အစိုးရအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များသည် တစ်နိုင်ငံလုံးရှိ ပြည်သူနှင့်အတူ တွေ့ဆုံညှိနှိုင်း ဆောင်ရွက်ခြင်း မရှိသည့်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သိစေရန် နေပြည်တော်တွင် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်

အစိုးရအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များသည် တစ်နိုင်ငံလုံးရှိ ပြည်သူနှင့်အတူ တွေ့ဆုံညှိနှိုင်း ဆောင်ရွက်ခြင်း မရှိသည့်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သိစေရန် နေပြည်တော်တွင် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်
Published 24 January 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သွားရောက်သည့် လမ်းကြောင်းနံဘေးတွင် ကားရပ်၍ ဆန္ဒထုတ်ဖော် နေသည်ကို တာဝန်ရှိသူတို့ စစ်ဆေးနေစဉ်

အစိုးရအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များသည် တစ်နိုင်ငံလုံးရှိ ပြည်သူနှင့်အတူ တွေ့ဆုံညှိနှိုင်း ဆောင်ရွက်ခြင်း မရှိသည့်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သိစေရန် ဇန်နဝါရီ ၂၃ ရက် နံနက်က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သိစေရန် ခေါင်းစဉ်ဖြင့် “အစိုးရအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ (တစ်နိုင်ငံလုံး) ပြည်သူနှင့်အတူ တွေ့ဆုံညှိနှိုင်း ဆောင်ရွက်ခြင်း လုံးဝမရှိပါ” စာတမ်းပါ ဗီနိုင်းအား ကားတွင်ကပ်ကာ ဒေါ်အောင်ဆန်းစုကြည် ဖြတ်သန်းသွားမည့် လမ်းကြောင်းနံဘေးတွင် ကားရပ်၍ လွှတ်တော်ပြင်ပ အစိုးရ အထောက်အကူပြု လူမှုနိုင်ငံရေး အင်အားစုမှ ဦးကျော်ကျော်ဟိန်းက တစ်ဦးတည်း ဆန္ဒထုတ်ဖော်ခဲ့သည်။

“အဲဒီလိုမလုပ်ရင်လည်း အတိုင်ပင်ခံက ဘယ်လိုမှ သိမှာမဟုတ်တဲ့အတွက် ဖြစ်ချင်တာဖြစ်ဆိုပြီး လုပ်လိုက်ပါတယ်။ ပြီးခဲ့တဲ့အစိုးရ လက်ထက်ကလည်း ပြည်သူတွေ ဒီလိုပဲကူညီပေးရန် စာတွေရောက်တယ်။ အခုအစိုးရ လက်ထက်လည်း မပြတ်ဘူး ရောက်နေတယ်။ ရောက်နေတဲ့စာတွေ အားလုံးကို သက်ဆိုင်ရာ ကိုယ်စားလှယ်တွေ၊ အစိုးရအဖွဲ့တွေဆီကို အရင်အစိုးရ လက်ထက်ကဆိုလည်း သွားပို့တယ်။ ဆွေးနွေးတယ်။ တိုင်ပင်တယ်။ ပြန်လည်ဖြေရှင်းပေးဖို့အတွက် လုပ်ခဲ့တယ်။ လုပ်ပေးခဲ့သမျှ ကိစ္စအားလုံး မပြီးခဲ့တာ မရှိခဲ့ဘူး။ မလုပ်ပေးနိုင်တဲ့ဟာဆိုလည်း ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ မညီလို့ မလုပ်ရပါဘူးဆိုတဲ့ဟာကို ပြန်လိုက်ရင် လူတွေကျေနပ်တယ်။ အခုဟာက အဲဒီနေရာကို မရောက်ဘူး။ ဘယ်သူက ဘာတာဝန်ယူထားမှန်းကို ကိုယ်တွေတောင် ဒီမှာအနီးကပ်နေပြီးတော့ ဇဝေဇဝါ ဖြစ်နေတဲ့ အခါကျတော့ ပြည်သူတွေကတော့ ဝေးပေါ့” ဟု ဦးကျော်ကျော်ဟိန်းက ပြောကြားသည်။

ယင်းကဲ့သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သွားရောက်သည့် လမ်းကြောင်းနံဘေးတွင် ကားရပ်ကာ ဆန္ဒထုတ်ဖော်ခဲ့သည့်အတွက် နေပြည်တော်တိုင်းရဲတပ်ဖွဲ့က ရာဇသင်္ဂဟလမ်းပေါ်ရှိ တုံဂပူရီဟိုတယ်အနီးသို့ သွားရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထက်လွင်က “ဥပဒေအရ ချိုးဖောက်တယ် ဆိုရင်တော့ ဥပဒေအတိုင်း အရေးယူမှာပေါ့။ (အတိုင်ပင်ခံလာတဲ့ လမ်းကြောင်း) လမ်းမှာတော့ ကျွန်တော် သိသလောက်ကတော့ လမ်းမှာတော့ မဆုံကြဘူး။ လောလောဆယ်တော့ စိစစ်တုန်းပါပဲ” ဟု ပြောကြားသည်။

“အဲဒါကြောင့် အန်တီခရီးစဉ်သွားတဲ့ လမ်းကြောင်းမှာ မြင်အောင်ရပ်ပြပေမယ့် ဥပဒေအရတော့ ရှိမှာပေါ့။ ဥပဒေအရ လုပ်သင့်လုပ်ထိုက်တာ လုပ်ပါစေတော့” ဟု ဦး ကျော်ကျော်ဟိန်းက ဆက်လက်ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သိစေရန် ဆန္ဒထုတ်ဖော်ခဲ့သည့် ဦးကျော်ကျော်ဟိန်းအား ငြိမ်း၊ စု၊ စီ ဥပဒေပုဒ်မ ၁၉၊ မော်တော်ယာဉ်အက် ဥပဒေပုဒ် ၅၈ (က) တို့ဖြင့် ဇဗ္ဗူသီရိမြို့နယ် အမှတ် (၁) မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

Most Read

Most Recent