ဘင်္ဂါလီမွတ်စလင် အကျပ်အတည်းအတွက် အပြည်ပြည်ဆိုင်ရာ ရခိုင်အကြံပေးအဖွဲ့သည် ဖုံးဖိမှုကို ဆောင်ရွက်နေကြောင်း အမေရိကန်စွမ်းအင်ဝန်ကြီးဟောင်း ဘီလ်ရစ်ချတ်ဆင်က ပြောကြားခဲ့ပြီး ယင်းအဖွဲ့မှ နုတ်ထွက်သွားခဲ့သည်။
ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဂုဏ်သိက္ခာရှိသော ဦးဆောင်မှုကို မပေးနိုင်ကြောင်း ဘီလ်ရစ်ချတ်ဆင်က စွပ်စွဲပြောကြားခဲ့သည်။
အကြံပေးအဖွဲ့တွင် သြဇာအကြီးဆုံးနှင့် ဝါရင့်အမေရိကန်နိုင်ငံရေးသမားဖြစ်သူ ရစ်ချတ်ဆင်သည် ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်မိတ်ဆွေတစ်ဦးဖြစ်သည်ဟု ယူဆခံရသူဖြစ်သည်။ ရစ်ချတ်ဆင်က ရုတ်တရက် နုတ်ထွက်မှုသည် ဘင်္ဂါလီမွတ်စလင် အကျပ်အတည်းကို တိုင်ပင်ဖြေရှင်းရန် ကြိုးပမ်းနေသော အပြည်ပြည်ဆိုင်ရာ အကြံပေးအဖွဲ့၏ ကြိုးပမ်းမှုများကို လေးနက်သော မေးခွန်းများ ပေါ်ပေါက်စေခဲ့သည်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်းဖြစ်ပြီး သမ္မတဘီလ်ကလင်တန်လက်ထက်တွင် စွမ်းအင်ဝန်ကြီးဖြစ်ခဲ့သော ရစ်ချတ်ဆင်က ဒေါ်အောင်ဆန်းစုကြည်သည် စစ်ဘက်ဆိုင်ရာ လုပ်ဆောင်ချက်များကို ရိုးသားစွာ ရှုမြင်ရမည့်အစား ယင်းအကျပ်အတည်းအတွက် ပြည်ပမှ လူများကို အပြစ်တင်ခဲ့ခြင်းအား ပြင်းထန်စွာ ဝေဖန်ခဲ့သည်။
“ဒီအကြံပေးအဖွဲ့မှ ကျွန်တော်နုတ်ထွက်ရတဲ့အကြောင်းရင်းက ဒါဟာ ဖုံးဖိမှုတစ်ခု ဖြစ်နေလို့ပါ” ဟု ရစ်ချတ်ဆင်က ရိုက်တာ နှင့် အင်တာဗျူးတွင် ပြောကြားခဲ့ပြီး အစိုးရအတွက် အားပေးအားမြှောက်ပြုသော ယင်းအဖွဲ့တွင် မပါဝင်လိုကြောင်း သူက ထပ်မံ ပြောကြားခဲ့သည်။
ဇန်နဝါရီ ၂၂ ရက်က ရခိုင်အကြံပေး အ ဖွဲ့ဝင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံသည့် အစည်းအဝေးတွင် ရိုက်တာ သတင်းထောက်နှစ်ဦး၏အမှုကို သူနှင့် ဒေါ် အောင်ဆန်းစုကြည်တို့ ငြင်းခုံခဲ့ကြောင်း ရစ်ချတ်ဆင်က ပြောကြားခဲ့သည်။
ရိုက်တာသတင်းထောက်နှစ်ဦး၏ အမှုသည် အကြံပေးအဖွဲ့၏ လုပ်ငန်းမဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒေါသတကြီး တုံ့ပြန်ခဲ့သည်ဟု ရစ်ချတ်ဆင်က ပြောကြားခဲ့သည်။ ထိုနေ့ညနေ ညစာစားပွဲတွင်လည်း ငြင်းခုံမှု ဆက်လက်ဖြစ်ပွားခဲ့ကြောင်း နယူးမက္ကဆီကိုပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ရစ်ချတ်ဆင်က ပြောကြားခဲ့သည်။
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေးက “ဒုတိယသမ္မတဦးမြင့်ဆွေဦးဆောင်တဲ့ ကော်မရှင်နဲ့ မစ္စတာကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင် ရှိတယ်။ အဲဒီကော်မရှင်နှစ်ခုရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့ဆိုပြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်တဲ့ ကော်မတီဖွဲ့ ထားတယ်။ ဒေါက်တာဝင်းမြတ်အေး ကော်မတီကို အကြံပေးဖို့ ဒီရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့ကို ဖွဲ့စည်းတာ ဖြစ်တယ်။ ဒီအကြံပေးအဖွဲ့ ဘာတွေလုပ်ရမယ်ဆိုတာကို လုပ်ငန်းလမ်းညွှန်၊ အဖွဲ့ရဲ့ လုပ်ဆောင်ရမယ့်တာဝန်တွေက ဘယ်လို၊ အကြံပေးရမယ့်ဟာက ဘာဆိုပြီး ရေးထားပြီးတော့ သူတို့ကို ပေးထားပြီးသားပါ။ အကြံပေးဆိုရင် တစ်နိုင်ငံလုံးဆိုင်ရာ ကိစ္စတွေ အကြံပေးဖို့မဟုတ်ဘူး။ ရခိုင်ပြည်နယ် Issue ကိုပဲ အကြံပေးဖို့။ Mandate ရှိတယ်ဆိုတာကို သူရှင်းရှင်းလင်းလင်း နားလည်ဖို့လိုတယ်။ ပြည်ထဲရေးဝန်ကြီးနဲ့ တွေ့ ခွင့်တောင်းဆိုတယ်။ ဘာအတွက်လဲဆိုတော့ သတင်းထောက်တွေကိစ္စဆိုတော့ ခွင့်မပြုဘူး။ သူ့ကို ခေါ်တာက ဒီကိစ္စတွေ လုပ်ဖို့ မှ မဟုတ်ဘဲ။ အစည်းအဝေးမှာလည်း Freedom of Expression တွေ၊ ဒီမိုကရေစီ တန်ဖိုးတွေ ထည့်သွင်းဆွေးနွေးလာတဲ့အခါမှာ ဒီလိုမျိုး အဆင်မပြေ ဖြစ်ရတယ်။ ပြဿနာ အကြောင်းရင်းက သူ့ Mandate ကို သူကျော်လွန်ပြီး ပြုမူပြောဆိုတာတွေကြောင့် ဖြစ်ရတာပါပဲ။ သူတစ်ဦးတည်း သဘောကို ပြောတာ ဖြစ်ပေမယ့် ကျန်တဲ့အကြံပေးအဖွဲ့ဝင် ကိုးဦးရဲ့ ဂုဏ်သိက္ခာကို လေးစားဖို့ လိုမယ်လို့ ပြောချင်တယ်။ ဘာမှတောင် မလုပ်ရသေးဘဲ နဲ့ ပြည်ထဲရေးဝန်ကြီးနဲ့ တွေ့မယ်။ သတင်းထောက်တွေ ပြန်လွှတ်ဖို့ပြောမယ်ဆိုတာတွေ။ အစည်းအဝေးမှာ ရခိုင်ကိစ္စနဲ့ မဆိုင်တာတွေ ဆွေးနွေးတယ်။ တားတော့ စကားအချေအတင် ဖြစ်တယ်။ ပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ လုပ်တော့။ ဒီအခြေအနေကို သုံးသပ်ကြည့်ရင် ရှင်းရှင်းလင်းလင်း မြင်နိုင် သိနိုင်ပါတယ်။ အဲဒါကြောင့် ကျွန်တော်ပြောတာ။ Mandate ကို သတိပြုဖို့” ဟု ပြောကြားသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟီတာနောအပ်က ရခိုင်အကြံပေးအဖွဲ့မှ နုတ်ထွက်သည့် ရစ်ချတ်ဆင်၏ ဆုံးဖြတ်ချက်နှင့် အကြောင်းပြချက်များသည် စိုးရိမ်စရာ အကြောင်းပြချက်များဖြစ်ကြောင်း ပြောကြားခဲ့ပြီး မြန်မာအစိုးရသည် အာနန်ကော်မရှင်က ထောက်ခံအကြံပြုချက်များကို အကောင်အထည်ဖော်မည်ဟု ကတိပေးထားမှုကို အလျင်အမြန် ဖြည့်ဆည်းပေးရန် အမေရိကန်က တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။
သို့သော်လည်း ရစ်ချတ်ဆင်သည် ရခိုင်အကြံပေးအဖွဲ့တွင် ပူးပေါင်းရန်အတွက် ပုဂ္ဂလိကနိုင်ငံသားတစ်ဦးအနေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သူက ပြောကြားခဲ့ သည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သော ကော်မရှင်က တွေ့ရှိချက်များကို အကောင်အထည်ဖော်ရေးအတွက် မြန်မာနိုင်ငံက ရခိုင်အကြံပေးအဖွဲ့ကို ပြီးခဲ့သည့်နှစ်တွင် တည်ထောင်ခဲ့သည်။ ယင်းအဖွဲ့တွင် ထိုင်းဒုတိယဝန်ကြီးချုပ်ဟောင်း ဆူရကီရက် ဆက်ထရီရာထိုင်းက ဦးဆောင်ပြီး နိုင်ငံရပ်ခြားမှ ငါးဦးနှင့် ပြည်တွင်းမှ ငါးဦး ပါဝင်သည်။
ရခိုင်ပြည်နယ်ရှိ ပြန်လည်အခြေချရေးစခန်းတစ်ခုသို့ ဇန်နဝါရီ ၂၄ ရက်က သွားရောက်ကြည့်ရှုသည့် အကြံပေးအဖွဲ့၏ ခရီးစဉ်သို့ ရစ်ချတ်ဆင်က လိုက်ပါရန် ငြင်းဆန်ခဲ့ ခြင်းဖြစ်သည်။
“သူက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာက ပူးပေါင်းကြံစည်မှု ရှိနေတယ်လို့ ယုံကြည်နေပါတယ်။ သူ မှားနေတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ သူက မြန်မာနဲ့ပတ်သက်တဲ့ ပြဿနာအားလုံးအတွက် အပြည်ပြည်ဆိုင်ရာ မီဒီယာ၊ ကုလသမဂ္ဂ၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အခြားအစိုးရအဖွဲ့တွေကို အပြစ်တင်ပါတယ်။ သူ့ကို ပွင့်ပွင့်လင်းလင်း အကြံမပေးတဲ့ လူတွေကြောင့် သူ့ဘေးနားမှာ ဖြစ်လာတဲ့ ပတ်ဝန်းကျင်တစ်ခုက ဒါတွေကို ဖြစ်စေတယ်လို့ ကျွန်တော်ထင်ပါတယ်”ဟု ရစ်ချတ်ဆင်က ပြောကြားခဲ့သည်။
ရစ်ချတ်ဆင်သည် နိုင်ငံရပ်ခြားရှိ အကျဉ်းကျခံနေရသော အမေရိကန်ပြည်သူများ ပြန်လည်လွတ်မြောက်ရေးအတွက် မကြာခဏ စေ့စပ်ညှိနှိုင်းပေးရသူဖြစ်သည်။ ဗြိတိန်ကိုလိုနီခေတ်က ဥပဒေဖြစ်သော အစိုးရ၏ လျှို့ဝှက် ချက်များ အက်ဥပဒေကို ချိုးဖောက်မှုဖြင့် တရားစွဲဆိုခံထားရသော ရိုက်တာဂျာနယ်လစ် နှစ်ဦးအတွက် သူ၏ မေတ္တာရပ်ခံချက်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် အချေအတင် ငြင်းခုံရခြင်းအတွက် အလွန်စိတ်ပျက်ပြီးမပျော်မရွှင်ဖြစ်ရကြောင်း ရစ်ချတ်ဆင်က ပြောကြားခဲ့သည်။
“အဲဒီကိစ္စကြောင့် သူ့ဘက်က ပေါက်ကွဲလုနီးပါး ဖြစ်ခဲ့ပါတယ်။ အစိုးရ၏ လျှို့ဝှက်ချက်များ အက်ဥပဒေနဲ့ပတ်သက်တဲ့ကိစ္စ တွေဟာ အကြံပေးအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ကျွန်တော်နဲ့ ကျွန်တော့်ကဏ္ဍနဲ့ မဆိုင်ဘူးလို့ ပြောခဲ့ပါတယ်။ ကျွန်တော်တို့ အချင်းချင်း အကြီးအကျယ် စကားများခဲ့ပါတယ်”ဟု ရစ်ချတ်ဆင်က ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ၁၉၈၀ ပြည့်လွန်နှစ်များကတည်းက သိကျွမ်းခဲ့သည်ဟုဆိုသော ရစ်ချတ်ဆင်က “သူက သူ့အဖွဲ့ကနေ အကြံဉာဏ်ကောင်းတွေ မရပါဘူး။ ကျွန်တော်သူ့ကို အလွန်လေးစားပါတယ်။ ဒါပေမဲ့ ရခိုင်ပြဿနာနဲ့ စွပ်စွဲချက်တွေအပေါ်မှာ သူက ဂုဏ်သိက္ခာရှိတဲ့ ခေါင်းဆောင်မှုကို မပြသထားပါဘူး။ ကျွန်တော် အဲဒီအတွက် စိတ်မကောင်းပါဘူး” ဟု ရစ်ချတ်ဆင်က ရိုက်တာကို ပြောကြားခဲ့သည်။
ရခိုင်အကြံပေးအဖွဲ့ဝင်များသည် အမှန်တကယ်ပင် အကူအညီပေးနိုင်သော သူများ ဖြစ်ကြောင်း ရစ်ချတ်ဆင်က ပြောကြားခဲ့သော်လည်း အဖွဲ့၏ဥက္ကဋ္ဌဖြစ်သူ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ဆူရာကီရက်သည် ဘင်္ဂါလီမွတ်စလင်များ၏ ဘေးကင်းလုံခြုံရေး၊ နိုင်ငံသားဖြစ်မှုအရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးတို့နှင့် သက်ဆိုင်သည့် ထောက်ခံတင်ပြချက်များကို အကောင်အထည်ဖော်ရန် အမှန်တကယ်ဆောင်ရွက်ခြင်း မရှိကြောင်း ရစ်ချတ်ဆင်က ပြောကြားခဲ့သည်။
“အပြည်ပြည်ဆိုင်ရာ NGO တွေဟာ အစွန်းရောက်တွေကို ခန့်ထားတယ်ဆိုတဲ့ အန္တရာယ်ကြီးပြီး မမှန်ကန်တဲ့ သဘောထားတွေကို ရွတ်ဆိုနေပါတယ်။ အပြည်ပြည်ဆိုင်ရာ NGO တွေက ARSA ကို ထောက်ပံ့နေတယ်လို့ သူက ပြောနေပါတယ်” ဟူ ရစ်ချတ်ဆင်က ပြောကြားခဲ့သည်။
ရခိုင်သို့ အခြားအဖွဲ့ဝင်များနှင့်အတူ ဆူရာကီရက်အား မှတ်ချက်ပေးရန် ဆက်သွယ်ခဲ့သော်လည်း တုံ့ပြန်မှု မရရှိခဲ့ဟု ရိုက်တာက ရေးသားခဲ့သည်။ ရခိုင်အကြံပေးအဖွဲ့၏ အဖွဲ့ ဝင်ဟောင်းတစ်ဦးဖြစ်သော တောင်အာဖရိက ကာကွယ်ရေးဝန်ကြီး ရိုလော့မေရာက ရခိုင်ခရီးသည် အလွန်ပင် အပြုသဘောဆောင်ကြောင်း ပြောကြားခဲ့သည်။
“အစိုးရရဲ့ကိုယ်စားပြုတဲ့အသံ ဒါမှမဟုတ် တံဆိပ်တုံးထုရုံသက်သက်လို့ ကျွန်တော်တို့ကို ပြောခဲ့ရင် ဒါက လုံး၀ မမှန်မကန်နဲ့ တရားမမျှမတ ဖြစ်သွားမှာပါ။ ကျွန်တော်တို့ အခုချိန်အထိ ဘာထောက်ခံအကြံပြုချက်မှ မပေးရသေးပါဘူး” ဟု မေရာက ရိုက်တာကို ပြောကြားခဲ့သည်။
ရခိုင်အကြံပေးအဖွဲ့တွင် နိုင်ငံတကာမှ အဖွဲ့ဝင်များဖြစ်သော ဗြိတိန်နိုင်ငံရေးသမား ဒင်ဟန်မြို့စားမင်း ဒါဇီနှင့် ဆွီဒင်ပါလီမန် ဥက္ကဋ္ဌ အာဘန်အာလင်တို့ကို ဆက်သွယ်ခဲ့သော်လည်း ချက်ချင်းမှတ်ချက်မရခဲ့ကြောင်း ရိုက်တာက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ရစ်ချတ်ဆင် တို့တွေ့ဆုံပြောကြားမှုက “သူ့မှာ လူသိရှင်ကြား ထုတ်မပြောနိုင်တဲ့ အမြင်တွေ ရှိထားတယ်ဆိုတဲ့ ယုံမှားမှုတွေကို နောက်ဆုံးမှာ ပပျောက်သွားစေမယ်လို့ Lowy Institute for International Policy မှ အာရွန်အယ်ကော်နယ်လီက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။