မြောက်ဦးဖြစ်စဉ်အတွင်း သေနတ်ဖြင့် ပစ်ခတ်ခံရ၍ စစ်တွေဆေးရုံတွင် ဆေးကုသမှု ခံယူနေသူများအား လက်ထိတ်ခတ်လျက် ဖမ်းဆီးထား

မြောက်ဦးဖြစ်စဉ်အတွင်း သေနတ်ဖြင့် ပစ်ခတ်ခံရ၍ စစ်တွေဆေးရုံတွင် ဆေးကုသမှု ခံယူနေသူများအား လက်ထိတ်ခတ်လျက် ဖမ်းဆီးထား
Published 24 January 2018

အချုပ်သား လူနာဆောင်ရှေ့ စောင့်နေကြသော လူနာရှင်များ

မြောက်ဦးဖြစ်စဉ်အတွင်း သေနတ်ကျည်ဆန်ဒဏ်ရာဖြင့် စစ်တွေဆေးရုံတွင် ဆေးကုသမှု ခံယူနေသူများအား ဆေးရုံအချုပ်ခန်းသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ဆေးရုံတက်ရောက် ကုသနေသူများ၏ မိသားစုဝင်များက ပြောကြားသည်။

ဇန်နဝါရီ ၁၆ ရက် ညပိုင်းက ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဖြစ်ပွားခဲ့သော လူစုလူဝေးဖြစ်ပေါ်ခြင်း၊ ထွေအုပ်ရုံးခြံဝင်းသို့ ဝင်ရောက်ခြင်းများကြောင့် အာဏာပိုင်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဒဏ်ရာရရှိသူများအား စစ်တွေဆေးရုံတွင် တက်ရောက်ကုသလျက်ရှိရာမှ ဇန်နဝါရီ ၂၃ ရက်က ဆေးရုံ အချုပ်ခန်းသို့ ပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့လုပ်ဆောင်ခြင်းသည် သက်ညှာမှု နည်းပါးကြောင်းနှင့် လူနာများအား လွတ်လပ်စွာဆေးကုသခွင့် ပြုစေလိုကြောင်း၊ အချို့သော လူနာများမှာ လမ်းလျှောက်နိုင်ခြင်း မရှိသေးသဖြင့် လက်ထိတ်ခတ်ထားခြင်းနှင့် မိသားစုဝင်များနှင့် လွတ်လပ်စွာ တွေ့ဆုံခွင့်ကို ပေးစေလိုကြောင်းလည်း လူနာရှင်များက ပြောကြားသည်။

“ဒီမနက် ရဲတွေရောက်လာပြီး လူနာတွေကို လက်ထိတ်ခတ်တယ်။ ပြီးတော့ ခုတင်နဲ့ တွဲခတ်ထားလိုက်တယ်။ ပြီးတော့ အခန်းပြောင်းတယ်။ လူနာတွေ ဒဏ်ရာတောင် မကျက်သေးဘူး။ လက်ထိတ်ခတ်ပြီး ဆေးရုံအချုပ်ခန်းကို ပို့လိုက်တယ်။ ဒါကြောင့် လူနာတွေကို လွတ်လပ်စွာ တွေ့ဆုံခွင့်၊ ပြုစုခွင့်နဲ့ ဆေးကုသခွင့် ပေးစေလိုတယ်။ လမ်းမလျှောက်နိုင်တဲ့လူက ဘယ်လိုမှ ထွက်ပြေးလို့မရနိုင်ဘူး။ အဲဒါကြောင့် စဉ်းစားပေးစေ လိုပါတယ်။ ပြင်းထန်တယ်လို့မြင်တယ်။ ကျွန်တော်တို့မေးတော့ အခန်းပြောင်းတာလို့သာ ပြောပေမဲ့ အခုဆိုရင် ဆေးရုံအချုပ်ခန်းကို ပို့ထားပါတယ်။ ကျွန်တော်တို့ တွေ့လို့မရသေးဘူး။ တွေ့ခွင့်၊ ထမင်းကျွေးခွင့် ပေးမယ်တော့ ပြောတယ်။ ဆေးရုံအချုပ်ထဲမှာ မထားဘဲ လူနာဆောင်မှာထားပေးပြီး ကုသခွင့်ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု မိသားစုဝင် တစ်ဦးဖြစ်သူ ဦးအေးမောင်သိန်းက ပြောကြားသည်။

မြောက်ဦးဖြစ်စဉ်အတွင်း ဒဏ်ရာရရှိသူ ၁၂ ဦးရှိခဲ့ရာ ရှစ်ဦးအား စစ်တွေပြည်သူ့ဆေးရုံသို့ လွှဲပြောင်းကုသမှု ခံယူရကြောင်းနှင့် မြောက်ဦးတွင် လေးဦးဆေးကုသမှု ခံယူနေရကြောင်းလည်း သိရသည်။ စစ်တွေဆေးရုံသို့ တက်ရောက် ဆေးကုသခွင့် ခံယူနေသူများအနက် လေးဦးမှာ လမ်းလျှောက်၍ မရနိုင်သေးကြောင်း၊ ခြေထောက်တွင် စတီးရိုးထည့်ထားရသူများ ရှိကြောင်း သိရသည်။

ထိုသို့ ဆေးရုံတွင် တက်ရောက်ကုသနေသူများအား လက်ထိတ်ခတ်ခံထားရခြင်းနှင့် ပတ်သက်ပြီး ရခိုင်နိုင်ငံရေးပါတီ၊ လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်လျက်ရှိကြောင်း သိရသည်။

ရခိုင်အမျိုးသားပါတီမှ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က “လူမှုရေးအမြင်နဲ့ ပြောရရင် ဒီလောက် ဒဏ်ရာပြင်းပြင်းထန်ထန်ရတဲ့ လူတွေကို အဆောတလျင်ဖမ်းပြီး ချုပ်ထားတာက ကျန်းမာရေး ထိခိုက်နိုင်တယ်လို့ ယူဆပါတယ်။ နောက်တစ်ယောက်က အခုထိ အတွင်းက ကျည်ဆန်ကို ခွဲထုတ်လို့ မရသေးဘူးလို့ သိရတယ်။ သူတို့ထွက်ပြေးနိုင်မှာလည်း မဟုတ်ဘူး။ တော်တော်မြင်ကောင်းတဲ့ လုပ်ရပ်တစ်ခုလို့ မြင်ပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် မြောက်ဦးမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “ဆေးရုံပေါ်ကတောင် မဆင်းရသေးဘူး။ အဲဒီအချိန်မှာ ထွက်ပြေးမှာစိုးရိမ်ရင် လုံခြုံရေး အစောင့်အကြပ်တွေ တင်းတင်းကျပ်ကျပ် ထားပြီးတာ့ လွတ်လွတ်လပ်လပ် ဆေးကုသခံယူခွင့် ပေးမယ်ဆိုရင် ကောင်းမှာပေါ့။ အခုတော့ လက်ထိတ်ခတ်ခံပြီး မိသားစုတွေနဲ့လည်း မတွေ့ရ၊ လူနာလာမေးတဲ့ သူတွေကိုလည်း မတွေ့ရဆိုတော့ ဒါဟာ မကောင်းဘူးလို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အခန်း တစ်ခန်းထဲမှာ ထားရင်လည်း ထားလိုက်ပေါ့။ လက်ထိတ်ဖြုတ်ပြီး လုံခြုံရေးချထားရင် အဆင်ပြေနိုင်ပါတယ်။ အဲဒီလိုဆိုရင်ကောင်း မယ်ထင်ပါတယ်” ဟု ပြောကြားသည်။

“ဒါက အခုမှမဟုတ်ဘူး၊ အရင်ကတည်းကလို့ ပြောရမှာပေါ့။ ဖြစ်စဉ်မှာ ဒဏ်ရာရခဲ့တဲ့သူတွေက လောလောဆယ် ဆေးရုံတက်နေရတယ်။ ဆေးကုသမှု ခံယူနေရတယ်။ တစ်ချိန်တည်းမှာပဲ ဒဏ်ရာကြောင့် ခံစားနေရတဲ့ အချိန်မှာ လက်ထိတ်ကလည်း ခတ်ထားတယ်။ ဒါက ဘယ်လိုပုဒ်မပဲ တပ်တပ်ပေ့ါ။ အပြစ်ရှိတယ်လို့ စွပ်စွဲပြီးတော့ လက်ထိတ်ခတ်လိုက်တာလား။ အခုလို ထပ်ခတ်လိုက်တဲ့ အတွက်ကြောင့် လုံခြုံရေးကိုပဲ အကြောင်းပြပြ တစ်ချိန်လုံး ၁၉၆၂ ကနေ အခုချိန်ထိ လုံခြုံရေးကို အကြောင်းပြပြီးတော့ အမျိုးမျိုးအဖုံဖုံ နိုင်ငံသူ နိုင်ငံသားတွေကို ဖိနှိပ်ခဲ့တာက လူ့အခွင့်အရေးကို ချိုးဖောက်တယ်လို့တော့ ဒီလိုပဲ သုံးသပ်တယ်။ ထိခိုက်ဒဏ်ရာရလို့ ဆေးကုသမှုခံယူနေရတဲ့ အချိန်မှာ လက်ထိတ်တွေ၊ ခြေထိတ်တွေ ခတ်တယ်ဆိုတာ မဖြစ်သင့်တဲ့ ကိစ္စပါ။ အဲဒါကြောင့် ဒီကိစ္စကို တစ်ဦးတည်း မဟုတ်ဘူး၊ ဆေးရုံတက်ရောက် ကုသနေတဲ့သူ အားလုံးကို အခုလိုမျိုး လုပ်လာတာကတော့ လက်ခံနိုင်စရာ မရှိဘူး။ အဲဒီလိုလုပ်နေတဲ့ လုပ်ရပ်တွေကို အမြန်ဆုံး ပြန်သုံးသပ်ဖို့ လိုနေပြီလို့ ဒီကိစ္စကိုတော့ ကန့်ကွက်ချင်တယ်။ တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ ထိခိုက်ဒဏ်ရာရလို့ ဆေးကုသမှုခံယူနေတာက တစ်ကြောင်း သေနတ်ဒဏ်ရာလည်း ဖြစ်နိုင်သလို တခြားထိခိုက်မှုလည်း ဖြစ်နိုင်တယ်။ ဘာပဲပြောပြော ဒီလူတွေကို လက်ထိတ်ထပ်ပြီးတော့ ခတ်လိုက်တာက တစ်ချိန်တည်း တစ်ပြိုင်တည်း ပြစ်ဒဏ်နှစ်ခုစလုံး ပေးတဲ့ပုံစံ ဖြစ်နေတယ်။ ဒါက လူ့အခွင့်အရေး ရှုထောင့်ကပဲကြည့်ဦး ဒါကမဖြစ်သင့်ဘူး” ဟု နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ဦးထွန်းကြည်က ပြောကြားသည်။

ဆေးကုသမှုခံယူ သူများအနက် ထွန်းချေစိန် ဆိုသူမှာ ၁၅ နှစ်အရွယ်သာ ရှိသေးသည့် နဝမတန်း ကျောင်းသားဖြစ်ပြီး စာမေးပွဲဖြေခွင့် ရရှိစေလိုကြောင်း၊ မိခင်တစ်ဦးတည်းသာ ရှိကြောင်း ဦးလေးဖြစ်သူ ဦးကျော်သန်းစိန်က ပြောကြားသည်။

မြောက်ဦးမြို့ဖြစ်စဉ်နှင့် ပတ်သက်ပြီး စုံစမ်းဖော်ထုတ် အရေးယူသွားမည် ဖြစ်ကြောင်း ဇန်နဝါရီ ၂၂ ရက်တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဒေသခံ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ပြီးနောက် ထိုသို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent