ဝီသတိမအကြိမ် (အကြိမ် ၂၀ မြောက်) ဗုဒ္ဓသာသနာတော်လံုံးဆိုင်ရာ ရွှေကျင်နိကာယ သံဃာ့အစည်းအဝေး  စတင်ကျင်းပ

ဝီသတိမအကြိမ် (အကြိမ် ၂၀ မြောက်) ဗုဒ္ဓသာသနာတော်လံုံးဆိုင်ရာ ရွှေကျင်နိကာယ သံဃာ့အစည်းအဝေး  စတင်ကျင်းပ
Published 30 January 2018

ဝီသတိမအကြိမ် ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးပွဲကို ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် ကျင်းပနေစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ဝီသတိမအကြိမ် (အကြိမ် ၂၀ မြောက်) ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးပွဲကို ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် အောက်ဝါးနက်ချောင်းကျေးရွာ ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် ဇန်နဝါရီ ၂၉ ရက် နံနက် ၈ နာရီခွဲမှ စတင်ကာ ကျင်းပလျက်ရှိသည်။

အဆိုပါ အစည်းအဝေးအား နိုင်ငံတော် သြဝါဒါစရိယ၊ ရွှေကျင်နိကာယာဓိပတိဥက္ကဋ္ဌ မဟာနာယက ဓမ္မသေနာပတိ ပန္နရသမ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ဝိဇ္ဇောတာရုံ ဆရာတော်ကြီး ဘဒ္ဒန္တဝိဇ္ဇောတမဟာထေရ် ဦးဆောင်သည့် ပြည်တွင်း ပြည်ပမှ ရွှေကျင်ဂိုဏ်းဝင် သံဃာတော်များ တက်ရောက်လျက်သည်။

ယင်းအစည်းအဝေးသို့ ပြည်တွင်းပြည်ပမှ ရွှေကျင်ဂိုဏ်းဝင် သံဃာအပါး ၁၀၀၀ တက်ရောက်ရန် ဖိတ်ကြားထားရာ အစည်းအဝေး ပထမနေ့တွင် စုစုပေါင်း ၇၉၃ ပါး တက်ရောက်ကြောင်း သိရသည်။

ထို့ပြင် အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သက်ပုံ စသူတို့ တက်ရောက်ကြည်ညိုခဲ့သည်။

ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးပွဲသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်ကြည်ညိုလိုသော ဆန္ဒပြင်းပြစွာ ရှိသော်လည်း ကျန်းမာရေး အခြေအနေ မပေးသောကြောင့် မတက်ရောက်နိုင်ကြောင်းကို သည်းခံခွင့်လွှတ်ပေးပါရန် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အစည်းအဝေး၌ သာသနာရေးဆိုင်ရာ လျှောက်ထားမှုတွင် ထည့်သွင်းပြောကြားသည်။

ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးပွဲတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးမိသားစုက အလှူငွေ ကျပ် သိန်း ၃၀၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ကျပ်သိန်း ၅၀ လှူဒါန်းခဲ့သည်။

သုံးရက်ကြာ ကျင်းပမည့် ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးပွဲကြီးအတွင်း အမေရိကန်ပြည်ထောင်စု၊ အင်္ဂလန်၊ ရုရှား၊ သြစတြေးလျား၊ တောင်ကိုရီးယား၊ ဂျာမနီ၊ သီရိလင်္ကာ၊ ထိုင်း၊ ဂျပန်၊ ဗီယက်နမ် စသည့် နိုင်ငံခြားတိုင်းပြည်များမှ ရွှေကျင်နွယ်ဝင် သံဃာတော် အပါအဝင် ပြည်တွင်းပြည်ပ အသီးသီးမှ ရွှေကျင်ဂိုဏ်းဝင် သံဃာတော်များသည် ဗုဒ္ဓသာသနာတော် သန့်ရှင်း၊ စည်ပင် ပြန့်ပွား တိုးတက်ရေးအတွက် ရွှေကျင်သာသနာနှင့် စပ်လျဉ်းသည့် စာတမ်းများ တင်သွင်းဖတ်ကြားမည်ဖြစ်ပြီး ဇန်နဝါရီ ၃၁ ရက်အထိ ကျင်းပမည်ဖြစ်သည်။

“ဒီအစည်းအဝေးကြီးတွေဟာ ဘာအနှစ်သာရ အတွက်လဲဆိုရင် မြတ်စွာဘုရားရဲ့ ရှိတဲ့မိန့်ခွန်းကကိုက သံဃာတော်တွေဟာ အချင်းချင်း စည်းဝေးတိုင်ပင် ညီညွတ်ပြီးတော့ သာသနာအရေး၊ လောကအရေးကို စောင့်ရှောက်ပေးရမယ်ဆိုတဲ့ ဘုရားရဲ့ ဒေသနာနဲ့အညီ ဆရာတော်ဘုရားကြီးတွေရဲ့ သြဝါဒကိုခံယူတယ်။ ထိုသြဝါဒအတိုင်းပဲ မိမိတပည့်တွေက ပြန်သင်ပြတယ်။ ဆရာတော်ကြီးတွေ သြဝါဒဆိုတာလည်း ဘုရားရဲ့ သြဝါဒပဲ။ ဘုရားသြဝါဒကိုယူပြီး သြဝါဒ ပေးကြတာဆိုတော့ အဲဒီလို ဆရာသမားတွေရဲ့ သြဝါဒကို နာယူပြီးတော့ တပည့်စဉ်ဆက် ပြန်ပြီးတော့ သြဝါဒတွေဖြန့်ချိရင်းနဲ့ အဆုံးအမတွေ ပေးပြီးတော့ ဗုဒ္ဓသာသနာ စောင့်ရှောက်တာ။ စာထဲမှာပါတယ်။ ကျောက်ဆစ်ဆရာ အထုမခံရတဲ့ ကျောက်တုံးဟာ ဘုရားအဖြစ် မရောက်ဘူး။ ပန်းဘဲဆရာ အထုမခံရတဲ့ သံတုံးဟာ လက်နက်အဖြစ် မရောက်ဘူး။ သဒ္ဓါ၊ ပညာ၊ ဗဟုသုတ ဘယ်လောက်ပဲရှိရှိ ဆရာသမား အဆုံးအမ မရတဲ့ ပုဂ္ဂိုလ်ဟာ ဂုဏ်ရည်မတောက်ပြောင်ဘူး ဆိုတာရှိတယ်။ ဒါကြောင့်မို့လို့ မြတ်စွာဘုရားကလည်း သြဝါဒတွေပေးပြီး သာသနာတော်ကို တည်ထောင် စောင့်ရှောက်ခဲ့သလို ရွှေကျင်နိကာယ သံဃာတော်တွေဟာ သြဝါဒပေးပြီး စောင့်ရှောက်တာ။ ဒါကြောင့် ဒီအစည်းအဝေးကြီး ဆောင်ရွက်နေကြရတယ်ဆိုတာ ဘုရားရဲ့ သြဝါဒ ဒေသနာနဲ့အညီ သာသနာပြုနေတယ်လို့ ပြောလို့ရပါတယ်” ဟုအစည်းအဝေး တွဲဖက်အခမ်းအနားမှူး အရှင်သိရီ ကဉ္စနာဘိဝံသက မီဒီယာအား မိန့်ကြားသည်။

လက်ရှိ ရွှေကျင်ဂိုဏ်းတွင် သာသနာပိုင် ဝိဇ္ဇောတာရုံ ဆရာတော်ကြီးနှင့် တွဲဖက်သာသနာပိုင် ဆရာတော် နှစ်ပါးဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ မတ္တရာသူဌေးကျောင်းမှ ဆရာတော် ဘဒ္ဒန္တမာနိတသိရီ ဘိဝံသ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းတောင်ရိုး၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ၊ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ အပါအဝင် ရွှေကျင်ဂိုဏ်းဝင် သံဃာတော် အပါး ၅၀,၀၀၀ ကျော်ခန့်ရှိသည်။

ရွှေကျင်ဂိုဏ်းတွင် ဖွဲ့စည်းပုံအရ တွဲဖက်သာသနာပိုင်ဆရာတော် လေးပါးအထိ ထားရှိနိုင်ပြီး လက်ရှိတွင် နှစ်ပါးသာ ရှိသဖြင့် လိုအပ်သည့် တွဲဖက်သာသနာပိုင်အား ယခုအစည်းအဝေးတွင် ရွေးချယ်ရန် ရှိသော်လည်း တွဲဖက်သာသနာပိုင် နေရာအား မည်သည့် ဆရာတော်ကို ရွေးချယ်မည် ဆိုသည်မှာ သာသနာပိုင် ဆရာတော်ကြီးကသာ ရွေးချယ်ဆုံးဖြတ်ကြောင်း အရှင်သိရီကဉ္စနာဘိဝံသက ဆက်လက်မိန့်ကြားသည်။

ဝက်လက်မြို့နယ် ရွှေကျင်ရွာဇာတိ ဆရာတော်ကြီး ဘဒ္ဒန္တဇာဂရကို အကြောင်းပြု၍ မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ် မင်းတုန်းမင်း လက်ထက်မှစကာ ရွှေကျင်ဂိုဏ်းဟူ၍ ပေါ်ပေါက်လာခဲ့ပြီး ဆရာတော်ကြီး အနေဖြင့် ရွှေကျင်ဂိုဏ်းဟု သီးခြားဖွဲ့စည်းခဲ့ခြင်း မရှိသော်လည်း ဆရာတော်ကြီး မွေးဖွားရာဇာတိ ရွှေကျင်ရွာကို အကြောင်းပြု၍ ရွှေကျင်ဟု အများက ခေါ်ဝေါ်သတ်မှတ်ခဲ့ရာမှ ရွှေကျင်ဂိုဏ်းဟူ၍ လူသိများလာခဲ့ပြီး ရွှေကျင်ဂိုဏ်း သက်တမ်းမှာ နှစ်ပေါင်း ၁၅၇ ခုနှစ်ရှိပြီဖြစ်သည်။

ရွှေကျင်နိကာယသာသနာ ရွှေကျင်ဂိုဏ်း စတင်ခဲ့ရာ လွန်ခဲ့သည့်နှစ်ပေါင်း ၁၅၀ ကျော်မှ ယနေ့ထက်တိုင် သာသနာပိုင် ဆရာတော်ကြီး ၁၆ ပါး ရှိပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရွှေကျင်ဂိုဏ်းလုံးဝန်ဆောင် နာယကဆရာတော် အပါး ၂၀၀ ရှိပြီး အဆိုပါ ဂိုဏ်းလုံးဝန်ဆောင် နာယက အစည်းအဝေးကို တစ်နှစ်တစ်ကြိမ် ကျင်းပသည်။

ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးပွဲကြီးကို ရွှေကျင်ဂိုဏ်းတည်ထောင်ပြီး နှစ် ၆၀ အကြာ မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်မှစ၍ သုံးနှစ်တစ်ကြိမ် ကျင်းပလာခဲ့ခြင်းဖြစ်သည်။

ရွှေကျင်ဂိုဏ်း အစည်းအဝေးကို တစ်နေရာတည်းတွင် သုံးကြိမ်ဆက်တိုက် ကျင်းပခဲ့ခြင်းမရှိဘဲ ယခုကျင်းပသည့် အကြိမ် (၂၀) မြောက် အပါအဝင်၊ (၁၉) ကြိမ်မြောက်၊ (၁၈) ကြိမ်မြောက် အစည်းအဝေးများကို မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းကျေးရွာ၊ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်၌သာ ကျင်းပခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် သံဃာ့ဂိုဏ်းကြီး ကိုးဂိုဏ်းရှိပြီး ရဟန်းသံဃာ စုစုပေါင်း ငါးသိန်းဝန်းကျင် ရှိရာတွင် ရွှေကျင်ဂိုဏ်းဝင် ရှင်ရဟန်း သံဃာတော်မှာ ငါးသောင်းကျော်ခန့်ရှိကာ မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ် ဝါဆိုစာရင်းအရ မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ရွှေကျင်ဂိုဏ်းဝင် သံဃာတော် စုစုပေါင်း ၅၀၄၇၇ ပါးရှိသည်။ ရွှေကျင်ဂိုဏ်းဝင် သံဃာတော်များသည် ပြည်ပနိုင်ငံများ၌လည်း သီတဂူ၊ ချမ်းမြေ့ရိပ်သာ၊ ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနာ့ ရိပ်သာ၊ ဓမ္မဒူတ စသည့် ဗုဒ္ဓသာသနာပြု ကျောင်းတိုက်များ တည်ထောင်ပြီး သာသနာပြုလျက်ရှိသည်။

 

Most Read

Most Recent