီလို ကြိုးစားနေတဲ့ အထဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေက အမြဲပဲ ရှေ့တန်းကနေ ပါဝင်ပြီးတော့ ကြိုးစားဖို့ လိုအပ်ပါတယ်။ ကျွန်မတို့ ကိုယ်စားလှယ်တွေဟာ ပြည်သူလူထုကို ကိုယ်စားပြုရုံတင် မကဘဲနဲ့ ဒီမိုကရေစီစနစ်ကို ကိုယ်စားပြုတာကို သဘောပေါက်ဖို့ လိုပါတယ်။ စနစ်တစ်ခုကို နိုင်ငံကို တည်တံ့ခိုင်မြဲအောင် ကျွန်မတို့ ပြည်ထောင်စုကြီးကို နောက်လာမယ့် မျိုးဆက်တွေအတွက် ခိုင်မာအောင်၊ ငြိမ်းချမ်းအောင်လုပ်ရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် စိန်ခေါ်မှုအမျိုး မျိုးဖြင့် ရင်ဆိုင်ရသည့်အတွက် ရုပ်ပိုင်းဆိုင်ရာအရ အင်အားကြီးသည့် နိုင်ငံတစ်ခု မဟုတ်ကြောင်း၊ ရုပ်ပိုင်းဆိုင်ရာ အင်အားမကြီးမားသည့်အတွက် စိတ်ပိုင်းဆိုင်ရာ အင်အားနှင့် စုစည်းပြီး ညီညီညွတ်ညွတ်ဖြင့် နိုင်ငံအတွက် ရပ်တည်ရန် အင်မတန် အရေးကြီးကြောင်း၊ သို့မှသာ အခက်အခဲများကို ရင်ဆိုင်နိုင်မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ကိုယ်စားလှယ် တစ်ဦးချင်း တစ်ဦးချင်းဟာ ဘာမှ အမှားမရှိဘူးဆိုရင် လွှတ်တော်ဟာ မှားတဲ့လမ်းကို ရောက်သွားစရာ အကြောင်းမရှိပါဘူး။ ကျွန်မတို့ရဲ့ လွှတ်တော်ကြီးဟာ မှားတဲ့လမ်းကို မရောက်သွားဘူးဆိုရင် နိုင်ငံဟာလည်း မှားတဲ့လမ်းကို ရောက်သွားမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ နိုင်ငံဟာ မှန်မှန်ကန်ကန်နဲ့ အားလုံးလိုလားတဲ့၊ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီး ထူထောင်ဖို့အတွက် ချီတက်သွားတဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ်များဟာ ရှေ့ကနေ နေဖို့လိုရင် ရှေ့ကနေ နေပေးပါ။ နောက်ကနေကာဖို့လိုရင် နောက်ကနေ ကာပေးပါ။ ဘေးကနေ ရံဖို့လိုရင် ဘေးကနေ ရံပေးကြပါလို့ မေတ္တာရပ်ခံရင်း နိဂုံးချုပ်ပါတယ်” ဟု ပြောကြားသည်။

 

Most Read

Most Recent