မြစ်ကြီးနားမြို့ မြို့မဈေးရှိ ကမ္ဘောဇမီနီဘဏ်ကို လူလေးဦးက လက်နက်များဖြင့် ခြိမ်းခြောက်ပြီး ကျပ်သိန်း ၉၂၀ ကျော် လုယက်မှုဖြစ်ပွား

မြစ်ကြီးနားမြို့ မြို့မဈေးရှိ ကမ္ဘောဇမီနီဘဏ်ကို လူလေးဦးက လက်နက်များဖြင့် ခြိမ်းခြောက်ပြီး ကျပ်သိန်း ၉၂၀ ကျော် လုယက်မှုဖြစ်ပွား
Published 24 January 2018

မြစ်ကြီးနားမြို့ရှိ လုယက်မှု ဖြစ်ပွားခဲ့သော ကမ္ဘောဇမီနီဘဏ်ကို တွေ့ရစဉ်

မြစ်ကြီးနားမြို့ မြို့မဈေး ပထမထပ်ရှိ ကမ္ဘောဇမီနီဘဏ်ကို လူလေးဦးက လက်နက်များဖြင့် ခြိမ်းခြောက်ပြီး ကျပ်သိန်း ၉၂၀ ကျော် လုယက်မှု ဇန်နဝါရီ ၂၃ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ဖြစ်ပွားခဲ့ကြောင်း ကမ္ဘောဇဘဏ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြစ်ကြီးနားမြို့ မြို့မဈေး ပထမထပ်ရှိ ကမ္ဘောဇမီနီဘဏ်သို့ ဘဏ်ပိတ်ချိန်တွင် လူလေးဦး ရုတ်တရက် ရောက်ရှိလာပြီး အသင့်ယူဆောင်လာသော လက်နက်များဖြင့် ဘဏ်ဝန်ထမ်းများကို ခြိမ်းခြောက်ကာ ဘဏ်မှ ကျပ်သိန်း ၉၂၀ ကျော် လုယူထွက်ပြေးခဲ့ကြောင်း ကမ္ဘောဇဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

အခင်းဖြစ်ပွားပြီးနောက် တာဝန်ရှိသူများ စစ်ဆေးနေစဉ်

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကမ္ဘောဇဘဏ်အနေဖြင့် မြစ်ကြီးနားမြို့ အမှတ် (၁) ရဲစခန်းသို့ တိုင်ကြားထားပြီး အမှတ် (၁)  မြစ်ကြီးနား နယ်မြေရဲစခန်းက (ပ) ၁၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ် ၃၉၄/၁၁၄ ဖြင့် အမှုဖွင့်ထားပြီး လုယက်သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ရဲတပ်ဖွဲ့က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြစ်ကြီးနား မြို့မရဲစခန်းမှူး ဒုရဲမှူးရဲထွဋ်က “ဖြစ်တာက ၂ နာရီ ၄၅ ကနေ ၃ နာရီ အတောအတွင်းဖြစ်တယ်။ ကျားလေးဦးကနေ ဘဏ်စောင့်ကို တုတ်နဲ့ရိုက်တယ်။ လူလတ်ပိုင်းလို့ ခန့်မှန်းတယ်။ ဝန်ထမ်းနှစ်ဦး ဒဏ်ရာအနည်းငယ် ရရှိသွားတယ်။ ဝန်ထမ်းတွေကို ကြမ်းပြင်မှာ မှောက်ခိုင်းထားတယ်။ သေနတ်လို့ ယူဆရတဲ့ အရာပါတယ်လို့ သိရတယ်။ မျက်နှာကို ဆိုင်ကယ်ဦးထုပ်ဆောင်းပြီး မျက်နှာဖုံးစွပ်ထားတယ်။ လောလောဆယ် ပိတ်ဆို့ရှာဖွေမှုတွေ လုပ်နေပါတယ်။ ရဲစခန်းမှာ လုယက်မှု ၃၉၄/၁၁၄ နဲ့ အမှုဖွင့်ထားတယ်။ ထောင်ဒဏ် ၁၀ နှစ်ထက် မနည်းတဲ့ ပြစ်မှုပါ။ တရားခံကို သက်ဆိုင်ရာ မှတ်တမ်းတွေနဲ့ စုံစမ်းဖော်ထုတ် နေပါတယ်” ဟု ပြောကြားသည်။

မြစ်ကြီးနားမြို့ မြို့မဈေးပထမထပ်ရှိ ကမ္ဘောဇမီနီဘဏ်ကို တွေ့ရစဉ်

ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများကို စစ်ဆေးနေကြောင်း၊ မြို့တွင်းနှင့် မြို့အထွက် ဂိတ်များကို လုံခြုံရေး တင်းကျပ်စွာ ဆောင်ရွက်လျက်ရှိကြောင်း၊ မြစ်ကြီးနား စည်ပင်သာယာ ဈေး (၁)ဆောင်အခန်းတွင် ဖွင့်လှစ်ထားသည့် ကမ္ဘောဇမီနီဘဏ်ခွဲမှ CCTV စက်မှာလည်း လုယက်သူ လေးဦးနောက်သို့ ပါသွားကြောင်း သိရသည်။

 

Most Read

Most Recent