ဝန်ကြီးဌာနများအနေဖြင့် တင်ဒါခေါ်ယူခြင်းနှင့် ပတ်သက်ပြီး ထုတ်ပြန်သည့် စည်းကမ်းချက်များသည် နိုင်ငံနှင့်ပြည်သူအတွက် အကျိုးမရှိသော စည်းကမ်းချက်များ ဖြစ်နေကြောင်း ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်း

ဝန်ကြီးဌာနများအနေဖြင့် တင်ဒါခေါ်ယူခြင်းနှင့် ပတ်သက်ပြီး ထုတ်ပြန်သည့် စည်းကမ်းချက်များသည် နိုင်ငံနှင့်ပြည်သူအတွက် အကျိုးမရှိသော စည်းကမ်းချက်များ ဖြစ်နေကြောင်း ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်း
Published 30 January 2018

ဝန်ကြီးဌာနများအနေဖြင့် တင်ဒါခေါ်ယူခြင်းနှင့် ပတ်သက်ပြီး ထုတ်ပြန်သည့် စည်းကမ်းချက်များသည် နိုင်ငံနှင့် ပြည်သူအတွက် အကျိုးမရှိသော စည်းကမ်းချက်များ ဖြစ်နေကြောင်း နမ္မတူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်းသည်။

ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရဌာနအဖွဲ့အစည်းများအနေဖြင့် တင်ဒါများအား ခေါ်ယူဆောင်ရွက်ရာတွင် လုပ်ငန်းနှင့် သက်ဆိုင်သော ပစ္စည်းများ၏ သယ်ယူပို့ဆောင်ခ စရိတ်များနှင့် နည်းပညာအရ ဝန်ကြီးဌာနမှ လုပ်ဆောင်ရန်မလိုသော လုပ်ငန်းတစ်ခုလုံးအပြီး ဆောင်ရွက်ရသည့် လုပ်ငန်းများကို တင်ဒါမခေါ်ဘဲ ကန်ထရိုက်ရ တင်ဒါအောင်မြင်သူ တစ်ဦးကဲ့သို့ လုပ်ကိုင်ဆောင်ရွက်နေခြင်း၊ ညွှန်ကြားချက်များ၊ လုပ်ငန်းလမ်းညွှန်ချက်များနှင့် ကွဲလွဲစွာ ဆောင်ရွက်နေခြင်းတို့ကို အမြန်ဆုံး လိုက်နာဆောင်ရွက်ရန်နှင့် တင်ဒါပေးရာတွင် ဒေသနှင့် ကိုက်ညီသော ပြီးပြည့်စုံသည့် လုပ်ငန်းပုံစံ (Drawing) များနှင့် တွက်ချက်မှု (Estimate) များကို သက်ဆိုင်ရာ ဝန်ကြီးဌာနမှသာ တာဝန်ယူ ဆောင်ရွက်ပေးပြီး ဈေးနှုန်း (Rate) များကို တင်ဒါဆွဲမည့် ကုမ္ပဏီများကို ထည့်သွင်းရေးဆွဲစေခြင်းဖြင့် မျှတစွာ ယှဉ်ပြိုင်မှုကို ဖော်ဆောင်ပေးရန် အဆိုကို ဇန်နဝါရီ ၂၉ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး အဋ္ဌမနေ့တွင် နမ္မတူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက တင်သွင်းခဲ့ခြင်းဖြစ်သည်။

“ဆောက်လုပ်ရေး ဝန်ကြီးဌာန တစ်ခုတည်း မဟုတ်ဘူး။ အစိုးရဌာနအားလုံးရဲ့ တည်ဆောက်မှုနဲ့ ပတ်သက်တဲ့ လုပ်ငန်းတိုင်းကို ကျွန်မ ဆိုလိုတယ်။ ဝန်ကြီးဌာနက သူတို့ရဲ့ ညွှန်ကြားချက်တွေ အမိန့်တွေ အဲ့ဒီကြော်ငြာစာတွေ အောက်ကနေ ပါးပါးလေး လုပ်သွားတာက နိုင်ငံတော်အတွက် အရမ်းနစ်နာနေတယ်။ အဲဒါကြောင့် တင်ဒါကို ညွှန်ကြားချက်အတိုင်း လုပ်စေချင်တယ်။ နောက်ပြီးတော့ ဌာနက ထုတ်လိုက်တဲ့ စည်းကမ်းချက်တွေက ဌာနအတွက်ပဲ ကြည့်တယ်။ နိုင်ငံနဲ့ ပြည်သူအတွက် အကျိုးမရှိတဲ့ စည်းကမ်းချက်တွေ ဖြစ်နေတယ်။ ကျွန်မ အဲဒါတွေကိုလည်း ပြင်ချင်တယ်။ နောက်ပြီးတော့ Estimate နဲ့ Drawing ကို တင်ဒါစည်းမျဉ်း စည်းကမ်းထဲမှာဆိုရင် တစ်ခါတည်း တွဲတင်ရမယ်လို့ ပြောတယ်။ အဲဒါတွေကလည်း စီးပွားရေး လုပ်ငန်းရှင်တွေအတွက် အကန့်အသတ် ဖြစ်နေတယ်။ ယှဉ်ပြိုင်မှုကို ကန့်သတ်ထားသလို ဖြစ်နေတယ်။ အဲဒါကြောင့် ကျွန်မဒီအဆိုကို တင်ရတဲ့ရည်ရွယ်ချက်က ကုမ္ပဏီတွေကိုပဲ စည်းကမ်းလိုက်နာပါလို့ ပြောနေမယ့်အစား ဒီနိုင်ငံမှာရှိနေတဲ့ ဌာနတိုင်းကနေပြီး ဒီညွှန်ကြားချက်အမိန့် စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီးတော့ နိုင်ငံအကျိုးကို ဆောင်ရွက်စေချင်တဲ့စိတ်နဲ့ တင်ခြင်း ဖြစ်ပါတယ်” ဟု ဒေါ်နန်းခမ်းအေးက ပြောကြားသည်။

ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရဌာန အဖွဲ့အစည်းများ၏ တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး လိုက်နာဆောင်ရွက်ရမည့် အချက်များအား ဆောက်လုပ်ရေး ဝန်ကြီးဌာနက ကန်ထရိုက်စနစ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာရန် ကျင့်သုံးရမည့် လုပ်ငန်းလမ်းညွှန်ချက်ကို ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၉ ရက်နှင့် ၂၀၁၆ ခုနှစ် စက်တင်ဘာ ၆ ရက်တွင် ထုတ်ပြန်ခဲ့ပြီး အစိုးရဌာန အဖွဲ့အစည်းများ၏ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် တင်ဒါလုပ်ထုံးလုပ်နည်းကို နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားချက် အမှတ် ၁/၂၀၁၇ ကို ၂၀၁၇ ခုနှစ် ဧပြီ ၁၀ ရက်က ထုတ်ပြန်ခဲ့ကြောင်း အဆိုရှင် ဒေါ်နန်းခမ်းအေးက ပြောကြားသည်။

ထို့ပြင် တည်ဆောက်ရေး လုပ်ငန်းများအတွက် အသုံးပြုရန် လိုအပ်သော လုပ်ငန်းသုံး ပစ္စည်းများ မြန်မာကျပ်ငွေဖြင့် ဝယ်ယူရန် တင်ဒါခေါ်ယူရာတွင် အချို့ဌာနများသည် ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် ကွဲလွဲစွာ ကျင့်သုံးနေသလို နိုင်ငံတော်နှင့် အများပြည်သူအတွက် အကျိုးမရှိသော စည်းကမ်းချက်များကိုလည်း ထုတ်ပြန်ကျင့်သုံးနေကြောင်း ၎င်းက လွှတ်တော်သို့ အဆိုတင်ရာတွင် ပြောကြားသည်။

အဆိုပါ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေး၏ အဆိုနှင့်ပတ်သက်ပြီး ကွမ်ဟိန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခင်စောက ထောက်ခံဆွေးနွေးခဲ့ပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူရာတွင် လက်ခံဆွေးနွေးရန် သဘောတူညီခဲ့သည်။

 

Most Read

Most Recent