တစ်သွေးတစ်သံတစ်မိန့်ဆိုသည်မှာ ဒီမိုကရေစီ မဟုတ်ကြောင်း မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

တစ်သွေးတစ်သံတစ်မိန့်ဆိုသည်မှာ ဒီမိုကရေစီ မဟုတ်ကြောင်း မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
Published 11 August 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်၌ သြဂုတ် ၁၁ ရက်က ပြုလုပ်သည့် မြန်မာ့ဒီမိုကရေစီကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲတွင် မိန့်ခွန်းပြောကြားစဉ်

တစ်သွေးတစ်သံတစ်မိန့်ဆိုသည်မှာ ဒီမိုကရေစီမဟုတ်ကြောင်း မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

“အမြင်မတူခြင်းဟာ ကောင်းပါတယ်။ အားလုံးဟာ တစ်ပုံစံတည်း စဉ်းစားမယ်။ တစ်ပုံစံတည်းပဲ တွေးမယ်ဆိုရင် တကယ်တော့ ဒီမိုကရေစီ အနှစ်သာရနဲ့ မကိုက်ညီပါဘူး။ တစ်သွေး တစ်သံ တစ်မိန့်ပေါ့နော်။ တစ်သွေး တစ်သံ တစ်မိန့်ဆိုတာ ဒီမိုကရေစီ မဟုတ်ပါဘူး။ ဒီမိုကရေစီက တစ်သွေးတစ်သားတည်းဖြစ်ဖို့ဆိုတာ ကောင်းပါတယ်။ တစ်သံတည်းဖြစ်ဖို့ မလိုပါဘူး။ တစ်မိန့်ဆိုတာ လုံးဝကို မသင့်လျော်ပါဘူး။ ဒီမိုကရေစီမှာဆိုရင် အသံအမျိုးမျိုး ထွက်ပေမယ့်လည်း အောက်ခြေအားဖြင့် တစ်သွေးတည်း တစ်သားတည်း ညီညွတ်ဖို့ လိုပါတယ်။ ဒီတစ်သွေးတည်း တစ်သားတည်း ညီညွတ်မှုကနေထွက်လာတဲ့ အသံအမျိုးမျိုးကို ညှိနိုင်ခြင်းဟာ ဒီမိုကရေစီရဲ့ စွမ်းရည်တစ်ခု ဖြစ်ပါတယ်။ အဲဒီလို ညှိလိုက်ပြီးတဲ့အခါ အမိန့်အရ မဟုတ်ဘဲ အားလုံးတော့ မဖြစ်နိုင်ဘူးပေါ့လေ။ အများစုရဲ့ သဘောတူညီချက်အရ အဖြေတစ်ခုကို ဖော်ထုတ်ပြီးတော့ အကောင်အထည်ဖော်ဖို့ဆိုတာ ဒီမိုကရေစီရဲ့ ရိုးရိုးလေး လမ်းစဉ်ဖြစ်ပါတယ်” ဟု အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

နိုင်ငံတည်ငြိမ်ရေး၊ တိုးတက်ရေး၊ ဒီမိုကရေစီ အမြစ်တွယ်ရေး ကြိုးပမ်းသည့်နေရာတွင် တစ်ဖက်တည်းမှ ကြည့်မြင်၍မရဘဲ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ဘက်ပေါင်းစုံမှ ကြည့်မြင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

“ကျွန်မတို့နိုင်ငံတိုးတက်ရေးအတွက် ကျွန်မတို့ ကြိုးပမ်းတဲ့အခါမှာ ကျွန်မတို့နိုင်ငံရဲ့ တည်ငြိမ်ရေး။ နိုင်ငံမှာ ဒီမိုကရေစီအပြည့် အမြစ်တွယ်ရေး ကြိုးပမ်းတဲ့နေရာမှာ ဆင်တစ်ကောင်လုံးကို ကြည့်နိုင်တဲ့ စွမ်းရည်အင်မတန်မှ အရေးကြီးပါတယ်။ စီးပွားရေးဘက်က ကြည့်ရမယ်၊ နိုင်ငံရေးဘက်က ကြည့်ရမယ်။ လူမှုရေးဘက်က ကြည့်ရမယ်။ ကျွန်မတို့နိုင်ငံမှာရှိတဲ့ ပြဿနာပေါင်းစုံကကြည့်ရမယ်။ တစ်ဖက်တည်းက ကြည့်လို့မရပါဘူး။ ကိုယ်လိုချင်တဲ့၊ ကိုယ်ဦးစားပေးချင်တဲ့ဘက်ကိုပဲ ကြည့်လို့မရပါဘူး” ဟု နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC-2) တွင် သြဂုတ် ၁၁ ရက်က ပြုလုပ်သော မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲ ဖိုရမ်၌ အဖွင့်မိန့်ခွန်း ပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်၌ သြဂုတ် ၁၁ ရက်က ပြုလုပ်သည့် မြန်မာ့ဒီမိုကရေစီကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲတွင် မိန့်ခွန်းပြောကြားစဉ်

အစိုးရအဖွဲ့ဝင်များအနေဖြင့်လည်း မိမိဌာနအောင်မြင်ရေး၊ မိမိအလုပ်လုပ်နိုင်ရေးဟူသော စိတ်ဓာတ်များဖြင့် လုပ်ဆောင်ရန် မဟုတ်ဘဲ အမြင်ကျယ်စွာဖြင့် တာဝန်ကျေအောင် ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ အစိုးရဘက်မှ အမြင်မကျယ်၊ တာဝန်မကျေပါက ပြည်သူများလည်း အမြင်မကျယ်သကဲ့သို့ တာဝန်ကျေမည်မဟုတ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

အမြင်ကျဉ်းသည့် ပုဂ္ဂိုလ်များအနေဖြင့် နိုင်ငံညီညွတ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ပြောင်းလဲမှု အောင်မြင်ရေးအတွက် ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်မည်မဟုတ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“အမြင်မကျယ်ဘူးဆိုလို့ရှိရင် ငြိမ်းချမ်းရေးရဖို့ အင်မတန်မှ ခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေးရဲ့ အခြေခံဟာ တစ်ဦးနဲ့တစ်ဦး လေးစားခြင်း၊ တစ်ဦးပေါ်တစ်ဦး နားလည်မှုရှိခြင်းပဲ ဖြစ်ပါတယ်။ ဒီလို နားလည်မှုတွေ၊ လေးစားမှုတွေဆိုတာ အမြင်ကျယ်တဲ့ ပုဂ္ဂိုလ်တွေမှ ပြုစုပျိုးထောင်နိုင်တဲ့ စိတ်ထားတွေဖြစ်ပါတယ်။ ငါသာ မှန်တယ်။ ငါကသာ သိတယ်။ ငါကသာ တတ်တယ်။ ငါကသာ လုပ်နိုင်တယ်ဆိုတဲ့ စိတ်တွေရှိတဲ့ ပုဂ္ဂိုလ်များဟာ အမြင်ကျဉ်းတဲ့ပုဂ္ဂိုလ်များပါပဲ။ ဒီလို အမြင်ကျဉ်းတဲ့ပုဂ္ဂိုလ်များဟာ တခြားပုဂ္ဂိုလ်တွေရဲ့ ခံစားချက်တွေ၊ ဆန္ဒတွေ၊ စိုးရိမ်မှုတွေ၊ မျှော်လင့်ချက်တွေကို ဘယ်တော့မှ နားလည်နိုင်မှာ မဟုတ်ပါဘူး။ ဒီလိုနားလည်မှု မရှိနိုင်ရင် ကျွန်မတို့နိုင်ငံရဲ့ ညီညွတ်ရေးအတွက်၊ ကျွန်မတို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက်၊ ကျွန်မတို့နိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု အောင်မြင်ရေးအတွက် ထိထိရောက်ရောက် လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ကျွန်မတို့ ဒီမိုကရေစီစနစ်အတွင်းမှာဆိုရင် တစ်ယောက်ကိုတစ်ယောက် လေးစားဖို့ အင်မတန်မှ အရေးကြီးပါတယ်။ မတူညီတဲ့ သဘောတရားတွေ ရှိပေမယ့်လည်း လေးလေးစားစား သိက္ခာရှိရှိ ဆက်ဆံနိုင်ဖို့က အင်မတန်မှ အရေးကြီးပါတယ်။ ပြည်သူပြည်သား အားလုံးပေါ်မှာ မေတ္တာ စေတနာထားမယ်ဆိုရင် ကိုယ်နဲ့ အမြင်မတူတဲ့သူတွေအပေါ်မှာလည်း မေတ္တာစေတနာထားဖို့ လိုလာပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ပြည်သူများအနေဖြင့်လည်း စစ်မှန်သည့် ဒီမိုကရေစီရရှိရန် ဒီမိုကရေစီစနစ်နှင့် ကိုက်ညီသည့် စိတ်ဓာတ်မွေးမြူရမည်ဖြစ်ကြောင်း၊ ထိုသို့ မွေးမြူနိုင်မှ ဒီမိုကရေစီ တည်တံ့ခိုင်မြဲနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေးရသည်မှစ၍ ယခုအချိန်အထိ ပြည်တွင်းစစ် ဖြစ်ပွားနေသည့်အတွက် ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ရန် အရေးကြီးသကဲ့သို့ အစိုးရသစ်၏ ဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

“ဒါနဲ့ပတ်သက်လို့ရှိရင် တချို့ကနေပြီးတော့ ဖွံ့ဖြိုးရေးက အရေးကြီးတယ်။ ဖွံ့ဖြိုးရေးရလို့ရှိရင် အလိုလို ငြိမ်းချမ်းရေးရမယ်လို့ပြောတဲ့ ပုဂ္ဂိုလ်တွေရှိပါတယ်။ ဒီအမြင်ကို ကျွန်မသဘောမတူပါဘူး။ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးဟာ ခွဲပြီးကြည့်လို့မရပါဘူး။ ငြိမ်းချမ်းရေး မရလို့ရှိရင် ဖွံ့ဖြိုးရေးဆိုတာ တည်တံ့ခိုင်မြဲနိုင်မှာ မဟုတ်ပါဘူး။ ဖွံ့ဖြိုးရေး မရှိလို့ရှိရင်လည်း ငြိမ်းချမ်းရေးဟာလည်း တည်တံ့ခိုင်မြဲနိုင်မှာ မဟုတ်ပါဘူး။ ဒီနှစ်ခုစလုံးအတွက် ကျွန်မတို့ ကြိုးစားဖို့လိုပါတယ်။ ဒါကြောင့် ကျွန်မတို့က ဒီနိုင်ငံမှာ ပြည်တွင်းစစ်ငြိမ်းသွားဖို့ ဦးစားပေး ဆောင်ရွက်နေတာပါ။ ပြည်တွင်းစစ်ငြိမ်းအောင် လုပ်တာနဲ့ တစ်ချိန်တည်းမှာပဲ တိုင်းရင်းသား၊ ပြည်သူ ပြည်သားများအားလုံး ဖွံ့ဖြိုးတိုးတက်ဖို့လည်း ကြိုးစားနေတာ ဖြစ်ပါတယ်” ဟု အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ဆောင်ရွက်ရာတွင် လွတ်လပ်ရေးခေါင်းဆောင်များ၊ အမည်မသိပြည်သူများ၊ ရဲဘော်များ မျှော်မှန်းသကဲ့သို့ ဆောင်ရွက်ရန် တာဝန်ရှိကြောင်း၊ ပန်းတိုင်သို့ရောက်အောင် သွားရာတွင် သွားပုံသွားနည်း မမှန်ကန်ပါက ကိုယ်မျှော်မှန်းသလို မဖြစ်ဘဲ ပုံပျက်ပန်းပျက် ဂုဏ်သိက္ခာပျက်နိုင်ကြောင်း၊ ထို့အတွက် ပန်းတိုင်ရောက်အောင် လုပ်သည့်နည်းများသည် မှန်ကန်သိက္ခာရှိရန် လိုအပ်ကြောင်း၊ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးသည်လည်း ရည်ရွယ်ချက်မှန်ရန် လိုသလို လုပ်ပုံလုပ်နည်း မှန်ကန်ရန်လိုအပ်ကြောင်းလည်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။ ထို့ပြင် လွတ်လပ်ရေးရစဉ်က နိုင်ငံတော်အား မည်သို့မျှော်မှန်းသည်ကို နိုင်ငံတော်သီချင်းတွင် ရှင်းလင်းစွာပါရှိကြောင်း၊ တရားမျှတမှုရှိမှ လွတ်လပ်ရကျိုးနပ်မည်ဖြစ်ကြောင်း၊ “များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့၊ ခွင့်တူညီမျှ ဝါဒဖြူ စင်တဲ့မြေ” ဆိုသည့်အတိုင်း အားလုံးငြိမ်းချမ်းရမည်၊ တူညီသည့်အခွင့်အရေးများ ရရမည်ဖြစ်ကြောင်း၊ ရိုးသားဖြူစင်ရန်၊ ဂုဏ်သိက္ခာရှိရန် လိုအပ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

အစိုးရတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်အရာရှိများ၊ ပြည်တွင်းပြည်ပ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ဆွေးနွေးမည့် မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲကို သြဂုတ် ၁၁ ရက်မှ ၁၃ ရက်အထိ သုံးရက်ကြာ ကျင်းပလျက်ရှိရာ မူဘောင်ချမှတ်ခြင်း၊ စစ်ဘက်အုပ်ချုပ်ရေးမှသည် အရပ်ဘက်အုပ်ချုပ်ရေးဆီသို့၊ ဗဟိုဦးစီးစနစ်မှ ဈေးကွက်စီးပွားရေး စနစ်ဆီသို့၊ စစ်ပွဲမှသည် ငြိမ်းချမ်းရေးဆီသို့ စသည့်ကဏ္ဍ၊ ဒီမိုကရေစီကူးပြောင်းမှုတွင် မီဒီယာ၏အခန်းကဏ္ဍ စသည်တို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ ဒီနေ့လိုဆွေးနွေးပွဲလုပ်တယ်ဆိုတာ အင်မတန်မှ လိုအပ်ပါတယ်။ အင်မတန်မှလည်း သင့်လျော်ပါတယ်။ ကျွန်မတို့ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေဟာ ဘာတွေလဲဆိုတာ အဘက်ဘက်က ကြည့်ဖို့လိုပါတယ်။ တခြားကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံအများကလည်း ပြုပြင်ပြောင်းလဲရေးကို ဖြတ်ကျော်ခဲ့ရပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံနဲ့ ကျွန်မတို့ရဲ့ အတွေ့အကြုံတွေကတော့ ထပ်တူထပ်မျှ တူနိုင်မှာ မဟုတ်ပါဘူး” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ကျွန်မတို့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးပွဲတွေ လုပ်တဲ့အခါမှာ လက်တွေ့ကျတဲ့ အဖြေတွေရှာဖို့ ကျွန်မအနေနဲ့ တိုက်တွန်းချင်ပါတယ်။ နောက်ပြီးတော့လည်း ကျွန်မတို့ဟာ အတိတ်ကို သင်ခန်းစာယူဖို့သာ သုံးစွဲဖို့ အင်မတန်မှ အရေးကြီးပါတယ်” ဟု အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

Most Read

Most Recent