မြောက်ဦးပဋိပက္ခဖြစ်စဉ်မှ ကွဲလွဲမှုများ

မြောက်ဦးပဋိပက္ခဖြစ်စဉ်မှ ကွဲလွဲမှုများ
Published 22 January 2018

ရခိုင့်နိုင်ငံတော်ကျရှုံးခြင်း ဝမ်းနည်းအမှတ်တရ အခမ်းအနား ကျင်းပမည့်အပေါ် သက်ဆိုင်ရာဌာန အသီးသီးမှ ထုတ်ပြန်သည့်စာများကို တွေ့ရစဉ်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရဲ့ နန်းတော်ရာကုန်းမှာ ရခိုင်ဘုရင့် နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးမှု (၂၃၃) နှစ်မြောက် အထိမ်းအမှတ် စာပေဟောပြောပွဲ တားမြစ်မှုအပေါ် ဒေသခံပြည်သူတွေက မကျေနပ်တာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်ညက လူစုလူဝေး ဖြစ်ပေါ်ခဲ့ပါတယ်။

အဲဒီ လူစုလူဝေးက မြောက်ဦးမြို့အတွင်း ကြွေးကြော်သံတွေနဲ့ လှည့်လည်ချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး အခြေအနေ ပိုမိုဆိုးရွားလာတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်တားဆီးရာမှာ ဒေသခံပြည်သူ ခုနစ်ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုအတွင်း လူစုလူဝေးက ကျောက်ခဲတွေနဲ့ ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂၀ လောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးဝင်းထဲက ဝန်ထမ်းဆိုင်ကယ်အချို့၊ ဌာနပိုင်မော်တော်ယာဉ်အချို့၊ ရုံးခန်းနဲ့ မှန်တံခါးများ ပျက်စီးခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၇ ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီလို ပဋိပက္ခမဖြစ်ပေါ်မီ ဇန်နဝါရီ ၁၅ ရက် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ ကျင်းပခဲ့တဲ့ ရခိုင်နိုင်ငံတော် အချုပ်အခြာ အာဏာကျဆုံးခြင်း (၂၃၃) နှစ်မြောက် ဝမ်းနည်းဖွယ် အထိမ်းအမှတ် စာပေဟောပြောပွဲမှာ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့က ဟောပြောခဲ့ကြပါတယ်။

အဲဒီဟောပြောပွဲမှာ စာရေးဆရာ ဝေဟင်အောင်က “ရခိုင်ပြည်နယ် အချုပ်အခြာအာဏာ ကျဆုံးသွားသည်မှာ နှစ်ပေါင်း (၂၃၃) နှစ် ရှိခဲ့ပြီး လူမျိုးဆက် ငါးဆက်ခန့် ကင်းကွာခဲ့ကြောင်း၊ နိုင်ငံရေးတွင် လက်ဝါးဖြန့်တောင်း၍ မရသောကြောင့် လက်ညှိုးကွေးပြီးတောင်းသည့် အဖွဲ့ပေါ်ပေါက်လာရခြင်း ဖြစ်ကြောင်း၊ ယခုအချိန်တွင် ထွန်းမြတ်နိုင်ဦးဆောင်သော AA တပ်မတော်သည်လည်း ရခိုင်နိုင်ငံတော်နှင့် အချုပ်အခြာ ပြန်လည်ရရှိရေး၊ ဗမာ့ကျွန်အဖြစ်မှ လွတ်မြောက်ရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်လျက်ရှိကြောင်း၊ ရသေ့တောင် မြို့နယ်သူ၊ မြို့နယ်သားများ အနေဖြင့်လည်း ဗမာ့ကျွန်အဖြစ်မှ လွတ်မြောက်ရန် အားလုံးတွင် တာဝန်ရှိကြောင်း၊ ယခုအချိန်သည် နိုင်ငံရေး အကျပ်အတည်းဖြစ်နေသည့် အချိန်ကာလဖြစ်နေ၍ မိမိတို့အတွက် အခွင့်အရေးသာနေသော အချိန်ဖြစ်ကြောင်း၊ ဗမာ့ကျွန်ဘဝမှ လွတ်မြောက်နိုင်ရေးနှင့် လွတ်လပ်ရေး ရရှိရေးအတွက် တော်လှန်တိုက်ခိုက်ရန် အချိန်ကောင်းဖြစ်ကြောင်း၊ အားလုံးပါဝင်ကြရန် လိုအပ်ကြောင်း” စတဲ့ ဟောပြောချက်တွေကို ဟောပြောခဲ့တယ်လို့ ဇန်နဝါရီ ၁၇ ရက်က ကျင်းပတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ ရဲချုပ်အောင်ဝင်းဦးတို့က တင်ပြခဲ့ပါတယ်။

ဒါ့အပြင် နောက်ထပ်ဟောပြောသူ တစ်ဦးဖြစ်တဲ့ ဒေါက်တာ အေးမောင်က “ဗမာများအနေဖြင့် ရခိုင်လူမျိုးများကို ဗမာ့ကျွန်အဖြစ်လောက်သာ ထားရှိပြီး တန်းတူ အခွင့်အရေးမပေးကြောင်း၊ အချုပ်အခြာအာဏာ ရရှိရေးအတွက် နည်းလမ်းနှစ်ခုသာရှိကြောင်း၊ လက်နက်ကိုင် တော်လှန်ရေးနည်းနှင့် ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များရှိကြောင်း၊ မိမိမှာ နောက်တစ်နည်းဖြစ်သော လူထုဗဟိုပြု နိုင်ငံရေးနည်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိ နိုင်ငံရေးအားနည်းချက်ကို အခွင့်ကောင်းယူ၍ ပန်းတိုင်ရောက်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း၊ နောက်နှစ်များစွာ ရောက်တိုင်းမှာ အချုပ်အခြာ အာဏာပြန်လည်ရယူလိုရေး စိတ်ဓာတ်မွေးရန်၊ လက်နက်ကိုင်တော်လှန်ရေးနှင့် လူထုဗဟိုပြုနိုင်ငံရေး အားလုံး၏ ပန်းတိုင်သည် အချုပ်အခြာအာဏာကို ပြန်လည်ရယူနိုင်ရေးသာဖြစ်ကြောင်း၊ လူထုကို စည်းရုံးခြင်း၊ လက်နက်ကိုင်တော်လှန်ခြင်းတို့ ပြုလုပ်ပြီး အာဏာရယူရန် နည်းမျိုးစုံဖြင့် အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲကို ဆင်နွှဲပြီး ရည်မှန်းချက် ပန်းတိုင်သို့ သွားနေခြင်းဖြစ်ကြောင်း၊ ယခုလို ဟောပြောပွဲများ ကျင်းပခြင်းဖြင့် တစ်မျိုးသားလုံး ထားရှိသင့်သည့် ရည်မှန်းချက် ပန်းတိုင်ကို သိရှိပြီး အမျိုးသားရေးတစ်ရပ် အနေဖြင့် ပါဝင်ကူညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း” ဟောပြောခဲ့တယ်လို့ တင်ပြခဲ့ပါတယ်။

ဒီလို ဟောပြောမှုတွေကြောင့် စာရေးဆရာ ဝေဟင်အောင်ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းက စစ်တွေမြို့မှာ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပြီး နိုင်ငံတော်အကြည်ညိုပျက်စေနမှု ပုဒ်မ ၅၀၅ (ခ)နဲ့ အမှုဖွင့်ထားတယ်လို့ ကနဦးသတင်း အချက်အလက်တွေအရ သိရပါတယ်။

မြောက်ဦး ပဋိပက္ခ

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်က ဖြစ်ပွားခဲ့တဲ့ မြောက်ဦးပဋိပက္ခဖြစ်စဉ်နဲ့ ပတ်သက်လို့ နေပြည်တော် နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမှာ ဇန်နဝါရီ ၁၇ ရက်က ရခိုင်ပြည်နယ်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။

ဒီအစည်းအဝေးကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်အောင် ဝင်းဦးနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

မြောက်ဦးပဋိပက္ခဖြစ်စဉ်နဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ ရဲချုပ်အောင်ဝင်းဦးတို့က ရှင်းလင်းတင်ပြရာမှာ မြောက်ဦးမြို့နယ် နန်းတော်ရာကုန်းမှာ ပြုလုပ်မယ့် ဆင်အိုးကျောင်းတိုက် ဆရာတော်နဲ့ ဒေါက်တာ အေးမောင်တို့ ဟောပြောမယ့် ကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကနေ ဇန်နဝါရီ ၁၅ ရက် ရက်စွဲနဲ့ ဟောပြောပွဲနေရာ၊ အဆောက်အအုံတို့ကို စီမံခန့်ခွဲခွင့်ရှိသူရဲ့ ခွင့်ပြုချက် ရယူဆောင်ရွက်ဖို့နဲ့ လိုက်နာဆောင်ရွက်ခြင်း မရှိပါက ဥပဒေနဲ့အညီ အရေးယူဖို့ အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မြောက်ဦးဌာနခွဲ) ကလည်း ဇန်နဝါရီ ၁၅ ရက် နေ့စွဲပါစာနဲ့ အခမ်းအနား ကျင်းပမယ့်နေရာဟာ ရှေးယခင် မြောက်ဦးဘုရင်နန်းတော်ဖြစ်နေခြင်း၊ အမျိုးသားအမွေအနှစ် ဖြစ်တာကြောင့် သက်ဆိုင်ရာဌာနတွေရဲ့ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ ကျင်းပနေမှုကို ခွင့်မပြုနိုင်ကြောင်းနဲ့ အခမ်းအနား မပြုလုပ်ဖို့ ညှိနှိုင်းမေတ္တာ ရပ်ခံကြောင်းကို အခမ်းအနားကျင်းပရေး ကော်မတီဆီ ကြိုတင်အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အဲဒီနေ့ နံနက်ပိုင်းက ပြုလုပ်တဲ့ အခမ်းအနား အစီအစဉ်ကို အာဏာပိုင်တွေက ခွင့်ပြုခဲ့ပြီး ညပိုင်းဟောပြောပွဲချိန်ကပ်မှ တားမြစ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ခွင့်ပြုချက်မရဘဲ ပွဲလုပ်ရင် လုပ်တဲ့လူကိုရော ဟောပြောတဲ့သူတွေကိုပါ အရေးယူမယ်ဆိုတဲ့အတွက် ဘယ်သူမှ မထိခိုက်ရအောင် ပွဲကို ရုပ်သိမ်းလိုက်တယ်။ ပြည်သူတွေကိုလည်း ကျွန်တော်ကိုယ်တိုင် နားချပြောဆိုခဲ့ပါတယ်။ အစိုးရအဖွဲ့ရဲ့ ကက်ဘိနပ်ကနေ ဆုံးဖြတ်ပြီး ခွင့်ပြုချက်မရှိရင် မလုပ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုး ထွက်လာတယ်လို့ ကြားမိတယ်” လို့ မြောက်ဦးမြို့မှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောကြားပါတယ်။

ရခိုင်ဘုရင်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးနေ့ ဝမ်းနည်း အထိမ်းအမှတ် အခမ်းအနားကို ၂၀၁၄ ခုနှစ်မှစပြီး နှစ်စဉ်ပြာသိုလကွယ်နေ့မှာ စတင်ကျင်းပခဲ့ပေမယ့် ဒီနှစ်ပြုလုပ်ဖို့ စီစဉ်ထားတဲ့ အခမ်းအနားကို ခွင့်ပြုချက်မရတဲ့ကိစ္စအပေါ် မကျေနပ်တာကြောင့် ဒေသခံ ပြည်သူတွေက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးဆီ ချီတက်ဆန္ဒ ထုတ်ဖော်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ပွဲမကျင်းပဖို့ ရဲကလာပြီး တားမြစ်တယ်။ ခွင့်ပြုချက်မရှိတဲ့အတွက် မကျင်းပရဘူးလို့ လာတားတာ ဖြစ်ပါတယ်။ မြို့နယ်အုပ်ချုပ်ရေးကထုတ်တဲ့ တားမြစ်စာလည်း ပါလာတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာက နှစ်စဉ်ကျင်းပတာဖြစ်တယ်။ အဲဒီလိုမျိုး တားမြစ်တာ မရှိဘူး။ အခုခွင့်ပြုချက်တင်မယ် ဆိုရင်လည်း တင်ဖို့က အချိန်မမီတော့ဘူး။ အဲ့ဒါကြောင့် ပွဲစီစဉ်သူတွေအနေနဲ့ ပွဲကိုရုပ်သိမ်းလိုက်တယ်။ အဲဒီမှာ ဒေသခံတွေက မကျေနပ်လို့ လမ်းပေါ်ဆန္ဒပြကြတာ ဖြစ်ပါတယ်” လို့ ပွဲစီစဉ်သူတွေထဲက တစ်ဦးဖြစ်တဲ့ ကိုထွန်းထွန်းက ဆိုပါတယ်။

ရခိုင်ဘုရင်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးနေ့ ဝမ်းနည်းအထိမ်းအမှတ် အခမ်းအနား ကျင်းပခွင့်မရတာနဲ့ ပတ်သက်လို့ ဝိဝါဒကွဲပြားမှုတွေ ရှိနေပြီး ဒီအပေါ်မှာ ရခိုင်အမျိုးသားပါတီ (ANP) က ဇန်နဝါရီ ၁၈ ရက်က သဘောထား ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

ဒီကြေညာချက်ထဲမှာ ရခိုင်အမျိုးသားပါတီ (ANP) အနေနဲ့ ဆက်လက်လုပ်ဆောင်သွားမယ့် အချက်ငါးချက်ကို ထည့်သွင်း ဖော်ပြထားပါတယ်။

အဲဒီအချက် ငါးချက်ကတော့

(၁) ရခိုင့်နိုင်ငံတော်ကျဆုံးခြင်း ဝမ်းနည်းခြင်း အမှတ်တရ အခမ်းအနား ကျင်းပရေးကော်မတီ မြောက်ဦးမြို့၏ ဆောင်ရွက်မှု အဆင့်ဆင့်ကို စိစစ်သုံးသပ်ခြင်း။
(၂) မြောက်ဦးမြို့၊ ဒေသအာဏာပိုင်များနှင့် ဟောပြောပွဲဖြစ်မြောက်ရေး ကော်မတီတို့အကြား အခမ်းအနား ဆောင်ရွက်မှုဆိုင်ရာ ညွှန်ကြားစာများ၏ ဖြစ်စဉ်အဆင့်ဆင့်ကို စိစစ်သုံးသပ်ခြင်း။
(၃) အခင်းဖြစ်ပွားချိန် အဓိကရုဏ်း နှိမ်နင်းမှုဆိုင်ရာ ဆောင်ရွက်မှုများသည် တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှု ရှိ၊ မရှိ ကိစ္စ။
(၄) အလွန်အကျွံ အင်အားသုံးဖြေရှင်းမှုနှင့် စပ်လျဉ်း၍ အရေးယူ ဆောင်ရွက်ပေးရေးကိစ္စ။
(၅) မြောက်ဦးမြို့ (၁၆.၁.၂၀၁၈) နေ့ ပဋိပက္ခဖြစ်စဉ်အတွင်း အသက်ဆုံးရှုံးရသူများနှင့် ထိခိုက်နစ်နာသူများ၏ မိသားစုဝင်များအပေါ် အစိုးရမှ တာဝန်ယူ စီမံဆောင်ရွက်မှုများ ပြုလုပ်ပေးရေးကိစ္စတို့ပဲ ဖြစ်ပါတယ်။

ဒီသဘောထား ကြေညာချက်နဲ့ ပတ်သက်လို့ ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန်က “ကျွန်မတို့ အချက်ငါးချက်ကို ထုတ်ပြန်ပေးထားပါတယ်။ မြောက်ဦးမြို့က ရခိုင့်ဘုရင့်နိုင်ငံကျရှုံးတဲ့ အောက်မေ့ဖွယ် အခမ်းအနားကျင်းပဖို့ ဆောင်ရွက်တဲ့နေရာမှာ အဆင့်ဆင့် ဘယ်လိုဆောင်ရွက်ခဲ့တယ်ဆိုတာကို ကျွန်မတို့ လေ့လာစိစစ်ပြီးတော့ သုံးသပ်မယ်။ ဘယ်နေ့ကတည်းက ကြေညာထားလဲ။ ခွင့်ပြုချက်တွေက ဘယ်လိုရှိလဲ။ ပြုလုပ်မယ့် နန်းရာကုန်းနဲ့ ပတ်သက်ပြီး ခွင့်ပြုချက် ဘယ်လိုရှိခဲ့လဲ။ ဘယ်အချိန်ကျမှပဲ ရုပ်သိမ်းတာလဲ စသဖြင့် အဆင့်ဆင့် စိစစ်သွားမယ်။ ဒုတိယတစ်ချက်က အာဏာပိုင်တွေအနေနဲ့ ဒီကျင်းပရေးကော်မတီပိုင်းတွေမှာ အပြန်အလှန် ရည်ညွှန်းပြီးတော့ စာပို့တာရှိတယ်။ ဆိုတော့ ဒီဟာတွေရဲ့ အချက်အလက်တွေဟာ ဥပဒေမှာပြဋ္ဌာန်းတဲ့အတိုင်း အချိန်လုံလောက်ခဲ့သလား။ ကျွန်မတို့က လေ့လာစိစစ်သွားမယ်။ နောက်တစ်ခါ အဓိကရုဏ်းနှိမ်နင်းတဲ့အခါ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့သလားဆိုတာ စိစစ် လေ့လာသွားမယ်။ လက်တွေ့အနေအထားမှာ သတင်းထုတ်ပြန်ချက်တွေအရ ၁၀ ချက်လောက် ပစ်ခတ်တယ်ဆိုတာမျိုး သိထားတယ်။ ၁၀ ချက်ပစ်ခတ်ရတာဟာ အခု သေနတ်ဒဏ်ရာရပြီး သေတဲ့လူတွေ၊ မသေဘဲနဲ့ ဒဏ်ရာရပြီး ဆေးကုနေတဲ့လူတွေ၊ နောက် ဆေးမကုသရဲတဲ့လူတွေလည်း ရှိနေလိမ့်မယ်လို့ ကျွန်မတို့ယူဆတယ်။ သြင်္ဂိုဟ်ထားတဲ့ အလောင်းတွေမှာလည်း သေနတ် ဒဏ်ရာမရတဲ့သူတွေ ရှိနေတယ်။ ကျွန်မတို့ ပါတီက လေ့လာထားချက်တွေအရ သိရတယ်။ ဒီအဆင့်တွေအပေါ်မှာ အလွန်အကျွံ အင်အားသုံးခဲ့တယ်။ အလွန်အကျွံ ဆိုတာကတော့ အဓိကရုဏ်းတွေကို နှိမ်နင်းရင် အဆင့်ဆင့် ဘယ်လို ဆောင်ရွက်ရမယ်ဆိုတာ ဥပဒေ လုပ်ထုံး လုပ်နည်းတွေမှာ အတိအကျ ပြဋ္ဌာန်းထားပြီးသား ဖြစ်တယ်။ အဲဒါကို ဆောင်ရွက်ခဲ့သလား။ ဆိုတော့ ဒီနေ့လတ်တလော ကျွန်မတို့ မျက်မြင်အနေအထားအရတော့ အလွန်အကျွံ အင်အားကိုသုံးခဲ့တယ်လို့ ကျွန်မတို့ကတော့ သုံးသပ်တယ်။ ဒီအချက်တွေအပေါ်မှာ ဘယ်လိုအရေးယူ ဆောင်ရွက်မလဲဆိုတာက တစ်ချက်။ နောက်တစ်ချက်ကတော့ ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်တွေမှာ အသက်ဆုံးရှုံးသွားရသူတွေ၊ ထိခိုက်ဒဏ်ရာရတဲ့သူတွေ၊ ဒဏ်ရာရတဲ့သူတွေထဲမှာလည်း ဘဝတစ်သက်တာလုံး လူလုံးမလှအောင် ဒုက္ခိတအဆင့်ကို ရောက်သွားမယ့် သူတွေလည်းရှိတယ်။ ဆိုတော့ သေသွားသူတွေရဲ့ ကျန်ရစ်သူမိသားစု၊ ဒဏ်ရာရသူတွေနဲ့ ဆက်စပ်တဲ့ မိသားစုတွေအပေါ် အစိုးရက ဘယ်လိုစီမံ ဆောင်ရွက်ပေးမလဲ။ ဒီအချက်တွေနဲ့ ပတ်သက်ပြီး ဘယ်လို ဆောင်ရွက်သွားမလဲဆိုပြီး ကျွန်မတို့ သဘောထား ထုတ်ပြန်ချက်ကို ထုတ်ရတာ ဖြစ်ပါတယ်” လို့ ပြောကြားပါတယ်။

ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှု

ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းမှာတော့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကနေ ဟောပြောပွဲ ပြုလုပ်ခွင့်မပြုကြောင်း တားမြစ်ခဲ့ပြီး လျှပ်စစ်မီးများ ဖြတ်တောက်ခဲ့တဲ့အတွက် ဟောပြောပွဲလာရောက်သူ ၄၀၀ လောက်က စတင်စုဝေးအော်ဟစ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ည ၈ နာရီခွဲလောက်က နန်းရာကုန်းမှာ လူအင်အား ၅၀၀၀ လောက် စုဝေးရောက်ရှိလာပြီး ရန်ကုန်-စစ်တွေကားလမ်းအတိုင်း “ရခိုင်ပြည်နယ်လွတ်မြောက်ရေး ဒို့အရေး” လို့ အော်ဟစ်ကြွေးကြော်ကာ ခရိုင်ရုံးတည်ရှိရာဆီ လမ်းလျှောက်ဆူပူ ဆန္ဒပြခဲ့ပြီး ည ၉ နာရီလောက်မှာ လူအင်အား ၁၀၀၀၀ လောက် ဖြစ်လာတာကြောင့် ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးနဲ့ ခရိုင်ဥပဒေ အရာရှိတို့က လူစုခွဲဖို့ Hand Speaker တွေနဲ့ ၁၅ ကြိမ်လောက် သတိပေး တားမြစ်ခဲ့တယ်လို့ အစိုးရ ထုတ်ပြန်ပါတယ်။

လူစုလူဝေးက ရဲတပ်ဖွဲ့ဝင် နှစ်ဦးဆီကနေ သေနတ်လုယူဖို့ ကြိုးစားခြင်း၊ လေးခွ၊ အုတ်ခဲကျိုး၊ ကျောက်ခဲတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပစ်ပေါက်ဆဲဆို ရန်ပြုတဲ့အပြင် ခရိုင်အုပ်ချုပ်ရေးမှူးရုံးခြံဝင်းတံခါးကို ရိုက်ချိုးဖျက်ဆီးပြီး ခရိုင်ရုံးဝင်းထဲသို့ ဝင်ရောက်လာခဲ့တယ်လို့ အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လူစုလူဝေးထဲက လူတချို့ကနေ ခရိုင်ရုံး နိုင်ငံတော်အလံတိုင်မှာ အသင့်ပါလာတဲ့ ရခိုင်ပြည်နယ်အလံကို လွှင့်ထူခဲ့တဲ့အပြင် ခရိုင်အုပ်ချုပ်ရေးမှူးရုံးထဲကို ဝင်ရောက်ပြီး ကုလားထိုင်များ၊ မီးချောင်းများ၊ မော်တော်ယာဉ် လေးစီးနဲ့ မော်တော်ဆိုင်ကယ် ငါးစီးကို ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီလိုအခြေအနေကို လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေက တုတ်၊ ဒိုင်းတွေနဲ့ လူစုခွဲခဲ့ပေမယ့် ဆက်လက်အကြမ်းဖက်မှုတွေ ပြုလုပ်လာတာကြောင့် ခရိုင်စီမံခန့်ခွဲရေးအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ ဘီအေ-၆၃ မောင်းပြန်ရိုင်ဖယ်နဲ့ အချက် ၂၀၊ ၁၂ ဗို့ပြောင်းချောသေနတ်နဲ့ အချက် ၄၀ လောက် မိုးပေါ်ထောင်ပြီး သတိပေး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

လူစုလူဝေးထဲမှ တချို့က လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေ ကိုင်ဆောင်ထားတဲ့ လက်နက်ကို လုယူဖို့ ကြိုးစားလာတာကြောင့် တာဝန်ရှိသူတွေကနေ ကျည်စစ်၊ ကျည်မှန်နဲ့ ပစ်ခတ်ရမယ်လို့ အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် ပိုမိုဆိုးရွားလာတဲ့အတွက် လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက လူစုလူဝေးအတွင်း တီ-၅၆၊ ဘီအေ-၉၄ သေနတ်နဲ့ ၁၀ ချက်လောက် ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။ ခရိုင်ရုံးထဲကို ဝင်ရောက်လာတဲ့ လူစုလူဝေးက ၄၀၀၀ လောက်ရှိပြီး ရဲတပ်ဖွဲ့ဝင်အင်အားက ၃၀ လောက်သာ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဦးဆောင်လှုပ်ရှားသူတွေနဲ့ ပါဝင်ပတ်သက်သူတွေကို ဆက်လက် ဖော်ထုတ်ပြီး ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ပြီး အရပ်သား သေဆုံးသူမှုနဲ့ ပတ်သက်လို့ သက်ဆိုင်ရာရဲစခန်းမှာ သေမှုသေခင်း ဖွင့်ထားကာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဆောင်ရွက်ချက်တွေကိုလည်း လုပ်ထုံလုပ်နည်းနဲ့ ညီညွှတ်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၁၅ ရက်က ကျင်းပခဲ့တဲ့ ရသေ့တောင် ဟောပြောပွဲနဲ့ ပတ်သက်လို့ စာရေးဆရာ ဝေဟင်အောင်ကို ဥပဒေနဲ့အညီ အမှုဖွင့်ဆောင်ရွက်ထားပြီး ဒေါက်တာအေးမောင်ကို ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ရဲလုပ်ထုံးလုပ်နည်းနဲ့ ညီ၊ မညီ

မြောက်ဦးမြို့နယ်မှာ ဇန်နဝါရီ ၁၆ ရက်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း ပစ်ခတ်နှိမ်နင်းမှုကြောင့် လူ ခုနစ်ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့တာကြောင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေရဲ့ အဓိကရုဏ်းနှိမ်နင်းမှုအပေါ် ဝေဖန်မှုတွေ ရှိလာပါတယ်။

မြောက်ဦးပဋိပက္ခဖြစ်စဉ်အတွင်း နိုင်ငံတကာ Standard အရ အသိအမှတ်ပြုထားတဲ့ ရော်ဘာကျည်နဲ့ ပစ်တဲ့သေနတ်ကို အသုံးပြုခဲ့တယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ဆိုပါတယ်။

“မနေ့ကဖြစ်စဉ်က လူအုပ်စုနဲ့ အဲဒီမှာ ဒီမြောက်ဦးမြို့ နန်းတော်ရာကုန်းမှာ စုဝေးပြီးတော့ ဟောပြောပွဲ ပုံစံမျိုးလုပ်ဖို့ လူ ၁၅၀၀၊ ၂၀၀၀ လောက်စုပါတယ်။ စုပြီးတော့ အဲဒီမှာ နိုင်ငံတော်အစိုးရကို ဆန့်ကျင်တဲ့ စကားတွေ၊ အကြည်ညိုပျက်စေမယ့် စကားတွေ ပြောတဲ့အတွက် ဒီဘက်က ခွင့်မပြုဘူး။ ခွင့်မပြုတဲ့ အပေါ်မှာ မကျေနပ်ဘဲနဲ့ ဆင်းလာပြီးတော့မှ ခရိုင်အုပ်ချုပ်ရေးမှူးရုံး၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို ဝိုင်းပြီးတော့မှ ရန်ပြုပါတယ်။ အဲဒီအတွက် ပစ်ခတ်ဖြိုခွဲလိုက်ရပါတယ်။ အဓိကရုဏ်းနှိမ်နင်းရေး သေနတ်လို့ ခေါ်ပါတယ်။ နိုင်ငံတကာ Standard အရ အသိအမှတ်ပြုထားတဲ့ ရော်ဘာကျည်နဲ့ ပစ်တဲ့သေနတ်ကို အသုံးပြုပါတယ်” လို့ ရဲမှူးကြီး အောင်မြတ်မိုးက ပြောကြားပါတယ်။

ရဲမှူးကြီး အောင်မြတ်မိုးရဲ့ ပြောကြားချက်အရ ရော်ဘာကျည်နဲ့ ပစ်တဲ့သေနတ်ကို အသုံးပြုတယ်ဆိုပေမယ့် အဓိကရုဏ်းနှိမ်နင်းမှုမှာ လူခုနစ်ဦးအထိ သေဆုံးသူ မြင့်မားခဲ့ခြင်းအတွက် ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ် ဖြေရှင်းမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။

သေဆုံးသူတွေရဲ့ ဒဏ်ရာကို စုံစမ်းကြည့်ရာမှာ ကျည်အစစ်နဲ့ပစ်တဲ့ ဒဏ်ရာတွေဖြစ်ပြီး ရော်ဘာကျည်နဲ့ ပစ်တာမဟုတ်ဘူးလို့ ၈၈ မျိုးဆက်သစ် လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ ဦးခိုင်ဆန်းအောင်က ပြောပါတယ်။

“သူတို့ဆီမှာရတဲ့ ဒဏ်ရာတွေကို ကျွန်တော်တို့ စုံစမ်းကြည့်တော့ ကျည်အစစ်နဲ့ ပစ်တဲ့ဒဏ်ရာတွေလို့ သိရတယ်။ ရော်ဘာကျည်နဲ့ပစ်တာ မဟုတ်ပါဘူး။ စိုးရိမ်ရမယ့် အနေအထားမှာ ရှိနေတဲ့သူတွေလည်း ရှိနေပါတယ်။ အစိုးရကို ပြောချင်တာက ဒီဖြစ်စဉ်ကို သေချာစုံစမ်း စစ်ဆေးပေးစေချင်ပါတယ်။ ပြည်သူလူထုသိအောင် ချပြစေချင်ပါတယ်” လို့ ဦးခိုင်ဆန်းအောင်က ဆိုပါတယ်။

“သူတို့လက်ထဲမှာတော့ တုတ်ဓားတွေ မပါဘူး။ လူစုတာနဲ့ ပွဲမလုပ်ရကောင်းလားဆိုပြီး ဒေါကန်ပြီးသွားကြတဲ့သဘော ဖြစ်တယ်။ ဆိုတော့ လမ်းပေါ်မှာတွေ့တဲ့ ခဲကိုကောက်ပြီးတော့ ခရိုင်ရုံးကို ပေါက်ကြတယ်။ ကားတွေကို ရိုက်ကြတယ်။ အဲဒီလောက်အဆင့်ပဲ ရှိပါတယ်။ အဲဒီအဆင့်လောက်ကို လုံခြုံရေးတပ်ဖွဲ့ကတော့ပေါ့နော်။ လူထုကို ထိန်းတဲ့အနေနဲ့ သေနတ်ကို မိုးပေါ်ထောင်ပစ်လို့ရပါတယ်။ ရော်ဘာကျည်ကို အသုံးပြုလို့ရပါတယ်။ သို့မဟုတ် မျက်ရည်ယိုဗုံးခွဲပြီးတော့ လူစုခွဲလို့ ရပါတယ်။ အခုဟာက ကျည်ဆန် အစစ်ပါတဲ့ တည့်တည့်ပစ်တယ်။ ဒါဟာမဖြစ်သင့်ဘူးလို့ မြင်တယ်” လို့ မြောက်ဦးမြို့နယ် ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ဆိုပါတယ်။

အရင်အစိုးရ လက်ထက်ကတည်းက အဓိကရုဏ်းနှိမ်နင်းတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ဥရောပသမဂ္ဂ (EU) ကနေ သင်တန်းပေးမှုတွေ ရှိပါတယ်။ ဒီလို အဓိကရုဏ်း နှိမ်နင်းရာမှာ အဆင့်နှစ်ဆင့်ရှိပြီး ပထမအဆင့်က အာဏာပိုင်တွေအနေနဲ့ ညှိနှိုင်းခြင်းနဲ့ ညှိနှိုင်းလို့မရပါက ဒုတိယအဆင့်အနေနဲ့ တားဆီးမှုတွေကို ပြုလုပ်ရတာဖြစ်တယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ အငြိမ်းစား ရဲမှူးတစ်ဦးက ဆိုပါတယ်။

“အီးယူသင်တန်းက အရင်လို မဟုတ်တော့ဘူး။ ညှိနှိုင်းတာတို့၊ ဖျန်ဖြေတာတို့ အရင်စရတယ်။ သူတို့နဲ့ သက်ဆိုင်ရာ သက်ဆိုင်ရာတွေပေါ့။ ဥပမာ- ဘုန်းကြီးနဲ့ဖြစ်ရင် ဘုန်းကြီးထဲက အကြီးအကဲတစ်ပါးနဲ့ တွေ့ပြီး ညှိနှိုင်းရတယ်။ ကျောင်းသားကိစ္စဆိုရင် ကျောင်းအုပ်၊ ပါမောက္ခတို့နဲ့ တွေ့ရတယ်။ ရပ်ကွက်ထဲမှာ ဖြစ်ရင်တော့ သက်ဆိုင်တဲ့ရပ်ကွက်လူကြီးနဲ့ ရှင်းရတာပေါ့။ သူတို့နဲ့ အဆင်ပြေမယ့်သူနဲ့ သူတို့ရင်ထဲက ဖြစ်နေတဲ့ဟာကို အရင်ထိတွေ့ပေးတဲ့သဘောပဲ။ အဲဒါတွေပြီးမှ တစ်ဆင့်ချင်းသွားတာပါ။ ဝုန်းဒိုင်းသွားတဲ့ ပုံစံမဟုတ်ပါဘူး။ အရှိန်သေအောင် လုပ်ရပါတယ်။ ဥပဒေတွေကို ချပြရတယ်။ ဘယ်လိုလုပ်လို့ရတယ်ဆိုတဲ့ အဆင့်တွေကို သူတို့သိအောင်ပြောပြရတယ်။ တချို့က မသိဘူး။ မသိတော့ လမ်းကြောင်းတွေ ဘယ်လိုရှိလဲ သူတို့က မသိဘူး။ အဲဒီလို ရှင်းပြတာမှ မရဘဲတိုးလာရင် ဥပဒေကို ချိုးဖောက်တာပေါ့။ အဲဒီလိုမှ မဟုတ်ဘဲ သူတို့ဘက်က လုပ်ကိုလုပ်မယ်ဆိုပြီး ဆက်တိုးလာရင် ဥပဒေကို ချိုးဖောက်သွားပြီ။ အဲဒီလိုအချိန်ကျရင် သက်ဆိုင်ရာဘက်ကလည်း ဥပဒေအရ တားဆီးတာတွေ၊ ဟန့်တားတာတွေ လုပ်ရတော့မှာ။ လုံခြုံရေးနယ်မြေမှာတော့ မရဘူး။ လက်နက်ပါလာမယ် သို့မဟုတ် အကြမ်းဖက်လာမယ်ဆိုရင် on the spot လုပ်ရတော့မယ်။ တခြားနေရာဆိုရင်တော့ တစ်မျိုးပေါ့။ ရဲစခန်းတို့ ဘာတို့က လုံခြုံရေး ကန့်သတ်နယ်မြေတွေဖြစ်တယ်။ ကန့်သတ်နယ်မြေထဲကို ဝင်လာမယ်ဆို မရတော့ဘူး။ တစ်ဖက်ကလည်း မလုပ်နဲ့ဆိုတာကို လုပ်တာမျိုးဆိုရင် တစ်ခုခု ဖြစ်သွားနိုင်တာပေါ့။ အကောင်းဘက်နဲ့ ဝင်တာမဟုတ်ဘဲ အဆိုးဘက်နဲ့ဝင်တာ ဆိုရင်တော့ ဖျန်ဖြေလို့မရတော့ဘူး။ ရဲစခန်းမပြောနဲ့ ရဲကင်းထဲ ဝင်လာတောင်မရပါဘူး။ ဟန့်တားတာကိုမှ ဝင်လာရင် လုပ်သင့်တာကို လုပ်ရမှာပါ” လို့ ၎င်းက ပြောပါတယ်။

ဥရောပသမဂ္ဂ (EU) က လေ့ကျင့်သင်ကြားမှုတွေ ပြုလုပ်ခဲ့ပေမယ့် တကယ်ဖြစ်လာတဲ့အခါမှာ ရဲတပ်ဖွဲ့က စနစ်တကျ အသုံးမပြုတာကြောင့် ဒီလိုအဖြစ်အပျက်မျိုးတွေ ဖြစ်နေရတာလို့ Equality Myanmar မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ထောက်ပြပြောဆိုပါတယ်။

“အဓိကကတော့ အဓိကရုဏ်း နှိမ်နင်းရေးအပိုင်းမှာ အားနည်းချက် ပြဿနာရှိတယ်လို့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူစုလူဝေးနဲ့ ဖြစ်လာပြီဆိုရင် ဘယ်လိုဖြိုခွင်းရမလဲဆိုတာက အဆင့်ဆင့်ရှိတယ်။ ဥပမာဖြစ်ဖြစ်ချင်း ဘယ်လိုမျိုး သေနတ်နဲ့ အချက်ပေးရမလဲ၊ ဘယ်လိုခြောက်လှန့်ရမလဲ၊ မဖြစ်မနေ ပစ်မယ်ဆိုရင်တောင် အန္တရာယ်မဖြစ်အောင် ဘယ်လိုနေရာကို ပစ်ရမလဲဆိုတာတွေ ရဲတပ်ဖွဲ့တွေကို ပို့ချထားတာတွေ ရှိပါတယ်။ အထူးသဖြင့် EU ကနေ လေ့ကျင့်သင်ကြားပေးထားတာတွေ ရှိပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲလေ့ကျင့် သင်ကြားပေးထားပေမယ့် တကယ်တမ်းဖြစ်လာတဲ့ စနစ်တကျ အသုံးမပြုတဲ့အတွက် ဒီလိုတွေဖြစ်လာတာပါ။ အဲဒါတွေကြောင့် ဖြစ်လာနိုင်တာပေါ့။ အဲဒါကြောင့် အဓိက အဓိကရုဏ်း ဖြေရှင်းမှုအပိုင်းကို ထောက်ပြချင်ပါတယ်” လို့ ဦးအောင်မျိုးမင်းက ဆိုပါတယ်။

ဒီလို ပစ်ခတ်မှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ကိုအောင်ဇော်မိုးက “ပွဲမလုပ်ရတဲ့အတွက် ကျွန်တော်တို့က ရဲစခန်းကို သွားမေးတယ်။ ခရိုင်ရဲစခန်းက ငါတို့နဲ့မဆိုင် ခရိုင်အုပ်ချုပ်ရေးနဲ့သာ ဆိုင်တယ်လို့ပြောတယ်။ အဲဒီမှာ ခရိုင်အုပ်ချုပ်ရေးရုံးရှေ့ကို ရောက်သွားတော့ လူတွေကလည်း ပိုများလာတယ်။ ဆန္ဒထုတ်ဖော်တယ်။ အစပိုင်းတော့ မိုးပေါ်ထောင်ပစ်တယ်။ ခဏနေရင် ဒဲ့ပစ်တော့တာပါပဲ” လို့ ဆိုပါတယ်။

လူစုလူဝေးကို ပစ်ခတ်တဲ့အတွက် ပြင်းထန်တဲ့ သဘောမျိုးဖြစ်သွားတယ်လို့ တရားလွှတ်တော်ရှေ့နေဦးဌေးက မှတ်ချက်ပြုပါတယ်။

ဒေါက်တာအေးမောင်ကို ဖမ်းဆီး

အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို ဇန်နဝါရီ ၁၈ ရက်မှာ စစ်တွေမြို့က သူရဲ့နေအိမ်မှာ ရဲတပ်ဖွဲ့ဝင်တွေက လာရောက် ဖမ်းဆီးခဲ့ပြီး စစ်တွေအကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။

ရသေ့တောင်မြို့နယ် ဟောပြောပွဲမှာ ဟောပြောချက်တွေနဲ့ ပတ်သက်လို့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်ကို ဇန်နဝါရီ ၁၆ ရက်က ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၄/၂၀၁၈)ကနေ သူတို့နှစ်ဦးကို နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု ရာဇသတ်ကြီးပုဒ်မ ၁၂၁ (ခ) (ဂ)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) (ဂ)၊ မတရားအသင်းအက်ဥပဒေပုဒ်မ (၁၇) (၁) (၂) တို့ ဖြင့် အမှုဖွင့်တရားစွဲဆိုသွားဖို့ ဆုံးဖြတ်ခဲ့ပြီး ရသေ့တောင် ရဲစခန်းက ဇန်နဝါရီ ၁၆ ရက်မှာ မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့်ထားတယ်လို့ အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီအပေါ်မှာ ဒေါက်တာအေးမောင်က ဟောပြောခဲ့တာတွေနဲ့ ပတ်သက်လို့ အဲဒီပုဒ်မတွေက စပ်အပ်မယ်မထင်ဘူးလို့ သူ့ကို မဖမ်းဆီးခင်အချိန်မှာ DVB သတင်းဌာနကို ဖြေကြားသွားပါတယ်။

ဒေါက်တာအေးမောင်ဟာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်တဲ့အတွက် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖော်ပြချက်အရ ပြည်သူ့လွှတ်တော်အစည်းအဝေး တက်ရောက်နေတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကို ဖမ်းဆီးဖို့ လိုအပ်ပါက ခိုင်လုံသော အထောက်အထားကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြရမှာဖြစ်ပြီး ဥက္ကဋ္ဌရဲ့ ကြိုတင်ခွင့်ပြုချက်မရရှိဘဲ ဖမ်းဆီးခြင်းမပြုရလို့ ပြဋ္ဌာန်းထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို ဖမ်းဆီးဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ဆီကနေ ခွင့်ပြုချက် ရရှိထားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားထားပါတယ်။

ဒေါက်တာအေးမောင်ဟာ ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာတော့ ပါတီဥက္ကဋ္ဌတာဝန်ကနေ နုတ်ထွက်စာတင်ထားသူ ဖြစ်ပါတယ်။

သေဆုံးသူတွေအတွက် အသုဘ အခမ်းအနား

ရခိုင်ပြည်နယ် မြောက်ဦးမြို့ အဓိကရုဏ်းမှာ သေနတ်နဲ့ ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားတဲ့ ခုနစ်ဦးကို ဇန်နဝါရီ ၁၈ ရက်က မြောက်ဦးမြို့ သုသာန်မှာ ဂူသွင်းသြင်္ဂိုဟ်ခဲ့ပြီး လိုက်ပါပို့ဆောင်သူ ထောင်နဲ့ချီ ရှိခဲ့ပါတယ်။

ဒီအသုဘအခမ်းအနားမှာ ဒေသခံတွေနဲ့ သေဆုံးသူ မိသားစုဝင်တွေရဲ့ ပြောကြားချက်တွေအရ သေဆုံးသူတွေထဲမှာ သေနတ်ထိမှန်ခြင်းမဟုတ်ဘဲ ရိုက်နှက်ခံရမှုကြောင့် သေဆုံးခဲ့တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

သေဆုံးသူတစ်ဦးရဲ့ အစ်ကိုဖြစ်သူ ကိုလုံးလုံးက သေဆုံးသူတစ်ဦးရဲ့ ခန္ဓာကိုယ်ပေါ်မှာ ထိုးကြိတ်ထားသလိုမျိုး ယူဆရတဲ့ ဒဏ်ရာတွေကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

“ဟောပြောပွဲ ပျက်သွားတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်။ အဲဒီကတစ်ဆင့် ရဲစခန်းရှေ့ကို ရောက်သွားတယ်။ တုတ်မပါ၊ ဓားမပါ သွားခဲ့ကြတာပါ။ အဲဒီကတစ်ဆင့် ခရိုင်ထွေအုပ်ရုံးကို သွားခဲ့တယ်။ ပထမ မိုးပေါ်ထောင်ပစ်ပြီးနောက် ဆက်တိုက်ပစ်ခတ်ခဲ့တယ်။ လဲကျနေတဲ့ လူတွေကိုလည်း ကောက်ခွင့်မပေးခဲ့ဘူး။ နာရေးကားကိုခေါ်ပြီး အလောင်းကို သွားတောင်းတော့လည်း မရခဲ့ဘူး။ အဲဒီတုန်းက ကလေးတွေ မသေသေးဘူးလို့ တွေ့ခဲ့ရပါတယ်” လို့ ဒေါ်တင်ရွှေက ပြောပါတယ်။

သေဆုံးသူတစ်ဦးရဲ့ အဒေါ်ဖြစ်သူ ဒေါ်အေးသိန်းကြည်က “ဆန္ဒထုတ်ဖော်တာကို ဟန့်တားခြင်းမရှိဘဲ သေနတ်နဲ့သေအောင်အထိ ပစ်လိုက်တဲ့အတွက် ကျွန်မရဲ့ အစ်မသားတစ်ယောက်လည်း သေသွားတယ်။ နောက်ထပ်ကလေးတွေလည်း ထိတယ်။ သူတို့ဘယ်လောက် ရက်စက်လဲဆိုရင် ခဏလေးမှာ သုံးလေးယောက် ကျသွားတယ်။ ကျွန်မ တူလေး သေနေတာကိုတောင် ကိုင်လို့မကြည့်ဘဲ တက်နင်းသွားတယ်။ ကျွန်မတို့ ဘယ်လိုခံစားရမလဲဆိုတာ ကြည့်ပါ။ ကလေးတွေဟာ ရန်ရှာဖို့သွားတာလည်း မဟုတ်ဘူး။ ကျွန်မကိုယ်တိုင် မြင်တွေ့ခဲ့ရတာပါ” လို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၆ ရက် မြောက်ဦးပဋိပက္ခဖြစ်စဉ်အပြီး နောက်တစ်နေ့မှာ အစိုးရကနေ ထုတ်ပြန်ခဲ့တဲ့ ကနဦး ထုတ်ပြန်ချက်ထဲမှာ လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၂၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် ဆေးရုံမှာ ကုသနေတဲ့ ရဲတစ်ယောက်ကိုမှ မတွေ့ရဘူးလို့ ဒေသခံတွေကဆိုတဲ့အတွက် ကွဲလွဲမှုတွေ ရှိနေပါတယ်။

“ရဲက ဒဏ်ရာရတယ်ဆိုတဲ့ သတင်းဟာလည်း မဟုတ်ပါဘူး။ ဆေးရုံမှာ ဆေးကုသနေတဲ့ ရဲတစ်ယောက်မှ မတွေ့ရဘူး” လို့ ဒေါ်တင်ရွှေက ဆိုပါတယ်။

ဒီကိစ္စအပေါ်မှာ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက “အဲဒီဖြစ်စဉ်မှာလည်း ရဲတပ်ဖွဲ့ဝင်တွေကလည်း အယောက် ၂၀ ခန့် ခရိုင်ရဲတပ်ဖွဲ့မှူး အပါအဝင် ဒဏ်ရာရတာ ရှိပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အဓိကရုဏ်းနှိမ်နင်းတဲ့ နည်းလမ်းအတိုင်း အဆင့်ဆင့် ဆောင်ရွက်သွားသလဲဆိုတာကို စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ စစ်နေပါတယ်။ စစ်ဆေးပေါ်ပေါက်ချက်အရ တရားနည်းလမ်းတကျ ဆောင်ရွက်ခဲ့သလား၊ ဥပဒေမဲ့ ဆောင်ရွက်ခဲ့သလား။ ဒီအပေါ်မှာ မူတည်ပြီးတော့ ဆောင်ရွက်သွားဖို့ ရှိပါတယ်” လို့ ပြောကြားပါတယ်။

မြောက်ဦးပဋိပက္ခဖြစ်စဉ်မှာ လူခုနစ်ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့တာနဲ့ ပတ်သက်လို့ ရခိုင်တိုင်းရင်းသားတွေကြားမှာ ‘မြောက်ဦးလူသတ်ပွဲ’ ဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားမှုတွေလည်း ရှိနေပါတယ်။

ဒီဖြစ်စဉ်ကိုကြည့်ပါက မြောက်ဦးမြို့ရဲ့ နန်းတော်ရာကုန်းမှာ ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးမှု ၂၃၃ နှစ်မြောက် အထိမ်းအမှတ် စာပေဟောပြောပွဲကို တားမြစ်ရာကနေ ဖြစ်လာတာကို တွေ့ရမှာပါ။ ၂၀၁၄ ခုနှစ်နောက်ပိုင်း နှစ်စဉ်ကျင်းပခဲ့တာ ဖြစ်ပေမယ့် ဒီနှစ်ကျမှ ဘာကြောင့် ပိတ်ပင်ရတယ်ဆိုတာကို ရခိုင်တိုင်းရင်းသားတွေက မေးခွန်းထုတ်နေကြပါတယ်။ ဒါ့အပြင် ဒီအခမ်းအနားကို တခြားမြို့နယ်တွေမှာ ကျင်းပခဲ့ပေမယ့် မြောက်ဦးမြို့ကျမှ တားမြစ်ခံရမှုကလည်း စဉ်းစားစရာ ဖြစ်လာပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ဒေါက်တာအေးမောင်က သူဖမ်းဆီးမခံရမီအချိန်မှာ အခုလို ရှင်းပြခဲ့ပါတယ်။

“မြောက်ဦးဘက်က ကျွန်တော့်ကို ဖုန်းဆက်တယ်။ ပွဲစီစဉ်ကျင်းပမယ့် ပုဂ္ဂိုလ်တွေဘက်ကနေပေါ့။ ပွဲနဲ့ပတ်သက်လို့ သူတို့ခွင့်ပြုမိန့်ကို တင်ထားတယ်။ လုပ်ရိုးလုပ်စဉ်အတိုင်း ရှေးဟောင်းသုတေသနဌာနကို တင်ထားတယ်။ သူတို့ကလည်း ခွင်ပြုတယ်ဆိုတာမျိုးပေါ့ဗျာ။ သို့သော်လည်း အနီးကပ်ပြီးခါမှ ၁ နာရီ ၂ နာရီ (မွန်းလွဲ) ဝန်းကျင်လောက်မှာပဲ မြို့နယ်အာဏာပိုင်တွေက ငြိမ်း၊ စု၊ စီနဲ့တင်ဖို့ ပြောတယ်။ အဲဒီအတွက် ငြိမ်း၊ စု၊ စီဥပဒေအရ တင်နိုင်ဖို့အတွက် မြို့နယ်ရဲတပ်ဖွဲ့မှာ ရောက်နေတယ်။ အဲဒါကြောင့် ဆရာ့ရဲ့ အဖေနာမည်ရယ် အမေနာမည်ရယ် မှတ်ပုံတင်နံပါတ်ရယ် ကျွန်တော်တို့ကိုပေးပါလို့ တောင်းနေကြတယ်။ ...။ ဆိုလိုတာက ပွဲလမ်းသဘင်နဲ့ ပတ်သက်ရင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှာ လုပ်ပိုင်ခွင့်ရှိတယ်။ ဒါကြောင့် သူတို့က ကြိုလျှောက်တယ်။ ကျွန်တော် မှတ်မိသလောက် ဇန်နဝါရီ ၁၃ ရက်နေ့ ထင်တယ်။ အဲဒီရက်စွဲနဲ့ပွဲကျင်းပခွင့် ပါမစ်ကိုပေးတယ်။ ဒါထွေအုပ်ရဲ့ဟာနော်။ သို့သော်လည်း ညနေပိုင်းမှာ ငြိမ်းစုစီနဲ့ တင်ပါဆိုတဲ့အခါမှာ ၄၈ နာရီ ကြိုတင်ရတာဆိုမို့လို့ မြို့နယ်ရဲတပ်ဖွဲ့က ခွင့်မပြုဘူး။ ပါမစ်က တစ်ခုတော့ရှိတယ်။ ငြိမ်း၊ စု၊ စီနဲ့ ခွင့်မပြုဘူးဆိုတော့ ကျွန်တော်တို့က ဟောပြောလို့မရတော့ဘူး” လို့ သူက ရှင်းပြပါတယ်။

ဒီလို ဟောပြောပွဲ တားမြစ်မှုအပေါ် မကျေနပ်မှုကြောင့် ဒေသခံပြည်သူတွေက ဆန္ဒပြရာကနေ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အဓိကရုဏ်းပုံစံဖြစ်ခဲ့ပြီး သေနတ်နဲ့ ပစ်ခတ်ရာမှာ ဆယ်ကျော်သက်အရွယ် လူငယ်လူရွယ်တွေ အပါအဝင် ခုနစ်ဦး သေဆုံးခဲ့တာဟာ စိတ်မကောင်းစရာပါ။

မြောက်ဦးအဓိကရုဏ်းမှာ ဒေသခံ ပြည်သူခုနစ်ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိတာနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ နှိမ်နင်းမှုဟာ လုပ်ထုံးလုပ်နည်းနဲ့ ညီညွတ်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးမှု စတင်နေပြီလို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ဆိုပါတယ်။

နေပြည်တော်မှာ ဇန်နဝါရီ ၁၇ ရက်က ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြောက်ဦးမြို့နယ်တွင် ဖြစ်ပွားခဲ့သော လူစုလူဝေးဖြင့် အကြမ်းဖက်မှုကြောင့် ရခိုင်တိုင်းရင်းသားများ သေဆုံးမှု၊ ဒဏ်ရာရရှိမှုများနှင့်အတူ ရဲတပ်ဖွဲ့ဝင်များ ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ခြင်းအတွက် ဝမ်းနည်းမိပါကြောင်း၊ ဖြစ်စဉ်၊ ဖြစ်ရပ်အမှန်ကို အမြန်ဆုံး စစ်ဆေးဖော်ထုတ်ပြီး ဥပဒေချိုးဖောက်သူများကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားရန် ဖြစ်ကြောင်းနှင့် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထား ဆောင်ရွက်ရန်ဖြစ်ကြောင်းကို အဖွင့်အမှာ စကားပြောကြားရာမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ အရေးအခင်းတွေ၊ ပဋိပက္ခ ဖြစ်စဉ်တွေနဲ့ ဆန္ဒပြပွဲတွေဖြစ်တဲ့ ၉၆ အောက်တိုဘာ အရေးအခင်း၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးနဲ့ ဒီမိုကရေစီစနစ်ကို စတင်ကူးပြောင်းခဲ့တဲ့ သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်မှာလည်း မအူပင် မလက်တိုပဋိပက္ခ၊ လက်ပံတောင်းတောင် ပဋိပက္ခနဲ့ လက်ပံတန်းကျောင်းသားသပိတ်တွေကို အာဏာပိုင်တွေက ဖြေရှင်းရာမှာ မြောက်ဦး အဓိကရုဏ်းဖြစ်စဉ်လောက် လူအသေအပျောက်မများနိုင်ဘူးလို့ ပြောဆိုဝေဖန်မှုတွေ ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် နိုင်ငံရေးအရ အကဲဆတ်နေတဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ဇန်နဝါရီ ၁၆ ရက် ည ၇ နာရီ်ကနေ ၁၀ နာရီကျော်အထိ နာရီပိုင်းအတွင်း ဆန္ဒပြမှုမှာ လူခုနစ်ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရစေခဲ့တဲ့အထိ အာဏာပိုင်တွေရဲ့ ဖြေရှင်းမှုကြောင့် မြောက်ဦးမြို့ရဲ့ သွေးမြေကျမှုကတော့ ဆိုးရွားလှတဲ့ မှတ်တမ်းအဖြစ်နဲ့ သမိုင်းမှာ ထင်ကျန်ခဲ့ပြီဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ဒေါက်တာအေးမောင်က “နန်းရာကုန်း အဝန်းအဝိုင်းမှာ ဖြစ်လာမယ့် လူဦးရေ ထူထပ်မှုနဲ့ အခုလိုဖျက်လိုက်တယ်ဆိုရင် ဖြစ်လာမယ့် အကျိုးသက်ရောက်မှုနဲ့ အေးအေးဆေးဆေး ကျင်းပခွင့်ပေးလိုက်ရင် ဖြစ်လာမယ့် အကျိုးသက်ရောက်မှုနဲ့ ယှဉ်ပြရမှာပေါ့။ အစိုးရတစ်ရပ်အနေနဲ့။ တာဝန်ရှိတဲ့ပုဂ္ဂိုလ်က။ တကယ်တော့ ခုနကပြောသလို ဖျက်ကိုဖျက်ရမယ်။ အဲဒါမျိုးသူတို့ဘက်က ဆုံးဖြတ်ရင် အထိအခိုက်အနည်းဆုံးနဲ့ ဘယ်လိုဒီပြဿနာကိုဖြေရှင်းမှာလဲ။ ရဲတပ်ဖွဲ့ရဲ့ လုပ်ရိုးလုပ်စဉ် ဒီလိုဖြစ်ရင် ဘယ်လိုထုံးတမ်း အစဉ်အလာရှိသလဲ။ ဒိုင်းတို့၊ ရော်ဘာတုတ်တို့၊ မျက်ရည်ယိုဗုံးတို့ရှိတာပဲ။ ပုဒ်မ ၁၄၄ ထုတ်တာတို့၊ ဝမ်နင်ပေးတာတို့၊ ကြေညာတာတို့၊ ရော်ဘာကျည်သုံးတို့ လုပ်ရမှာပေါ့ဗျ။ လိုအပ်ရင် မီးသတ်တို့ဘာတို့၊ ပတ်ဝန်းကျင်ကို မီးတွေလင်းအောင်လုပ်မှာတို့ လုပ်ရမှပေါ့ဗျ။ အချိန်တိုအတွင်း လုပ်လို့ရပါတယ် ဒီခေတ်က။ ဘာမှပြင်ဆင်တာတို့ ဘာတို့မရှိဘဲနဲ့ ဒီလိုမျိုးဖြစ်လာနိုင်တာကို ကြိုသိပါလျက်နဲ့။ ဒီလိုမျိုး လုပ်လိုက်တာဟာ ချဉ်းကပ်ပုံမှားတယ်။ ဒီလိုမျိုးလုပ်လိုက်တာဟာ ပြည်နယ်အစိုးရတစ်ရပ်အနေနဲ့ တော်တော်လေး စဉ်းစားဆင်ခြင်မှု နည်းတယ်လို့ ကျွန်တော်ကတော့ စွဲချက်တင်တယ်ဗျ။ အဲဒီလုပ်ရပ်ဟာ ပြည်ထောင်စုအစိုးရကို သွားထိခိုက်မှာပေါ့” လို့ သူအဖမ်းမခံရမီ အချိန်တုန်းက ဆက်သွယ်မေးမြန်းရာမှာ ပြန်လည် ဖြေကြားခဲ့ပါတယ်။

Most Read

Most Recent