ကျောင်းထုတ်ခံရသည့် ကျောင်းသားကျောင်းသူများ ကျောင်းပြန်တက်ခွင့်ရရေး စစ်ကိုင်းပညာရေးတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများ ဆန္ဒပြတောင်းဆို

ကျောင်းထုတ်ခံရသည့် ကျောင်းသားကျောင်းသူများ ကျောင်းပြန်တက်ခွင့်ရရေး စစ်ကိုင်းပညာရေးတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများ ဆန္ဒပြတောင်းဆို
Published 31 January 2018

စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကျောင်းထုတ်ခံရသည့် ကျောင်းသားကျောင်းသူများ ကျောင်းပြန်တက်ခွင့်ရရေး ဇန်နဝါရီ ၃၀ ရက် နံနက် ၉ နာရီက ကျောင်းတွင်းလှည့်လည် ဆန္ဒပြနေစဉ်

စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ဦးဆောင်၍ စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားကျောင်းသူများအနက် ကျောင်းထုတ်ခံရသည့် ကျောင်းသား ကျောင်းသူများ ကျောင်းပြန်တက်ခွင့်ရရေး ဇန်နဝါရီ ၃၀ ရက် နံနက် ၉ နာရီမှ စတင်ကာ ကျောင်းတွင်းလှည့်လည် ဆန္ဒပြ တောင်းဆိုခဲ့ကြကြောင်း သိရသည်။

“ကျောင်းထုတ်ခံရသူများ ကျောင်းပြန်တက်ခွင့်ရရှိရေး”၊ “Justice for Student” “ဒီမိုကရေစီ၏အနှစ်သာရ = လွတ်လပ်စွာဖော်ထုတ်ခွင့်” စသည့် စာသားများရေးသားပြီး တောင်းဆိုနေကြကြောင်း သိရသည်။

စစ်ကိုင်းပညာရေး တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမရှေ့မှစ၍ တောင်းဆိုခဲ့ကြပြီး ကျောင်းတွင်းလှည့်လည် ဆန္ဒပြတောင်းဆိုနေကြောင်း သိရသည်။

“အခုလို တောင်းဆိုရတဲ့ အကြောင်းရင်းဟာဆိုရင် ကျွန်တော်တို့ ကျောင်းသူကျောင်းသားတွေဟာ မတရားတဲ့ စည်းမျဉ်းစည်းကမ်းတွေကြောင့် ကျောင်းထုတ်ခံရပါတယ်။ သူတို့တွေ ကျောင်းပြန်တက်ခွင့်ရဖို့ တောင်းဆိုရခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ကျောင်းသူ ကျောင်းသားတွေဟာ ပြည်သူလူထု အကျိုးယုတ်အောင်၊ ကျောင်းကို အကျိုးယုတ်အောင် လုပ်လို့၊ မကောင်းတာလုပ်လို့ ထုတ်လိုက်တယ်ဆိုရင် ဘာမှမပြောလိုပါဘူး။ နိုင်ငံအတွက် လိုအပ်တဲ့ ပညာရေးဘတ်ဂျက် တိုးမြှင့်တောင်းတာဟာ ဘယ်ဥပဒေမှ မချိုးဖောက်ပါဘူး။ ကျွန်တော်တို့ ကျောင်းသားတွေဟာ ၁၅ နှစ်လုံးလုံး ပညာရေးအတွက် ရင်းနှီးမြှုပ်နှံပြီး ပညာရေးတက္ကသိုလ်ကို တက်နေရတာပါ။ ဒီတက္ကသိုလ် တက်ပြီးရင်လည်း ဆရာဆရာမ လုပ်ကြမှာဖြစ်လို့ နိုင်ငံတော်ကို ပြန်အကျိုးပြုမှာပါ။ ကျောင်းသားတွေဟာ ပညာရေးဘတ်ဂျက် တိုးတောင်းလို့ ကျောင်းထုတ်ခံရတာ မဖြစ်သင့်ပါဘူး။ ဒီမိုကရေစီနိုင်ငံဆိုရင် ကျောင်းသားတွေ လွတ်လပ်စွာ တောင်းဆိုခွင့် ရှိရပါမယ်။ ဒီပညာရေး တက္ကသိုလ်ကနေ ကျောင်းသားသုံးဦး အထုတ်ခံခဲ့ရပါတယ်။ ဒီကျောင်းသား သုံးဦးကနေ တပည့်ပေါင်းများစွာကို လက်ဆင့်ကမ်းနိုင်မှာပါ။ အခုလိုကျောင်းထုတ်တဲ့ လုပ်ရပ်ကို ရှုတ်ချပါတယ်” ဟု စစ်ကိုင်းပညာရေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ပညာရေးတာဝန်ခံ ကိုဖြိုးသူကျော်က ဆန္ဒပြ တောင်းဆိုမှုများနှင့် ပတ်သက်၍ ပြောကြားသည်။

“ကျောင်းဝင်းအတွင်း လှည့်လည်တောင်းဆိုတဲ့ ကျောင်းသားတွေကို အရေးယူဖို့မရှိပါဘူး။ နေ့ခင်း ၁၂ အထိ နောက်ဆုံးထား လုပ်ကြဖို့ပြောတော့ ကျောင်းသူကျောင်းသား တွေကလည်း ၁၂ နာရီမှာ တောင်းဆိုမှုတွေ ရပ်ခဲ့ပါတယ်” ဟု စစ်ကိုင်းပညာရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစောပြုံးနိုင်က ပြောကြားသည်။

ကနဦးအစ တောင်းဆိုချိန်တွင် ကျောင်းသားကျောင်းသူ ၃၀ ခန့်သာ ရှိသော်လည်း ကျောင်းတွင်း လှည့်လည်သည့် အချိန်တွင် ပူးပေါင်းပါဝင်သူ ၁၂၀ အထိရှိကာ မွန်းလွဲ ၁၂ နာရီကျော်တွင် တောင်းဆိုဆန္ဒ ထုတ်ဖော်မှု ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ် ပညာရေးအသုံးစရိတ် တိုးမြှင့်ရေးတိုက်ပွဲကော်မတီမှ ဦးဆောင်၍ မန္တလေးမြို့ ရတနာပုံတက္ကသိုလ်ကျောင်းတွင် တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသူကျောင်းသားများ ပါဝင်သည့် ဆန္ဒပြတောင်းဆိုမှုကို ဇန်နဝါရီ ၂၂ ရက် နံနက် ၉ နာရီမှစ၍ပြုလုပ်ခဲ့ကြောင်း၊ ဇန်နဝါရီ ၂၂ ရက် ညနေပိုင်း၊ ၂၃ ရက် နံနက်ပိုင်းနှင့် ၂၄ ရက် ညနေပိုင်းတို့တွင် ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းခဲ့သော်လည်း တစ်စုံတစ်ရာ ပြေလည်မှု မရရှိခဲ့ကြောင်း၊ ဆန္ဒပြတောင်းဆိုမှုတွင် ပညာရေး အသုံးစရိတ် တိုးမြှင့်ရေး၊ ကျောင်းတွင်း အဆောင်များ တည်ဆောက်ရေး၊ သင်ထောက်ကူပစ္စည်း လုံလောက်ရေး တို့အတွက် တောင်းဆိုဆန္ဒ ဖော်ထုတ်ခဲ့ဲခြင်းဖြစ်သည်။

ပညာရေး ဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့် အခြေခံပညာ ဦးစီးဌာနဒုညွှန်ချုပ် ဒေါက်တာအောင်အောင်မင်း၊ မန္တလေးခရိုင် အတွင်းရှိ တက္ကသိုလ် ပါမောက္ခချုပ်များနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ သမဂ္ဂအဖွဲ့ဝင်များသည် ဇန်နဝါ ရီ ၂၄ ရက်ညနေပိုင်းက တတိယအကြိမ် တွေ့ဆုံညှိနှိုင်းခဲ့သော်လည်း ပြေလည်မှု မရရှိခဲ့သောကြောင့် ဇန်နဝါရီ ၂၅ ရက်နံနက်မှ စတင်ကာ ကျောင်းသားအချို့ အစာအငတ်ခံ ဆန္ဒပြမည်ဖြစ်ကြောင်း၊ ၎င်းတို့၏ တောင်းဆိုချက်များကို ညှိနှိုင်းအတည်ပြုပေးနိုင်မည့် တာဝန်ရှိသူများ လာရောက်တွေ့ဆုံသည်အထိ ပြုလုပ်သွားမည်ဟု ပြောကြားခဲ့ပြီးနောက် ဇန်နဝါရီ ၂၅ ရက်နံနက် ၄ နာရီခန့်က ဆန္ဒပြ ကျောင်းသား ကျောင်းသူ ၇၂ ဦးကို ဝင်ရောက် ထိန်းသိမ်းဖမ်းဆီးကာ နေရပ်အသီးသီးသိ့ု ပြန်လည်ပို့ဆောင်ခဲ့သည်။

ထို့နောက် ဆန္ဒထုတ်ဖော် တောင်းဆိုမှုတွင် ပါဝင်သည့် တက္ကသိုလ် အသီးသီးမှ ကျောင်းသား ကျောင်းသူများကို ကျောင်းမှထုတ်ပယ်ခဲ့ရာ ဇန်နဝါရီ ၃၀ ရက်အထိ စာရင်းများအရ ၄၈ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent