လက်ရှိဘဏ်အတိုးနှုန်းကို လျှော့ချရန် အစီအစဉ် မရှိသေးကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ပြောကြား

လက်ရှိဘဏ်အတိုးနှုန်းကို လျှော့ချရန် အစီအစဉ် မရှိသေးကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ပြောကြား
Published 31 January 2018

ဇန်နဝါရီ ၃၀ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် လက်တလောတွင် ဘဏ်အတိုးနှုန်းများကို လျှော့ချသွားရန် အစီအစဉ် မရှိသေးကြောင်းနှင့် ငွေကြေးဖောင်းပွမှုကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်မည့် အချိန်မှသာ အတိုးနှုန်းကို လျှော့ချသွားသင့်ကြောင်း ဇန်နဝါရီ ၃၀ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

“အဲဒီတော့ Inflation ကိုလည်း အမြဲတမ်း Watch လုပ်နေတယ်။ Inflation ကိုကြည့်ရင် ကျွန်တော်တို့ တွက်တာက အတိုးနှုန်း ဘယ်လောက်ထားသင့်တယ်ဆိုတာ တွက်တာ။ ခေါင်းထဲမှာပေါ်လာတဲ့ ဘယ်လောက်ထားရင် ကောင်းမှာပဲဆိုတဲ့ Thinking မျိုးမဟုတ်ဘူး။ ကျွန်တော်တို့ Based လုပ်ပြီးတွက်တဲ့ ဒေတာတွေ အများကြီးရှိတယ်။ အဲဒီမှာ တိုင်းပြည်ရဲ့ Growth ပါမယ်။ Inflation ပါမယ်။ နောက်ပြီးတော့ Impliment ပါမယ်။ ဒါတွေအပြင် စီးပွားရေးထဲမှာ ပိုက်ဆံတွေ ဘယ်လောက်ရှိနေသလဲ၊ စီးပွားရေးထဲမှာ ပိုက်ဆံတွေ ဘယ်လောက် လည်ပတ်နေသလဲ။ ဒီအချက်အလက်တွေကို ကြည့်ပြီးတော့မှ ဒီအချိန်မှာ Interest Rate ကို ဘယ်လိုပြင်သင့်တယ် ဆိုတာကို ကျွန်တော်တို့ စဉ်းစားတာ ဖြစ်ပါတယ်။ ကိစ္စရပ် တစ်ခုတည်းအတွက် စဉ်းစားတာ မဟုတ်ပါဘူး။ Saver တွေအတွက်လည်း စဉ်းစားတယ်။ Lender တွေအတွက် Borrower တွေအတွက်လည်း စဉ်းစားတယ်။ နောက်ပြီး ဒီဥစ္စာကြောင့်ဖြစ်လာမယ့် Impact ကိုလည်း ထည့်သွင်းစဉ်းစားပြီးမှ ဒီ Interest Rate ကို ဆက်လုပ်တာ ဖြစ်ပါတယ်။ သင့်လျော်တဲ့အချိန်မှာ ပြောင်းသွားဖို့ဆိုတဲ့ အစီအစဉ်တွေကို အကုန်ချထားပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာ အရေးကြီးတာက အဲဒီအခြေအနေတွေ လုံးဝမပေးသေးတဲ့အတွက် လုံးဝပြောင်းလဲဖို့ အစီအစဉ် မရှိပါဘူး” မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းထားသည် တစ်လချင်း တွက်ချက်မှုအရ ၄ ဒသမ ၅ ရာခိုင်နှုန်းဝန်းကျင် ရှိနေပြီး နှစ်အလိုက် တွက်ချက်မှုတွင် ငါးရာခိုင်နှုန်းအထိ ကျဆင်းမှုရှိကြောင်း၊ လာမည့်နှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်းထားကို ၅ ဒသမ ၅ ဝန်းကျင်၌ ထိန်းသိမ်းထားနိုင်အောင် ဆောင်ရွက်နေကြောင်း သိရသည်။

“ဒီ Inflation ကို Totally Control လုပ်နိုင်အောင် ဒါပေမဲ့ Inflation Rate က ကျလာတာက ခြောက်လ ရှစ်လလောက်ပဲ ရှိသေးတယ်။ နောက်ထက် ၁၀ လလောက် ခြောက်လလောက် ထပ်ပြီးတော့ ဒီအတိုင်း ဆက်ပြီးတော့ ထိန်းသိမ်းထားနိုင်ရင် ဒါ Option တစ်ခုဖြစ်လာမှာပေါ့။ အဲဒီလိုစဉ်းစားတဲ့အခါမှာ ဘယ်တိုင်းပြည်မှာမှ ရှစ်ရာခိုင်နှုန်းကနေ ငါးရာခိုင်နှုန်းတော့ မချဘူး။ US မှာ ၀ ဒသမ ၂၅ လောက်ပဲချတယ်။ သေရောကျေရော။ ကျွန်တော်တို့စဉ်းစားရင် ၀ ဒသမ ၅ ပေါ့၊ သဘောတရား တစ်ခုက ၀ ဒသမ ၅ ချမယ်။ သ့ူ  Impact တွေ ဘာတွေရှိမယ်။ ဒီနေ့ချလိုက်လို့ ချက်ချင်းသိတာမျိုး မဟုတ်ဘူး” ဟု ဦးစိုးသိန်းက ပြောကြားသည်။

ဘဏ်အတိုးနှုန်းကို လျှော့ချသွားရန် စီစဉ်မှုအတွက် ဗဟိုဘဏ်အနေဖြင့် ငွေကြေးဖောင်းပွမှုနှုန်းထား၊ နိုင်ငံ့စီးပွားရေး အခြေအနေများကို အမြဲစောင့်ကြည့်နေကြောင်းနှင့် လက်ရှိအတိုးနှုန်းကို လျှော့ချရန်ကိုလည်း သင့်လျော်သည့် အခြေအနေ အရပ်ရပ်သို့ ရောက်ရှိပါက အတိုးနှုန်းကို လျှော့ချသွားမည် ဖြစ်ကြောင်း သိရသည်။

“နောက်ငါးနှစ်နေမှ နောက်သုံးနှစ်နေမှ ပြောင်းမယ် ဒါမျိုးမဟုတ်ဘူး။ ကျွန်တော်တို့က နေ့တိုင်းကြည့်နေတာ၊ ဒီအခြေအနေတွေကို သင့်လျော်တဲ့ အချိန်မှာ ဒီဥစ္စာကို စဉ်းစားပါမယ်” ဟု ဦးစိုးသိန်းက ပြောကြားသည်။

ထို့ပြင် အတိုးနှုန်းလျှော့ချရန် စဉ်းစားရာ၌ ဘဏ်၌စုငွေစုထားသည့် နိုင်ငံသားများ အတွက်ကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း၊ စုငွေစုနေသည့် လူအများစုမှ ဘဏ်အတိုးနှုန်းအပေါ် စိတ်ဝင်စားမှု လျော့ကျကာ အပ်ငွေများ လျော့ကျသွားနိုင်ကြောင်း သိရသည်။

“ဘဏ်မှာသွားစုတဲ့ အထဲမှာ Wealther တွေလည်းပါတယ်။ ဒါပေမဲ့ Majority က Wealther က အရေအတွက်နည်းတယ်၊ Amount များတယ်။ ဒါပေမဲ့ Majority က အောက်က လူလတ်တန်းစားနဲ့ နည်းနည်းလေးနိမ့်တဲ့ လူတန်းစားပေါ့ဗျာ။ ခင်ဗျားတို့ ကျွန်တော်တို့လို လစာလေးရတယ်၊ ဘဏ်မှာသွားပြီး စုထားတယ်။ အဲဒီလူတွေက တကယ်လို့များ သူတို့စုတဲ့ပိုက်ဆံက သူတို့က ဒီအပေါ်မှာ အတိုးလေးကို မှီပြီးစားနေတာ။ ဒီမှာ Real Interest Rate က Gap က ဘယ်လောက်မှ ရှိတာမဟုတ်ဘူး။ အဲဒီဟာလေးများ Minus ဖြစ်သွားလို့ သူတို့ရဲ့ဘဝတွေ ထိခိုက်သွားမှာလည်းစိုးတယ်။ Withdraw လုပ်သွားမှာလည်းစိုးတယ်။ ဒါက အဓိကထားပြီး စဉ်းစားရမယ့်အချက် ဖြစ်ပါတယ်” ဟု ဦးစိုးသိန်းက ပြောကြားသည်။

 

Most Read

Most Recent