ဗမာနိုင်ငံလုံးဆိုင်ရာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဦးဆောင်၍ တက္ကသိုလ်ပေါင်းစုံ ကျောင်းသား၊ ကျောင်းသူများက ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရန်အတွက် ရတနာပုံတက္ကသိုလ်ကျောင်းဝင်းအတွင်း ဆန္ဒပြတောင်းဆို

ဗမာနိုင်ငံလုံးဆိုင်ရာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဦးဆောင်၍ တက္ကသိုလ်ပေါင်းစုံ ကျောင်းသား၊ ကျောင်းသူများက ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရန်အတွက် ရတနာပုံတက္ကသိုလ်ကျောင်းဝင်းအတွင်း ဆန္ဒပြတောင်းဆို
Published 23 January 2018

ပညာရေးအသုံးစရိတ်နှင့်ပတ်သက်ပြီး ရတနာပုံတက္ကသိုလ်ကျောင်းဝင်းအတွင်း တောင်းဆိုဆန္ဒပြကြစဉ် (ဓာတ်ပုံ-သီရိ)

မန္တလေးမြို့ ရတနာပုံတက္ကသိုလ်ကျောင်းဝင်းအတွင်း၌ ဗမာနိုင်ငံလုံးဆိုင်ရာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဦးဆောင်၍ တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများက ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရန် ဆန္ဒပြတောင်းဆိုလျက်ရှိကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်မှုအား ဇန်နဝါရီ ၂၂ ရက် နံနက် ၉ နာရီမှ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မန္တလေးမြို့ ရတနာပုံတက္ကသိုလ်ဝင်းအတွင်း ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ခြင်းဖြစ်ကာ မန္တလေးတိုင်းအတွင်းရှိ တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသားကျောင်းသူ ၁၀၀ ကျော် ပါဝင်ကြောင်း သိရသည်။

“အခု ကျွန်တော်တို့ဆန္ဒပြတောင်းဆိုနေတယ်။ ပြည်သူ့အစိုးရအနေနဲ့ အမြန်ဆုံးညှိနှိုင်းမှု ပြုလုပ်မယ်လို့ မျှော်လင့်တယ်။ တကယ်လို့ ဒီနေ့တစ်နေကုန်သွားတဲ့အထိ ညှိနှိုင်း ဆောင်ရွက်မှုမရှိရင် မနက်ဖြန်ဆက်ပြီးလုပ်သွားမယ်။ မနက်ဖြန်ညှိနှိုင်းမှုမရှိရင် နောက် နေ့ဆက်လုပ်မယ်။ ညှိနှိုင်းမှုမရမချင်း ရက်အကန့်အသတ်မရှိ ဆောင်ရွက်သွားမှာပါ။ ဒီအပေါ်မှာ ဂရုမစိုက်မချင်း ကျွန်တော်တို့ဘက်က ဆောင်ရွက်သွားမှာပါ” ဟု ရမည်းသင်း နည်းပညာတက္ကသိုလ်မှ ကိုရာဇာထွန်းက ပြောကြားသည်။

အဆိုပါ ဆန္ဒပြတောင်းဆိုမှုကို ဗမာ နိုင်ငံလုံးဆိုင်ရာ ဗကသများအဖွဲ့ချူပ်၊ ပညာရေး အသုံးစရိတ်တိုးမြှင့်ရေးတိုက်ပွဲကော်မတီက ဦးဆောင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပညာရေးအသုံးစရိတ် တိုးမြှင့်ရေးတိုက်ပွဲ ကော်မတီကို ဇန်နဝါရီ ၂၁ ရက်က ပြုလုပ်ခဲ့သည့် ဗကသများအဖွဲ့ချူပ် ပညာရေးနှီးနှော ဖလှယ်ပွဲတွင် ဖွဲ့စည်းခဲ့ကြောင်း၊ နှီးနှောဖလှယ်ပွဲတွင် တက္ကသိုလ် ၂၆ ခုမှ တက္ကသိုလ် ကျောင်းသား ကျောင်းသူများ တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရတနာပုံတက္ကသိုလ်ကျောင်းဝင်းအတွင်း ဗမာနိုင်ငံလုံးဆိုင်ရာတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကျောင်းသား၊ ကျောင်းသူများက ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးရန် ဆန္ဒပြတောင်းဆိုစဉ်

တိုက်ပွဲကော်မတီကို တက္ကသိုလ်ခြောက်ခုမှ ကျောင်းသားများဖြင့် ဖွဲ့စည်းထားကြောင်း၊ ဆန္ဒပြတောင်းဆိုမှုတွင် ပညာရေးအသုံးစရိတ် တိုးမြှင့်ရေး၊ ကျောင်းတွင်းအဆောင်များ တည်ဆောက်ရေး၊ သင်ထောက်ကူပစ္စည်း လုံလောက်ရေးတို့အတွက် တောင်းဆိုခဲ့ ကြောင်း၊ ကျောင်းသားသမဂ္ဂ တေးသီချင်းများကိုလည်း သီဆိုခဲ့ကြောင်း၊ ပညာရေး အသုံးစရိတ်မြှင့်တင်ရေးအတွက် လက်ကမ်းစာစောင်များလည်း ဝေငှခဲ့ကြောင်း၊ ဆန္ဒထုတ်ဖော်မှုအား သက်ဆိုင်ရာတာဝန်ရှိသူများ လာရောက်ညှိနှိုင်းဆောင်ရွက်မှု ရရှိသည်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ပညာရေးအသုံးစရိတ်တိုးမှ အားလုံးအတွက် အဆင်ပြေမှာပါ။ ကျွန်တော်တို့ ဘွဲ့ရပြီးရင် အလုပ်မရဘူး။ ဘာလို့လဲဆိုတော့ ဘာမှမတတ်လို့ပါ။ အထူးသဖြင့် ဓာတုဗေဒ၊ ရူပဗေဒဘာသာရပ်တွေအတွက် သင်ထောက်ကူ ပစ္စည်းမရှိဘူး။ ရူပဗေဒနဲ့ ကျောင်းပြီးတဲ့ သူက နာရီတစ်လုံး မပြင်တတ်ပါဘူး။ ဓာတုဗေဒနဲ့ကျောင်းပြီးတဲ့သူတစ်ယောက်က အဆုံးစွန်ပြောရရင် ကျွန်တော်တို့သောက်နေကြတဲ့ အရက်တောင် မချက်တတ်ဘူး။ ပညာရေး အခြေအနေ ဘယ်လိုရှိတယ်ဆိုတာ ကောင်းကောင်းသိဖို့လိုနေပြီ။ ပညာရေးအသုံးစရိတ် မြှင့်တင်ပေးဖို့ ကျွန်တော်တို့ဘက်က လှည့်လည်ဟောပြောဆောင်ရွက်သွား့မယ်။ ရက်အကန့်သတ်မရှိဘူး။ အစိုးရဘက်က ညှိနှိုင်းမှုမလုပ်မချင်း ကျောင်းထဲမှာပဲ ဆက်ရှိနေမယ်။ ဒီကျောင်းမှာပဲ ဆက်လုပ်သွားမှာပါ။ ဆောင်ရွက်မပေးမချင်း ကျောင်းထဲမှာပဲရှိနေ မှာပါ” ဟု ရတနာပုံတက္ကသိုလ်မှ ကိုရဲမျိုးဆွေက ပြောကြားသည်။

ဆန္ဒပြတောင်းဆိုမှုအား ရတနာပုံတက္ကသိုလ် ကျောင်းဝင်းအတွင်း ပင်မလေးထပ် ဆောင်ရှေ့မှစတင်ကာ ကျောင်းဝင်းအတွင်း လှည့်လည်တောင်းဆိုခဲ့ကြောင်း၊ ညှိနှိုင်း ဆောင်ရွက်မှု ရရှိသည်အထိ ရက်အကန့်အသတ်မရှိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ ပညာရေးအသုံးစရိတ်ကို ယခင်နှစ် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် ဘီလျံ ၁၆၉၀ ရရှိခဲ့ပြီး ဘီလျံ ၁၀၀၀ ခန့်ကို ပညာရေးဝန်ထမ်းများအတွက် အသုံး ပြုခဲ့ကြောင်း၊ နိုင်ငံတစ်ဝန်းရှိ အခြေခံကျောင်းများမှစတင်ကာ တက္ကသိုလ်အဆင့်အထိ ကျောင်းသားဦးရေ ကိုးသန်းခန့်ရှိပြီး ၎င်းတို့ အတွက် ဘီလျံ ၆၉၀သာရရှိခဲ့ကြောင်း၊ ယခု နှစ် ၂၀၁၈ ခုနှစ်အတွက် ခြောက်လစာ ပညာရေး အသုံးစရိတ် ဘီလျံ ၈၀၀ကျော်ခန့်သာ အသုံးပြုခွင့်ရရှိထားကြောင်း သိရသည်။